Kyaw Soe Win
# စဉ်းစား ဆင်ခြင်ခြင်း နဲ့ ရွေးခြယ်ခြင်း
အမှတ်တမဲ့ ဖြစ်နေကြလို့သာပါ။ စဉ်းစားဆင်ခြင်တဲ့ အလုပ်ကို လူတိုင်း နေ့တိုင်းလုပ်နေကြပါတယ်
ကမ္ဘာပေါ်မှာ အစဉ်းစားတတ်ဆုံး ၊ အဆင်ခြင်တတ်ဆုံးက လူသားပါ။ ကမ္ဘာမှာလူတွေပဲ ဆင်ခြင်စဉ်းစားတတ်တယ်လို့ ကျွန်တော် မပြောပါ။ တိရစ္ဆာန်လည်း အနည်းအကျဉ်း ဆင်ခြင်တတ် ၊ ရွေးချယ်တတ်တဲ့ သာဘာဝ ရှိလို့ပါ။ လူကတော့ အထူးပြောဖို့မလို နေ့စဉ် ရွေး ချယ်မှု အလုပ် ၊ စဉ်းစားဆင်ခြင်မှုအလုပ်ကို မပြတ်လုပ်နေတဲ့သူပါ။
အခုပြောခဲ့တဲ့ စဉ်းစားပြီး ရွေးချယ်တဲ့ အလုပ်ကို လူ က ဘယ်လိုလုပ်ပါသလဲ။ ကောင်း မကောင်း သိမှုပေါ် အခြေပြုပြီးလုပ်ပါတယ်။ မိမိကြိုက်မကြိုက် အပေါ် အခြေခံပြီးလည်းလုပ်ပါတယိ။ ကောင်းတယ် မကောင်းဘူး ၊ ကြိုက်တယ် မကြိုက်ဘူး ကိစ္စကရော ဘယ်အချက်ပေါ်မှာ အခြေခံပါသလဲ။ ကိုယ့်အတွေ့အကြုံ နဲ့ သတင်းစကားအပေါ် အခြေခံပါတယ်။
နံနက် လက်ဘက်ရည်ကို သုံးပန်လှ သို့မဟုတ် မောနင်းစတား သို့မဟုတ် ရွှေပလ္လင် သို့မဟုတ် ရွှေကောင်းကြွယ်မှာ သွားထိုင်မယ်လို့ ဆုံးဖြတ်တာ ရွေးချယ်မှုပါပဲ။ အရင်ထိုင်ဖူးတဲ့ ကိုယ့်အတွေ့အကြုံအရ လက်ဘက်ရည် အရသာကကောင်းပြီး နံနက်စာကလည်း ကိုယ်ကြိုက်တတ်တာရှိလို့ ဆိုင်တစ်ဆိုင်ကို အထက်မှာပြောသလိုရွေးတယ်ဆိုရင် ဒါက ကိုယ်တွေ့ကို အခြေခံပြီး ရွေးတာပါ။
သူငယ်ချင်း မိတ်ဆွေဆီက သတင်း စကားအကြားနဲ့ သွားဖြစ်တာမျိုးဆိုရင်တော့ သတင်းစကားကို အခြေပြုရွေးချယ်မှုပေါ့ ။ အဲဒီလိုပဲ နေ့စဉ် ကိစ္စရပ်အသီးသီမှာ လူတွေဟာ ရွေးချယ်မှုတွေ လုပ်ကြပါတယ်။ လုပ်ငန်းခွင်တွေမှာလည်း အလားတူ အလုပ်တိုင်းဟာ ရွေးချယ်မှု လုပ်နေရတာချည်းပါ။ သတိနည်းနည်းထားလိုက်ရင် ရွေးချယ်ပြီးတဲ့အခါ လူ့ဦးနှောက်ဆီက သုံးသပ်မှုက နောက်ကနေ အလို အလျောက်လိုက်လာပါတယ်။
ဘယ်လောက်ပဲ အေးဆေးသူ ၊ လွတ်လပ်စွာနေတတ်သူ ဖြစ်ပါစေ နေ့စဉ်နေ့တိုင်း သူဟာ ရွေးချယ်မှု နဲ့ သုံးသပ်ဆင်ခြင်မှုကို ကိစ္စတိုင်းမှာ လုပ်နေပါတယ်။ ဒီလို ရွေးချယ်တာ နဲ့ သုံးသပ်ဆင်ခြင်မှုတွေဟာ ဟာ အမြဲ မှန်ကန်ကောင်းမွန်နေဖို့ကလည်း လူတိုင်းအတွက် နေ့တိုင်းလိုနေတာပါ။
စောစောက ရှေ့မှာ အလေးအနက် တစ်ခုထည့်ပြောခဲ့ပါတယ်။ သုံးသပ်မှုဟာ " ဦးနှောက် " ဆီက လာပါတယ် ဆိုတဲ့အကြောင်း။
လူ့ဦးနှောက်ဟာ အံ့ဩဖွယ် နေ့စဉ်ဖွံ့ဖြိုးပြီး လူ့ဘဝ ကို ပဲ့ကိုင်ဦးဆောင်ပါတယ်။ ဦးနှောက်ဟာ လူတစ်ယောက်ရဲ့ အတွေ့အကြုံနဲ့ အသိအမြင်တွေကို မှတ်သား ချိတ်ဆက် တုန့်ပြန် အဖြေထုတ်ပေးရာ ကွန်ပျူတာအကောင်းစားဖြစ်ပါတယိ။ သူ့ရဲ့" ချိန်ဆ " " ချိတ်ဆက်" " ဆင်ခြင်သုံးသပ် " " တုန့်ပြန်မှု" များအတွက် သူ့ဆီမှာ အချက်အလက်ကောင်း ၊ အသိအမြင်ကောင်းတွေ သိုလှောင်ပြီးသားဖြစ်ဖို့လိုပါတယ်။
လူ့ဦးနှောက် ၊ တစ်နည်းအားဖြင့် ကိုယ့်ဘဝရဲ့ပဲ့ကိုင်ကြီးက လူတစ်ယောက်အတွက် သိစရာ မြင်စရာ အချက် အလက်ကောင်းတွေကို နေ့စဉ်နေ့တိုင်း သတင်းနဲ့ သုတအဖြာဖြာဆီက စုပ်ယူသိုမှီးပေးပါတယ်။
လူတွေအချင်းချင်း ကြီးနိုင်ငယ်ညှင်းမလုပ်ကြဖို့ ၊ မျှဝေစာနာခြင်း အလေ့အထ အမူ အကျင့်တွေရှိကြဖို့ ကိုတော့ ရသ ဝတ္ထု၊ ရသရုပ်ရှင်၊ နက်ရှိုင်းသော တေး ကဗျာ၊ အနုပညာမြောက်ရသ ပန်းချီ စတာတွေဆီကနေ လူ့ဦးနှောက်များက ရယူကြရပါတယ်။
ဒါကြောင့် နေ့စဉ် လေ့လာသင်ယူခြင်းနဲ့ ခံစားသက်ဝင် မျှဝေခြင်းတွေကို ဒီနေ့ကာလမျိုးမှာ စဉ်ဆက်မပြတ် သတိရှိရှိ စွမ်းဆောင်သွားကြဖို့ အရေး ကြီးကြောင်း မေတ္တာစကား ဆိုလိုက်ပါတယ် ။
အသိဉာဏ် ပညာ ကျယ်ပြန့်ကြီးမားမှု က လူ့လောကရဲ့ အရာရာကို လွှမ်းခြုံနိုင်ပါစေ။
Keep Reading