သင်္ခါရ လောကသား
"မင်းစာမဖတ်ဘူးလား ဖုန်းဘဲသုံးနေတာလား" ဟုမေးလိုက်တိုင်း
"ဟာ မင်းကလည်း ဖုန်းထဲမှာလည်း စာဖတ်လို့ရပါတယ်ကွ" ဟုပြန်ဖြေသည့် အဖြေမျိုးကို ကြားဖူးကြလိမ့်မည် ထင်ပါသည်။ သို့သော် ဖုန်းထဲကနေကော ကိုယ့်အတွက် အထောက်အကူဖြစ်စေမဲ့ စာတွေဖတ်ကြရဲ့လား။
ရုပ်ဝတ္ထုတို့ တိုးတက်လာသည့်အတွက် ပြင်ပစာပေဖတ်ရှုမှု အားနည်းလာကြသည်။ ရုပ်ဝတ္ထတို့ကိုလည်း သင့်တော်သည့်နေရာတွင် အသုံးမချဘဲ မသင့်သော်သည့် နေရာတို့တွင် အသုံးချကြသည့် အတွက် ဒုစရိုက်တရားများ ပိုမိုပေါများလာကာ သုစရိုက်တရားတို့ နည်းပါးလာကြသည်။
မိမိတို့မှာ အသိတရား မခေါင်းပါးရန် စာများများဖတ်ရန်လိုသည်။ ယနေ့မျက်မှောက်ခေတ်တွင် လောဘမီး၊ ဒေါသမီး၊ မောဟမီးတို့ အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေကြသည်တို့မှာ စာဖတ်အားနည်းလာကြသည်ကို ထောက်ပြနေသည်။ စာများများဖတ်ပြီး ဘယ်ဟာမှန်သည်မှားသည် ကျိုးကြောင်းဆင်ခြင် ချင့်ချိန်စဥ်းစားနိုင်သည့် ဦးနှောက်မှာ မိမိတို့မိခင်ဝမ်းထဲမှ မွေးဖွား လာကတည်းက ပါလာခြင်းဖြစ်သည်။ ထိုဦးနှောက်ကို အလွယ်တကူမထိခိုက်နိုင်ရန် အမာဆုံးဖြစ်သော ဦးခေါင်းခွံက ကာရန်ပေးထားသည်။ စာအုပ်ကိုင်ပြီးစာဖတ်ရမည် ပျင်းလျှင် ရုပ်ဝတ္ထုတိုးတက်လာမှု တို့အားအသုံးချခြင်းဖြစ်သည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ များကို စိတ်ပါလက်ပါ ရှင်းပြနေသည့် ရုပ်သံဖိုင်များကို ဖန်သားပေါ်၌ ကြည့်ရှုနိုင်သည်။
ပျော်လျှင်စာဖတ်ပါ။ ဝမ်းနည်းလျှင်စာဖတ်ပါ။ စိတ်ဓာတ်ကျလျှင် စာဖတ်ပါ။ အသည်းကွဲလျှင်စာဖတ်ပါ။ ယနေ့ခေတ်တွင်မူ တိုးတက်လာသောခေတ် စနစ်ကြီးအား မှီငြမ်းရေးသားထားသော ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ သုတ၊ ရသ၊ မဂ္ဂဇင်း ဂျာနယ်တို့မှာ အုပ်ရေမြောက်မြားစွာဖြင့် ထွက်ရှိလျက်ပင်ရှိသည်။ သို့သော် ဖတ်ရှုသူ၊ ကြည့်ရှုသူ နည်းလှသောကြောင့် ဝယ်ယူသူနည်းပါးသည်။ ဝယ်ယူပြီးပါကလည်း ဆိုရှယ်မီဒီယာ ပေါ်တွင် မိမိစာအုပ်ဖတ်နေကြောင်း သိရှိစေချင်သဖြင့် ကော်ဖီခွက်လေးအနားမှာထား ပြတင်းပေါက်လေးနားသို့သွား၍ "ဘာစာအုပ်ညာစာအုပ်" ဖြင့်ရေးသား၍ တင်ပြကြသည်။ ပြီးလျှင် ဆုံးခန်းတိုင်အောင် ဖတ်သလား ဆိုလျှင်လည်းမဖတ်။
ယနေ့မျက်မှောက်ခေတ် ပြဿနာတို့အား စာပေပညာ လေ့လာဖတ်ရှုကြခြင်းဖြင့် အနိုင်ယူနိုင်သည်။ အိမ်တွင်းအကြမ်းဖက်မှု၊ မုဒိန်းမှု၊ လိမ်လည်မှု၊
လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးအမှုနှင့် လူသတ်မှု တို့အား စာဖတ်ခြင်းဖြင့် အနိုင်ယူန်ိုင်သည်။ ယနေ့ခေတ်ကြီးမှာ အလွယ်တကူ အိပ်ကပ်ဆောင် ဖန်သားပြင်ပေါ်တွင် အဖော်အချွတ် ရုပ်သံဖိုင် တို့အား ကြည့်ရှုန်ိုင်သောကြောင့် လူစိတ်မရှိ ရမ္မက်မီးတောက်လောင်နေသော အောက်တန်းကျသူတို့၏ သားကောင်းဖြစ်ခဲ့ရသည့် အသက်မပြည့်သေးသော မိန်းကလေးတို့မှာ ဒုနှင့်ဒေးပင်။ မိမိတို့မှာ စာဖတ်နိုင်သည့် အမြင်ရှိသော်လည်း ဦးနှောက်မှာ အောက်တန်းကျနေသည့်အတွက် ဆန္ဒကိုပင် သိက္ခာနှင့် လဲကြသည်။
ရုပ်ဝတ္ထုတို့ တိုးတက်လာသည်နှင့်အမျှ "လူ့အခွင့်အရေး"အကြောင်း တကြော်ကြော်အော်နေသည့်
အသိစိတ်ပျောက် လွတ်လပ်မှု ကိုပင်လိုလားနေကြသည်။ လူ့အခွင့်အရေး နှင့် လွတ်လပ်မှုကို အလွဲသုံးစားလုပ်ကာ စီးပွားပျက်၊ ခေတ်ပျက်၊ စနစ်ပျက်ကြီးသို့ ရောက်အောင် ပြန်လည်တွန်းပို့နေကြသည်။
စာပေပညာ ရှားပါးလာသော ခေတ်ကြီးတွင်
စာပေတန်ဖိုးကို သိနားလည်သောလူငယ်များမှာအမြုတေပင်ဖြစ်ပါသည်။ ပါးစပ်တို့မှ "ဒါကဒီလို ဟော့ဒါက ဟော့သလို" ပြောရုံဖြင့် မလုံလောက် အစွမ်းထက်ကလောင်တံ တို့ဖြင့်ရေးသားမှသာ ဒုစရိုက်၁၀ပါးတွင်း နစ်မြုပ်နေသော ဦးနှောက်တို့ ပြန်လည်နိုးကြားလာမည်ဖြစ်ပြီး ခေတ်ကောင်းစနစ်ကောင်းသို့ပြန်လည် ရောက်ရှိနိုင်မည် ဖြစ်သည်။
တချို့မှာမူ ဤသို့မဟုတ် နိုင်ငံကျော်စာရေးဆရာကြီးများ၏ ပြောစကားများ၊ နာမည်ကျော်စာအုပ်များမှ စာသားများကို အယူအဆ အလွဲအမှားများအဖြစ် အသုံးအပြုကာ ဆိုရှယ်မီဒီယာပေါ်၌ မိမိ၏ လွှမ်းမိုးမှု ရရှိရန်ပြုလုပ်နေကြသည်။ တချို့မှာမူ အသိပညာပေး ရုပ်သံဖိုင်ဟုပြောသောငြား သူခိုးနည်းပြ ရုပ်သံဖိုင်များသာဖြစ်နေတတ်သည်။ အဘယ်ဆိုသော် ခေါင်းစဥ်လှလှ၊ စာတန်းလှလှ တို့ဖြင့် ဆိုရှယ်မီဒီယာအသုံးပြုသူ၏ ၉၀ ရာခိုင်နှုန်းများဖြစ်ကြသော ဆယ်ကျော်သက်လူငယ်များအကြား ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းနေကြသည်။ ထို့အပြင် ထိုသို့အောက်တန်းကျသော ရုပ်သံဖိုင်တို့အား ကြည့်ရှုသူများပါက ကြော်ငြာ များထည့်၍ ကြော်ငြာလို့ရသဖြင့်၊ လောင်းကစားကြော်ငြာမှအဆုံး အခကြေးငွေယူကာ ကာမဆန္ဒ ဖြည့်ဆည်းသည့်ကြော်ငြာ များပါ ပေါ်ပေါ်ထင်ထင် ဖော်ပြလာကြသည်။
ဆိုရှယ်မီဒီယာများကို အသုံးပြုကာ အကြမ်းဖက်မှု၊ လိမ်လည်မှု၊ ဖောက်ထွင်းမှု နှင့်မူးယစ်ဆေးဝါးရောင်းဝယ်မှုတို့မှာလည်း တစ်နေ့တစ်ခြား မြင့်တက်လာကြသည်။ ထို့ပြင် လူအချင်းချင်း သတ်ဖြတ်ခြင်း၊ ညှင်းဆဲခြင်း၊ ရိုက်နှက်ခြင်း ရုပ်သံဖိုင်တို့ကိုလည်း တစ်ခါတစ်ရံ တွေ့ရတတ်သည်။ ဤသည်တို့မှာ စာမဖတ်ကြခြင်း၏ ဆိုးကျိုးများဖြစ်သည်။ သို့သော် လူငယ်များအပေါ် သက်ရောက်ရန်လွယ်ကူသည့် နိုင်ငံရေးအယူဝါဒ အလွဲများ၊ မင်းမဲ့စရိုက်ဆန်သည့် စာအရေးသားအများ၊ စစ်ရေးအယူအဆ အလွဲများကိုပင် ရေးသားကြသည်။ ဆယ်ကျော်သက်လူငယ်တို့မှာ ထိုစာများကိုမူခုံမင်ကြသည်။ သို့သော်မချင့်ချိန်၊ တဇွတ်ထိုးလုပ်တတ်သော အကျင့်တို့မှာ လူငယ်အချိန်၌သာ ရှိသဖြင့် လူငယ်တို့အပေါ် ကောင်းကောင်းကြီး ကြိုးကိုင်ခြယ်လှယ်ချင်သော လူပုဂ္ဂိုလ်အချို့မှ ထိုစာပေများအား ရေးသားကြသည်။
အနှစ်ချုပ်ပြောရပါက အသိညဏ်ရှိသော လူသည် အိပ်၊ စား၊ ကာမသာသိသော တိရစ္ဆာန်တို့ထက် အဆပေါင်းများစွာသာသော ဦးနှောက်နှင့် ညဏ်ရည် ရှိသောကြောင့် လကမ္ဘာပေါ်ထိ သွားရောက်နိုင်ကြပေပြီ။ သို့သော် ရုပ်ဝတ္ထုပစ္စည်း၊ ဆက်သွယ်ရေး တို့မှာမူ တိုးတက်လာသော်လည်း စာဖတ်အား ပို၍ပို၍ နည်းလာသောကြောင့် အောက်တန်းကျသည့် စိတ်ဓာတ်၊ ယုတ်မာရိုင်းစိုင်းသည့် စိတ်ဓာတ်၊ မစ္ဆရိယ စိတ်ဓာတ်တို့ ယခင်ကထက် ပွားများလာကြသည်။ မြတ်စွာဘုရားရှင်အဆုံးအမ ရှိသည့် လက်ထက်ကတည်းက ဒုစရိုက်တို့ ကျုးလွန်နေကြသည်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသောအခါ မြတ်စွာဘုရားရှင်၏ ဂုဏ်တော်တို့အား ခုတုံးလုပ်လျက် ဒိဠိတို့ကြီးစိုးခဲ့ကြသည်။ အယူအဆ အလွဲအမှားများ ကြီးစိုးခဲ့ကြသည်။ အနော်ရထာမင်းမြတ်က ဒိဠိတို့အား နှိမ်နှင်းခဲ့သော်လည်း ဒိဠိအယူအဆ အလွဲအမှားတို့မှာ ကျန်ရှိနေခဲ့သည်။ယခုအခါ စာမဖတ်ကြသူတို့သည် ဒိဠိတို့၏ အယူအဆ တို့ကို လက်ဆင့်ကမ်း သယ်ပိုးလျက်ရှိကြသည်။ ထို့ကြောင့် ယနေ့ခေတ် ကမ္ဘာကြီးကို မီးမောင်းထိုးပြနေသည့် စာပေပညာတို့အား ချင့်ချိန်စဥ်းစား ဖတ်ရှုကာ လောကကြီးကိုအလှဆင်နိုင်ကြပါစေဟု တိုက်တွန်းရင်း စာရေးသူ နိဂုံးချုပ်အပ်ပါသည်။
Keep Reading