Saung Haymarn Ri - ဆောင်းဟေမာန်ရီ
ကောင်မလေးရေ..
အကယ်၍မင်းကောင်လေးက သူနဲ့အတူခိုးပြေးဖို့ခေါ်လာခဲ့ရင်.. အမိုးအကာလုံခြုံမှုမရှိတဲ့ ဝါးထရံကာတဲစုတ်လေးမှာ လိုက်နေနိုင်မလားလို့ မေးလာခဲ့ရင် ရဲဝံ့စွာငြင်းဆိုလိုက်ပါ။
ကိုးကွယ်သင့်တဲ့အရာတွေထဲမှာ အချစ်ဆိုတဲ့အရာမပါပါဘူး။ စိတ်ကူးယဉ်လို့ကောင်းတဲ့အရာတွေထဲမှာလည်း အချစ်ဆိုတဲ့အရာမပါပါဘူး။ အနာဂတ်ကို စိတ်ကူးနဲ့မတွေးကြည့်ပါနဲ့။ လက်တွေ့ကိုသာ လက်တွေ့အမြင်နဲ့မြင်အောင်ကြည့်ပါကွယ်။
မိဘအိမ်မှာ လိုလေသေးမရှိ ပြည့်ပြည့်စုံစုံနေခဲ့ရပေမယ့် အချစ်ခေါ်ရာနောက်ကို စိတ်ကူးယဉ်ပြီးလိုက်မိလို့ ဘဝပြောင်းခဲ့ရတဲ့ မိန်းကလေးတွေ..
မိဘအိမ်မှာတုန်းက ကိုယ့်မိဘကမခိုင်းရက်လို့ သက်တောင့်သက်သာနေခဲ့ရပေမယ့် အချစ်ခေါ်ရာနောက်လိုက်မိလို့ အလုပ်ကြမ်းလုပ်နေရတဲ့မိန်းကလေးတွေ..
ပြောမပြနိုင်အောင်ကိုရှိနေပါတယ်။
ပညာသင်ရမယ့်အရွယ်မှာ ပညာကိုရှာပါ။ ဒီအရွယ်မှာ စိတ်ကစားတာက ကစားလို့ရတယ်။ ဘဝတစ်ခုလုံးကိုပုံအောပြီးတော့ အချစ်ကို မကိုးကွယ်လိုက်ပါနဲ့ ကလေးရယ်။ မင်းကိုးကွယ်လိုက်တဲ့အဲ့ဒီအရာက မင်းဘဝတစ်ခုလုံးကိုစုတ်ပြတ်သတ်အောင် ဖျက်ဆီးပစ်နိုင်တာမို့ပါ။
အတောင်မစုံသေးတဲ့ဒီအရွယ်မှာ ဘဝအတွက်သင်ယူစရာရှိတာတွေကို သင်ယူပါ။ လေ့လာစရာတွေအများကြီးရှိတာမို့ လေ့လာထားပါ။
အချိန်တစ်ခုရောက်လာရင် မင်းနဲ့ထိုက်ထန်တဲ့ မင်းရဲ့ဖူးစာနဲ့ဆုံကိုဆုံရမှာပါ။
ဒါကြောင့် စိတ်အလိုကိုလိုက်ပြီး မင်းကိုလမ်းမှားဆီတွန်းပို့နေမယ့် အတွေးမှားတွေကို မယုံကြည်လိုက်ပါနဲ့။ အချစ်နဲ့ပက်သက်ပြီး စိတ်ကူးယဉ်တာတွေ မလွန်ကျွံပါစေနဲ့။
နုနယ်တဲ့ဒီအရွယ်မှာ မင်းအတွက် အလုံခြုံဆုံးနဲ့အနွေးထွေးဆုံးရင်ခွင်ဟာ မိဘရင်ခွင်သာဖြစ်တာမို့ မိဘရဲ့အရိပ်အာဝါသအောက်ကနေကျော်ပြီး ဘယ်အရပ်ဒေသကိုမှ ခြေမချချင်စမ်းပါနဲ့ကွယ်။
-ဆောင်းဟေမာန်ရီ-
Tg channel - https://t.me/saunghaymarnri
Keep Reading