Anna_Nyein
ကျွန်မတို့မြန်မာလူမျိုးတွေဟာ ရိုးသားပြီးဖော်ရွေကြသလို အချင်းချင်းရိုင်းပင်းကူညီတတ်တဲ့အပြင် တစ်ပါးသူအပေါ်မှာလည်း အင်မတန်အားနာတတ်ကြတယ်ဆိုတာ စာဖတ်သူလေးတွေသိထားပြီးသားဖြစ်မှာပါ။ အဲ့ထဲမှာ အန်နာလည်းတစ်ယောက်အပါအဝင်ပါ။ အန်နာက တခြားသူအပေါ်ဆိုအရမ်းအားနာတတ်၊ အရမ်းညှာတာပေးတတ်တာ ငယ်ငယ်လေးကထဲကပါပဲ။
ကိုယ့်ပစ္စည်းကိုသူများကငှားသွားလို့ ဟိုကပြန်ပေးဖို့မေ့နေတဲ့အခါ ကိုယ်ကအားနာလို့ပြန်မတောင်းရဲတဲ့အထိဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ကျောင်းနေတုန်းကဆို တချို့အတန်းဖော်တွေက ကိုယ်အားနာတတ်တာသိတော့ ခဲတံ၊ ဖောင်တိန်အမြဲငှားတယ်။ ကိုယ်ကလည်းသူများအဆင်ပြေရင်ပြီးရောဆိုပြီး ငှားပေးလိုက်တယ်။ နောက်ပိုင်းကျတော့ငှားပြီးပစ္စည်းပြန်မပေးတော့ပါဘူး။
အန်နာကလည်း အန်နာပါပဲ။ "ကိုယ်ပြန်တောင်းလိုက်ရင် ကိုယ့်ကိုငြိုငြင်မလား? ကိုယ့်ကိုစိတ်ဆိုးသွားမလား? အဖြစ်သည်းလိုက်တာလို့ထင်သွားမလား" စသဖြင့် သူများဘက်ကို တအားထည့်တွေးပေးတတ်ပါတယ်။ ဒါနဲ့ပဲ ပြန်မတောင်းဖြစ်တော့ပါဘူး။
တကယ်ဆိုဒါဟာမလိုအပ်ပါဘူးနော်။ သေချာပြန်စဉ်းစားကြည့်ပါ ကိုယ်ပိုင်တဲ့ပစ္စည်းကိုလိုချင်လို့ ပြန်တောင်းတာဟာ ဓားပြတိုက်နေတာလည်းမဟုတ်သလို၊ လုယူနေတာလည်းမဟုတ်ပါဘူး။ ကိုယ့်ဘက်ကအေးအေးဆေးဆေးနဲ့ ချိုချိုသာသာလေးပြောပြီးပြန်တောင်းဖို့တော့လိုပါတယ်။ ကိုယ့်ဘက်ကမမှားသရွေ့ ကိုယ်မလွန်ဘူးလို့ အန်နာတော့ထင်ပါတယ်။
အကယ်၍ကိုယ်ကဒီလိုမျိုးအားနာတတ်တယ်ဆို စည်းလေးတွေတားထားပါ။ မငှားနိုင်ဘူးဆိုရင်မငှားနိုင်ကြောင်းကိုကြိုတင်ပြောထားပါ။ ပေးပြီးသွားမှ ပေးထားရခက်၊ ပြန်တောင်းရခက်တော့မဖြစ်ပါစေနဲ့။
ပစ္စည်းငှားတဲ့ကိစ္စရယ်မှမဟုတ်ပါဘူး။ အကူအညီတောင်းတဲ့ကိစ္စတွေမှာလည်း ကိုယ့်ဘက်ကမကူညီနိုင်ရင် မကူညီနိုင်ကြောင်းကိုပွင့်ပွင့်လင်းလင်းသာပြောလိုက်။ အဲ့တာအကောင်းဆုံးပါပဲ။
နောက်ပြီး ဆရာ/ဆရာမတွေကိုစာမေးရာမှာလည်း "မမေးရဲလို့" ဆိုပြီး မမေးပဲမနေပါနဲ့နော်။ အန်နာလည်းကိုယ်မသိတာဆိုရင်မေးရမှာအရမ်းအားနာတတ်တဲ့လူပါ။ အဲ့တော့ဘာဖြစ်လဲဆို "မမေးရဲတော့မသိ" ဖြစ်တာပေါ့ရှင်။ ဒါ့ကြောင့် ကိုယ်မရှင်းတာရှိရင် အားမနာပါးမနာနဲ့ မေးရဲတဲ့သတ္တိကိုလည်းမွေးပါလို့ပြောချင်ပါတယ်။
အားနာတတ်လွန်းနေရင်လည်းမကောင်းပါဘူးနော်။ တခြားသူတွေက အားနည်းချက်တစ်ခုလို့မြင်သွားနိုင်ပြီး အဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီး အသုံးချတတ်ကြပါတယ်။ နေရာတကာအားနာပြနေရင် နစ်နာတဲ့လူကကိုယ်ပဲဖြစ်သွားပါလိမ့်မယ်...။
ဆိုတော့ အားနာတတ်တဲ့စိတ်ကလေးကို လိုအပ်မှသာသုံးပါ၊ အားမနာသင့်တဲ့နေရာ အားမနာပါနဲ့လို့ ပြောကြားရင်း..
ဆောင်းပါးလေးကို ဒီမှာပဲနိဂုံးချုပ်လိုက်ရပါတယ် စာဖတ်သူလေးတို့ရေ..။
အဆုံးထိဖတ်ရှုပေးတဲ့ စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်~
Join my Tg Channel >> https://t.me/Sharing_Journey_by_Anna
- Anna_Nyein ?
241104 (8:30 PM)
Keep Reading