Poem-Linn
"ဝဋ်"လို့ ဆိုလိုက်တာနဲ့ လူတိုင်းက ကိုယ်အပေါ်သူများ အပြစ်လုပ်တာကို ပြေးတွေးမိတတ်ကြတယ်။ငါသူ့အပေါ်ဘာလုပ်မိလို့လဲလို့တွေးတာရှားမယ်ထင်ပါတယ်။ခု ရေးချင်တာကတော့ ကျွန်မဘဝရဲ့ တစ်စိတ်တစ်ပိုင်းပေါ့။
ကျွန်မက ကျောင်းဆရာမ သားသမီးလေ ငယ်ငယ်တည်းက အစအနောက်သန်တယ် အဲ့လို လိုက်စနောက်နေရတာကိုပဲ social ကောင်းတာလို့ထင်ခဲ့မ်ိပါတယ်။ကျွန်မကိုသည်းခံပေးခဲ့ကြတော့ ကျွန်မရဲ့သူငယ်ချင်းတွေက ကျွန်မကိုချစ်လို့ ခင်လို့ လို့ထင်ခဲ့ဖူးတယ်။တစ်ချို့ကိုဆို ကျွန်မရဲ့အကောင်းဆုံးသူငယ်ချင်းတွေအဖြစ် ဒဏ္ဍာရီစာအုပ်ထဲ နေရာပေးခဲ့ဖူးပါတယ်။အမေကလူကြီးပီပီ သတိပေးပါတယ်။မတရားမစဖို့ သည်းခံနေတယ်ဆိုတာကလဲ သူကိုကြောက်လို့ဆိုတာမျိုးပေါ့။ဒါပေမဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ ကျွန်မက နားမလည်ခဲ့ပါဘူး။ကျွန်မ အထင်မှားခဲ့တယ်။အဲ့တာကိုသိခဲ့ရတာကလဲ အမေကျောင်းပြောင်းသွားမှပါ။အစစအရာရာ သည်းခံခဲ့တဲ့သူငယ်ချင်းတွေက ပြောင်းလဲကုန်ကြတယ်။အဲ့အချိန်ကျမှ ငါအပေါ်သည်းခံနေတာတွေက ငါအမေကြောင့်ပါလားဆိုတာ နားလည်ခဲ့ရတာ။အရာရာနားလည်လိုက်တဲ့အချိန်ထိ ကျွန်မရဲ့ အစသန်တဲ့ဝါသနာက ဖျောက်ဖျက်မရခဲ့ပါဘူး။ကျွန်မအနေနဲ့တော့ စတာပေါ့။ ခံရတဲ့သူအမြင်မှာတော့ ကျွန်မက အကောင်းမပြောတတ်ဘူး အမြဲblame နေတတ်တယ်ပေါ့။
လက်ရှိ ကျွန်မရပ်တည်နေတဲ့နေရာမှာ ကိုယ်အပေါ် မတရားစလို့ ကိုယ်နာကျင်ရတာမျိုးတွေ ရှိလာတယ်။သိလိုက်ရတာက "ဝဋ်"ဆိုတာပါပဲ။
ဗုဒ္ဓ က ဟောတော်မူခဲ့တယ်။ "ကိုယ်ပြုသည့်ကံ ကိုယ်ထံပြန်တတ်တယ်" လို့ သိပ်ကိုမှန်တာပါပဲ။လူတိုင်းလူတိုင်းဟာ သူငါအပေါ်ဘာလုပ်တယ် ဆိုပြီ ဒေါသထွက်နေမဲ့အစား ငါသူတစ်ပါးအပေါ်ဘာလုပ်ခဲ့တာပါလိမ့် လို့သာ မေးခွန်းထုတ်သင့်တယ်လို့မြင်ပါတယ်။ခုမလုပ်ခဲ့လဲ အရင်ဘဝကပေါ့(ကျွန်မ တွေ့ကြုံခဲ့သမျှရဲ့ အမြင်ပါ)။
သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်တိုင်း တွေ့ကြုံနေရတဲ့ ဝဋ်ကြွေးလောကဓံတွေ လျော့ပါးသွားမှာ မဟုတ်သလို ညည်းညူနေတိုင်းလဲ ပျောက်ပြယ်သွားမှာမဟုတ်ပါဘူး။လက်ရှိအချိန်မှာသာ အမှားသိ အမှန်ပြင်ရတော့မှာပေါ့ လို့တွေးမိပါတယ်။အစအနောက်သန်ပြီ social ကောင်းတာထက် ကိုယ်အပေါ်နားလည်တဲ့ သူတွေနဲ့သာ ပေါင်းသင်းဆက်ဆံပြီ introvert အဖြစ်လေးနေဖို့သာ ပို ဖြစ်သင့်တယ်လို့တွေးမိပါတယ်။socialကောင်းတယ်ဆိုတာ ကိုယ်က လိုက်စနောက်တတ် စကားတွေအများကြီးပြောတတ်မှ ဆိုတဲ့ ကျွန်မထင်နေတဲ့အတွေးက တကယ်တော့မဟုတ်ပါဘူး။ဆိတ်ဆိတ်နေပြီ လိုတဲ့အချိန် ကူညီနိုင်သလောက်ကူညီပေးလိုက်တာမှ ကိုယ်အတွက်ရော သူအတွက်ရော အဆင်ပြေမှာလို့ ကိုယ်ကို ပြန်ဆုံးမခဲ့ရတယ်။အချိန်တွေက အကုန်မြန်ပါတယ်။တဖြည်းဖြည်းပစ္စုပ္ပန်တွေဟာ အတိတ်တွေ ဖြစ်ကုန်တယ်။ကျွန်မတို့ဟာ အတိတ်ကို နမူနာယူပြီ ပစ္စုပ္ပန်မှာ အကောင်းဆုံးလုပ်ရမယ်မလား။
စာဖတ်သူတွေအနေနဲ့ "ဝဋ်" ဆိုတဲ့ အရာနဲ့ ကြုံလာကြတဲ့အခါ ဒေါသတွေထွက်မနေပဲ အချိန်လေးတစ်ခုပဲ ပေးလိုက်ပါ။သူအလိုလို အဆင်ပြေသွားပါလိမ့်မယ်။ဘေးမှာ သစ်ပင်တွေ ရှိမယ်ဆို ခဏလောက်ကြည့်လိုက်ပါ။ခုမြင်နေရတဲ့ သစ်ရွက်တွေဟာ တစ်ချိန်ကျရင် မလွဲမသွေ ကြွေကျသွားကြပါလိမ့်မယ်။ထို့အတူပဲ ရွက်သစ်ဆိုတာလဲ တစ်ဖန်ပြန် ဝေဆာလာကြပါလိမ့်မယ်။သံသရာဆိုတာဒီလိုပါပဲ အဆိုးအကောင်းရောနှောနေတဲ့ ဘဝတွေထဲမှာ မသိလို့ လုပ်မိခဲ့တဲ့အမှားတွေ သိလို့ လုပ်မိခဲ့တဲ့ အမှားတွေကို နမူနာယူရင်း အကောင်းဆုံးတွေဖြစ်ဖို့ ပြင်ဆင်ကြိုးစားကြရင်း ဆက်လက်ရပ်တည်ရမှာပါပဲ....။
.................................
လင်း💟
Keep Reading