dawna
ကြည်လင်ငြိမ်သက်နေသော ရေကြည်အိုင်လေးများကို ကျွန်တော်နှစ်သက်လှပါသည်။ ငြိမ်သက်သည်ဟူသော အနက်ပေးသည့်အတွက် ကျွန်တော်သည်လည်း ဘဝတွင် ငြိမ်သက်စွာနေတတ်ရန် အသိတရားကိုရရှိပါ၏။ လုပ်သမျှကို အလောတကော အလျဉ်တိုက်မလုပ်ဘဲ သေချာလုပ်တတ်ရန် ကျွန်တော်ကြိုးစားပါသည်။
အမှန်ဆိုရသော် ကျွန်တော်သီချင်းတစ်ပုဒ်ကို နားထောင်လျက် ရေးနေခြင်းပင်ဖြစ်ပါသည်။ သီချင်းသည် တွေးခေါ်မှုကိုကျော်လွန်၍ နှလုံးသားထိ ရိုက်ခတ်နေသည်။ ကျွန်တော်၏ လက်ချောင်းများသည်လည်း စဉ်းစားစရာပင်မလိုတော့ဘဲ စာစီနိုင်ပေသည်။ ထိုအသိမဲ့နေသော လက်ချောင်းတို့သည် ဦးဏှောက်ထဲမှ ကြည်လင်မှုဟူသောအတွေးကို ပုံဖော်ဖို့ရန် ကြိုးပမ်းကြ၏။ ၎င်းတို့ကို တစ်စုံတစ်ရာ ကျွန်တော်မထိန်းချုပ်ထားပါ။ အထိန်းအကွပ်မဲ့လျက် စာလုံးများ လက်ချောင်းများမှ ထွက်ပေါ်လာသည်။ နှလုံးသားမှ ပဲ့တင်သံဟု ကျွန်တော်ထင်၏။
မရည်ရွယ်ဘဲလျက် ဖြစ်ပျက်သွားခြင်းပင်ဖြစ်ပါသည်။ ကျွန်တော် တမင်ရည်ရွယ်၍ လုပ်ခြင်းမဟုတ်ပေ။ သို့သော် ကျွန်တော့်ကို လှိုက်လှဲစွာသော ခံစားမှုအသိတစ်ခုပေး၏။ ထိုခံစားမှုကိုလည်း ဖော်ပြဖို့ ကျွန်တော် မစွမ်းသာပါ။ ကျွန်တော့် တတ်နိုင်မှု၏ နယ်ဆုံးကို ကျွန်တော်သိလိုက်ရပါ၏။ သို့ရာတွင် ၎င်းသည် မြတ်နိုးဖွယ်ကောင်းလှပါတကား။
ဒေါန
အင်္ဂါ။
Keep Reading