Tawtawti
"ချယ်ရီရောင်ချစ်ခြင်းအယ်လ်ဘမ်"
1#ဖန်ဆင်းရှင်
အပျော်ကြံရုံမဟုတ်တဲ့အခါ
မင့် ပျိုမြစ်ရွယ်
ခြေဖခုံက ဖုန်တမှုံကအစ
ကိုယ် ဖယ်ရှားပေးချင်တယ်
တော်တန်ရုံမဟုတ်တဲ့အခါ
မင့် အိုမင်းလာမယ့်
ငွေရောင်ဆံနွယ်တမျှင်ကအစ
ကိုယ် ပိုင်ဆိုင်ချင်တယ်
မှော်ဆန်ရုံမဟုတ်တဲ့အခါ
ဘဝကခက်ခဲမှာပေါ့
ဒါပေမယ့်
ကိုယ့်အဖို့လွယ်ကူနိုင်တယ်လေ
ကိုယ့်ရှင်သန်မှုကို
စိတ်ချမ်းမြေ့အောင်
မင့် ဖန်တီးခဲ့ရင်...။
-တော်တော်တည်
2#သက်တော်ရှည်
မျက်ဝန်းနှစ်လွှာဖွင့်တာနဲ့
အသိစိတ်ထဲ
အသက်သွင်းလာတာ မင့်အကြောင်းပေါ့
မျက်လွှာနှစ်သွယ် မှေးစက်ချိန်
မသိစိတ်ရဲ့ရောင်ပြန်မှုနဲ့
အိပ်မက်အဖြစ်ထင်ဟပ်တာကလည်း
သက်လျာရယ်...
မင့်သွင်ပြင်လက္ခဏာလေးတွေပါပဲ
ဒီချစ်ခြင်းတရားက
ခါတော်မှီပွင့်တဲ့ပန်းမဟုတ်ဘူး
ရာကျော်ချီ နှစ်တွေကြာတိုင်
ရင်ထဲမှာ ခြေကုပ်ယူထားမယ့်
သက်တော်ရှည် သစ်ပင်ကြီးလေ
လောကဓံရာသီတွေကြား
မပြိုလဲမယ့် ဖြစ်တည်မှုနဲ့
မင့်အတွက်..ရပ်တည်နေမယ့် အရိပ်စစ်ပေါ့
ယုံကြည်စွာမှီတွယ်လှည့်..
တဘဝတည်းအတွက်တောင်
ရည်ရွယ်ခဲ့တာမဟုတ်ဘူး
သံသရာမဆုံးတွေးသမျှ
ကံကြမ္မာမသုဥ်းသေးသရွေ့...။
-တော်တော်တည်
3#အဓိက
ကော်ဇောနီခင်းထားပါစေဦး
အတူတူယှဥ်တွဲသွားနိုင်မှ
ကိုယ်လျှောက်လိုတဲ့လမ်းဆို
ကိုယ့်စိတ်မှာမှတ်တယ်
ကိုယ်ကျမ်းမာအောင်နေနေတာက
အန္တရာယ်နဲ့ကြုံရတဲ့အခါ
မင့်ရှေ့က ကာကွယ်ပေးချင်လို့သာ
ပျားဘုရင်မအပေါ်
သစ္စာရှိတဲ့ပျားလို
မင့်ထံပါးမှာ
ကိုယ့်အသက်ချစ်ခြင်းတောင်ပံ ပျံဝဲ
ကြင်နာမှုအဟာရများသယ်ဆောင်ပေးနေမယ်
အနာဂတ်ကိုတွေးတိုင်း
မင့်စိတ်နဲ့အသက်ရှူတာ
ပင်ယံမှာတွယ်ကပ်ပေါက်ခွင့်ရမှ
ပွင့်နိုင်တဲ့ပန်းမံလို
ယုယချင်တယ်
နေများမကောင်းတဲ့အခါ
ညာဘက်ကတစ်ခါ ဆေးပေးလို့
ဘယ်လက်က တစ်ခါ နွေးထွေးပေးချင်ရဲ့
အသက်ကွာတာ အရေးမကြီးပါဘူး
အသက်နဲ့မကွာ
ထပ်တူ ချစ်နေဖို့သာ
လိုအပ်တာပါ...။
-တော်တော်တည်
4#မီး
သောတအာရုံနဲ့ကြားရရင်တော့
နားဝင်ချိုမှာပေါ့
စက္ခုအာရုံနဲ့သိရတော့
အမြင်ချိုတယ်
ချစ်တာပေါ့..အများကြီးပဲ
သူ့ရဲ့ဒီစာသားနဲ့..
တို့ရဲ့ကမ္ဘာသစ်ကိုစတင်တယ်
နားလည်ပေးတတ်မှုအားက
အရာရာကို ရင်ဆိုင်ဖို့
ဘဝကို စွမ်းအင်ရစေတယ်
ရှင်သန်မှုကို ကြည်နူးစေပါရဲ့
နှစ်ဦးကြားက
ချစ်ခြင်းတရားရဲ့ပြယုဂ်အဖြစ်ခေါ်တဲ့
ကိုနဲ့မီး
သူက ကိုယ့်အတွက်
အပူပေးမယ့် မီးမဟုတ်ဘူး
နွေးထွေးမှု ပေးတဲ့..မီး
အလင်းပြတဲ့..မီး
နောက်..
မီးတော့မီး
သူ့အလှတရားက ကိုယ့်အမြင်မှာတော့
နတ်သမီး
ကို..နေကောင်းရင် သိပ်ပျော်မိမှာ
ကျမ်းမာပေးပါနော် တဲ့
ကိုယ့်ဆီမှ
ဘာမှမလိုအပ်တဲ့ သူ့လိုအပ်မှုက
ကိုယ့်သစ္စာတရားကို မြဲစေပြီ
တွယ်တာမှုကဗျာလေးရရင်
ပီတိဖြစ်နေတတ်တဲ့
ကြင်နာတတ်သော မီးလေးအတွက်
ကို..ရည်ရွယ်ပြီး ရေးမိတယ်
နှလုံးသားရဲ့စကားသံ။
-တော်တော်တည်
5#အပြုံး
ဓာတ်ပုံသာဟောင်းလည်းပဲ
လှတမျက်နှာ စွဲအားစွမ်းတာကြောင့်
ဘယ်အချိန်သာကြည့်ကြည့်
နှလုံးသားအမြင်မှာ မရိုးစတမ်းအသွင်နဲ့
သူ့ဟန်ပန်က up to date လေ
ကမ္ဘာပေါ်မှာ
နေ့တိုင်း brand အသစ်တွေပေါ်တယ်
ကိုယ့်အတွက်
အမြဲတမ်း သစ်လွင်နေတဲ့
brand လေးကတော့
ပင်ကိုယ်သွယ်..ယဥ်ပျိုမယ်
မင့်နှုတ်ခမ်းလေးထက်မှာ ပေါ်တယ်
ဝင်သက်ရှိုက်ဖို့မေ့မိတယ်
မျက်လွှာချဖို့မေ့မိတယ်
မေ့နိုင်ဖို့ကို မေ့မိရဲ့။
-တော်တော်တည်
6#ချစ်သူရတဲ့နေ့
ငရဲသစ်ငုတ်ကနေ
လမင်းရင်ဘတ်မှာယုန်ဖြူလေးဖြစ်ရသလို
လင်းပကြည်နူးပျော်မိတယ်
ပျော်မိပေမယ့်
အပျော်သဘောထားတဲ့အချစ်မဟုတ်မှန်း
လမင်းရင်ဘတ်က ယုန်ဖြူလေးလို
သစ္စာကို ခပ်နှိပ်မိတယ်
သူ့တစ်ယောက်အတွက်သာ တည်သည့်အရာကို
ကိုယ့်ဘက်က စတင်
ဖောက်ဖျက်ပျက်ယွင်းမိသည်ရှိသော်
ငရဲ၌ သစ်ငုတ်ဖြစ်စေ
ရင်ထဲ
မိုးရွာပြီးစ သစ်တောအုပ်လေးလို
စိုပြေလန်းဆန်းနေရဲ့
မျက်ဝန်းမှာ
မြင်လေရာဝန်းကျင်လည်း
အသစ်စက်စက်ပန်းဥယျာဥ်လို
လှပမှုအပေါင်း သရဖူဆောင်းလို့
တွေ့သမျှကို ပြုံးပြနေချင်မိတဲ့စိတ်
လောကကြီးက နေလို့ကောင်းပါလား
သူ့အကြောင်းတွေ စေမိုး
နလုံးသားမှာတွေးတောစဥ်အရေးထဲ
သူလျှောက်တဲ့လမ်းတိုင်းပါဝင်ချင်တာနဲ့သာ
သူ့ခြေဖမိုးပေါ်က သွေးကြောမျှင်လေး
ဖြစ်ချင်လိုက်မိတော့တာပါပဲ
ဝတ်မှုံလေးရဲ့နူးညံ ့မှုကို
ကာကွယ်ပေးတဲ့ပွင့်ချပ်လို
သံသရာအဆုံးထိညင်သာစွာကြင်နာသွားဖို့
သံမဏိစိတ်ဓာတ်နဲ့
သံဓိဌာန်ချမှတ်လိုက်တယ်
အစားကောင်းစားရတဲ့အခါ သတိရပါ
တူတံလေးလို
နှစ်ချောင်းပေါင်းမှတစ်လက်အဖြစ်
အမြဲရှိချင်မိပေါ့။
-တော်တော်တည်
7#ပိုင်ဆိုင်မှု
လောကဇာတ်ခုံ စက္ခုအာရုံထဲ
မြင်လေရာအလှတရားစုံထဲ
ကြင်နာမှုသရဖူကို
မင့်တစ်ယောက်ဆီ နှင်းအပ်မိပါတယ်
အနန္တစကြာဝဋ္ဌာထဲ
မင့်ချစ်ခြင်းတစ်ခုတည်းနဲ့
ကိုယ့်ကိုယ်ကိုယ် ကံအကောင်းဆုံးသူလို့ သတ်မှတ်မိပါရဲ့
ရနံ ့ရရုံသာနဲ့
နောက်ဆုံးမှာ မတတ်သာဘဲ
ရင်ခွင်ကွက်လပ်ကျန်ရစ်ခဲ့ရမယ့်
ဆပ်ပြာခွက်လို အဖြစ်မျိုးမကြုံရဘူးလို့
ခံယူချက်ကို
ရင်ဘတ်မှာ တက်တူးထိုးထားမယ်
အပြင်ပန်းဘဝ ခက်ခဲလည်း
ရင်ထဲ စိတ်ချမ်းသာမိပေါ့
ဂရုတစိုက်..နူးညံ ့တဲ့စကားတွေကြား
သံယောဇဥ်နှောင်ကြိုးက
ချိုမြိန်ချိန်များအဖြစ် ချည်နှောင်မှုထဲ
ပိုမိုခိုင်မြဲလာတော့
ကိုယ်တိုင်အလိုတူမှုနဲ့
မင့်နှုတ်ခမ်းဖျားကသေမိန့်ဆိုလည်း
မငြင်းရက်တော့ပါဘူးကွယ်
ဒါပေမယ့်
စိတ်ဓာတ်ဖြူစင်လွန်းသူလေးဟာ
ခေါင်းဖြတ်စက်ပေါ် လည်စင်းပေးရင်တောင်
စက်မဟုတ်တဲ့နှလုံးသားက မဖြတ်ရက်ဘဲ
အသက်ထပ်ဆုံး မြှောက်စားမယ့်
ဘဝရဲ့ဘုရင်မဆိုတာ
အနမ်းလေးသာပေးလာမယ့်သူ့ကို
ကိုယ်..ယုံကြည်တယ်။
-တော်တော်တည်
8#ကျေးဇူးတင်ပါသည်
ကျေးဇူးတင်ပါတယ်
ရိုးဂုဏ်ပဲရှိတဲ့
ထည်ဝါမှုမဲ့
ဗလာသက်သက်မြေခွက်လေးထဲ
အရည်အသွေး ့ပြည့်စုံဖွယ်
ချစ်ခြင်းမေတ္တာကော်ဖီအဖြစ် ပျော်ဝင်ပေးရာမှ
ထွက်ပေါ်လာသောအကွငျနာတရားက
ဝန်းကျင်ကိုတောင် ရိုက်ခတ်..ရနံ ့သင်းမွှေးစေလို့...
ကျေးဇူးတင်ပါတယ်
ဘယ်သူ့ကိုမှ စာရင်းထဲမထားဘဲ
ကိုယ့် တန်ဖိုးထားမြတ်နိုးမှုကိုသာ
မင့်နှလုံးသားထဲ
ယုံကြည်စွာ နေရာပေး ထားလို့
ကျေးဇူးတင်ပါတယ်
လောကရပ်ဝန်းထဲ
ဘာနဲ့ပဲရင်ဆိုင်ပါရစေ
ဝေးဖို့အကြောင်း
တွေးတောင်မတွေးထားဘူးဆိုတဲ့စိတ်နဲ့
ကိုယ့်ဘက်က ရပ်တည်ပေးလို့
ကျေးဇူးတင်ပါတယ်
လက်ခုပ်ထဲကရေအဖြစ်
သဘောမထားဘဲ
ကိုယ်စွမ်းသမျှ
လက်ခုပ်တီးပေးနေချင်တဲ့
သဘောထားပဲရှိနေလို့
ကျေးဇူးတင်ပါတယ်
ကိုယ်သာ ပန်းချီကားတစ်ချပ်ဆိုရင်
ပိုမိုလှပအောင်
အနားသတ်ထိန်းကွပ်ပေးတဲ့ဘောင်လေးအဖြစ်
ရှိနေပေးမှာမို့လို့....။
-တော်တော်တည်
9#သီးသန့်
ကိုယ်သာ သူရဲ့ ရေသောက်မြစ်ဆိုရင်
ဘဝမြေပြင်ထုထည်ပမာဏ ဘယ်လောက်ပဲနက်ရှိုင်း
သူ့ရှင်သန်ခြင်း စိမ်းလန်းစေဖို့ ဝင်တိုးမယ်
ကိုယ့်နှလုံးသားက သူ့အဖို့
တီးခတ်မှအသက်ဝင်မယ့် သံစဥ်မျိုးမမြည်
24 Seven လည်ပတ်နေမယ့်
ချစ်ခြင်းတရား ထုတ်လွှင့်ရာ
သူ့အတွက်သီးသန့်Music ချန်နယ်
ရေမြေခြားမှ မဟုတ်ပါဘူး
တနိုင်ငံတည်းနေလည်း
အလွမ်းဆိုတာ
အချစ်ရဲ့အရိပ်လို ကပ်ပါ ပါတယ်
ခရီးဆုံးထိရောက်ဖို့ သွားပါများရပါဦးမယ်
အခု..ကိုယ့်မှာ
ခန္ဓာက တမြို့
စိတ်က တမြို့
ပေးအပ်ချင်တဲ့ အကြင်နာတရားက
မီးခိုးမဆုံး မိုးမဆုံးနဲ့
တွေ့ချင်စိတ်တောင်တန်း မဆုံးစတမ်းဖြစ်လို့...။
-တော်တော်တည်
10#ဆိုက်ရောက်ချိန်
မဝေးတော့ပါဘူး
အပြေးချော့ချင်လို့
ကိုယ့်ရင်ခုန်သံကို
မင့် ပါးအပ်ပြီး ကြားရမယ့်နေ့ဆီ
ကိုယ်လည်းပဲ မျှော်လင့်ထားတယ်
တားဆီးတဲ့ ဂုမ္ဘာန်တစ္ဆေတွေကို
ပုန်ကန်နေရတုန်းအခိုက်မှာ
အလွမ်းရဲ့ခါးသီးမှုကို
ကြိုတ်မှိတ်မျိုချရပေမယ့်
အချစ်တွေတာရှည်ကျမ်းမာနေဖို့
မချိုမြိန်တာနေပါစေ
ဆိုကျိန်သောသစ္စာတရားနဲ့အတူ
ဆေးဖက်ဝင်ပါတယ်
အားတင်းထားနော်
ကိုယ့်ချစ်သူ...
တမ်းတတဲ့စက္ကန့်တွေကို
မှန်းဆရမှုရပ်တန့်ဖို့
ပစ်မှတ်ဆီသွားတဲ့မြှားလို
ဖြောင့်မတ်သော်လည်း
အလျင်စလိုသာ မြန်ရင်
ဆုံချိန်မှာ
မင့်..ထပ်နာကျင်ရမှာစိုးလို့
မြစ်တစ်စင်းလိုသာ
ပြင်ဆင်မှုနဲ့ ကွေ ့ဖြတ်ပြီး
ငြိမ့်ညောင်းစွာ စီးဝင်လာပါ့မယ်
ရာသီဥတုသာသာယာယာ
ရင်ခွင်တစ်ခုနဲ့စောင့်နေပါ။
-တော်တော်တည်
11#သံမှို
နေညိုချိန်နဲ့မိုးညိုချိန်ဆိုတာ
အလွမ်းမီးလောင်ရာကို
ရက်စက်လေပွေပင့်ပေးသလိုပါပဲ
အေးအတူရှိချင်ပေမယ့်
ပူရင်တော့ ရင်နဲ့အမျှ
ကိုယ့်နှလုံးသားပဲ ပြာကျစေလေ
မင့်ဒုက္ခရဲ့ကိုယ်စားလည်း
ကိုယ်ပဲ အကျွှမ်းမြေ့ခံချင်ရဲ့
အရိပ်တောင်မှ
အလင်းရှိမှ မြင်တာ
မင့်ရှိနေလို့သာ.
ကိုယ့်ကြင်နာခြင်းတရားက
ပေါ်လွင်ခွင့်ရတာပါ
ကိုယ့်စိတ်သန္တာန်မှာတော့
မင့်သွင်ပြင်နဲ့
ချစ်ခြင်းတရားတံဆိပ်က
ခွာမရတဲ့ ရိုက်နှိပ်ထားမှုပဲ
ကျေကျေနပ်နပ်နဲ့လည်း
ကပ်တွယ်ထားမိတာကိုး။
-တော်တော်တည်
12#အဆင်ပြေရာနေ့
မီးတောင်မြုံတစ်ခုလိုပါပဲ
အလွမ်းက ရင်ထဲမှာ ပူလောင်လို့
သူပေါက်ကွဲတဲ့အခါ
ကဗျာအဖြစ် အသံကျယ်တယ်
စကားလုံးတွေ လွင့်စင်ပြန့်ကျဲ
ညထဲမှာ ချစ်ခြင်းတရားကို မြိုသိိပ် ကိုယ်အိပ်ရတာလည်း
ပင်ပန်းရတာပါပဲ အချစ်ရယ်
ဘဝဆက်တိုင်း
ဝေးကွာရခြင်းကိုကျော်လွန်နိုင်ဖို့
ဒီကပ်ဆိုးကြီးပြီးတဲ့အခါ
ခရီးသွားလက်မှတ်လှူဦးမယ်
ကျမ်းမာစေချင်သူကို
ကျမ်းမာစေချင်တယ်
စောစောအိပ်လို့
စောစောထလို့
စောစောတို့ချစ်ကြပါစို့
မိုးမပြိုမှာကို ယုံကြည်ပါရက်
ကိုယ်ကလည်း ကလေးဆန်ရဲ့
ချစ်ကြည်နူးနေရင်းနဲ့မှလည်း
တစ်တီတူးလို စိုးရိမ်မိပြန်သကော
အတွေးတွေက များတယ်လေ
အကြင်နာကျမ်းစာကို
တို့နှစ်ဦး
မငြီးငွေ့စတမ်း ဖတ်နေကြရင်းက
အခြေအနေတွေ
နယ်စည်ခြားထားတုန်းပဲကိုး။
-တော်တော်တည်
13#တမိုးအောက်မှာ တမြေတည်းပေါ်ရပ်
နံနက်လင်းတာနဲ့
ဗီတာမင်အပြည့်နဲ့တည်ခင်းချင်လို့
ဘဝနဲ့စစ်တုရင်ကစားရတယ်
မိသားစုအိမ်လေးအတွက်
ပုံစံတူပန်းချီကားတစ်ချပ်တောင်
ပိုင်ဆိုင်ခွင့် မြင်ရဖို့မမြည်သေးဘူး
အကြင်နာသက်သက်နဲ့ပဲ
နွေးထွေးသလို နေပေးနေတာ
ကျေးဇူးပါ
Massage လေးတစ်စောင်ပဲ ဖြစ်ဖြစ်
ကြည်နူးစရာဆိုတာ ငွေနဲ့ဝယ်လို့မရဘူးမှတ်လား
ပျော်စရာကို ဖန်တီးဖို့အတွက်တော့
မုန်းတဲ့ပိုက်ဆံကို အောင့်ကာနမ်းမှရမယ်
ကိုယ့်ရင်ခွင်နဲ့ဝေးနေချိန်လည်း
မင့်ချမ်းမြေ့လုံခြုံစေအောင်
ကိုယ့်မေတ္တာတရားကို လှမ်းအစောင့်ချထားရဲ့
အချစ်ကြီးပြီးမှတော့
ဘာလို့ ဆုံဆည်းခွင့်ငတ်ရမှာလဲ
အလွမ်းကို
ခရီးဆောင် အိတ်ထဲခေါက်သိမ်းပြီး
ကိုယ်လာနိုင်ရမယ်လေ
သူ့ကို
ကိုယ်တို့ ဇစ်ဖွင့်မပေးတော့ဘူး။
-တော်တော်တည်
14#One day
နယ်နမိတ်သတ်မှတ်ထားတဲ့
ခရီးအကွာအဝေးကြားထဲမှာ
အကန့်အသတ်..မှတ်ယူလို့မရမယ့်
အချစ်စိတ်ကြောင့်
အလွမ်းက ပဠာမြေလူး
ကဗျာတွေနဲ့ရူးရတယ်
စိတ်သာအဓိကဆိုလည်း
သမာဓိကျင့်နေတာမှမဟုတ်တာ
သမုဒယချစ်ခြင်းက
ရင်ခုန်သံကို မြန်စေလို့
လူချင်းတွေ့နိုင်မှပဲ
အလွမ်းကလည်း တည်ငြိမ်မယ်
ကဗျာရေးပြီး အလွမ်းဖြေတဲ့အခါ
အလွမ်းဖြေဖို့ ကဗျာဖတ်ပါ
လွမ်းတယ် ဖွင့်မပြောမိတာရှိပေမယ့်
မှာစကားတွေ
နောက်ကွယ်ကလိုက်နာနေတာကလည်း
လွမ်းနေလို့ပါပဲ
တမ်းတရတယ်
အိပ်မက်တွေ အသက်ဝင်လာတဲ့
ဝင်သက်ထဲမှာ
မင့်ကိုယ်သင်းရနံ ့လေးပါချိန်
မြတ်နိုးရမယ့် တစက္ကန့်တိုင်းကို
မက်မောနေမိပါရဲ့
အိပ်ရာဝင်ချိန်အထိပေါ့
ဘယ်လောက်ပဲ
မျှော်လင့်ခြင်းလမ်းမက
မိုင်တာရှည်ပါစေ
ကိုယ့်နှလုံးသားက သက်လုံကောင်းပါတယ်
အလွမ်းဝေးဖို့
အနမ်းပေးမယ့် One Day ဟာ
တစ်နေ့မှာ
ကိုယ့်ဆရာမလေးဆီ ရောက်လာမယ်။
-တော်တော်တည်
15#ကိုယ်ပိုင်အလံ
ကိုယ့်နိုင်ငံတော်မှာ
ကိုယ့်ရဲ့ကိုယ်ပိုင်အလံအဖြစ်
မင့်ကို
လွှင့်ထူထားတယ်
ကိုယ့်နယ်နမိတ်မှန်သမျှ
.မင့်ပိုင်တဲ့ သင်္ကေတပဲ
တိုက်ခိုက်မှုတွေကိုရင်ဆိုင်ဖို့
သတ္တိအရာရဖို့
မင့်ကို မော့ကြည့်တယ်
ကိုယ်ဝင့်ကြွားတဲ့
မင့်ရဲ့ရှင်သန်ခြင်းအလှတရားက
ကိုယ့်ကို ကိုယ်စားပြုတယ်လို့
ကမ္ဘာဟာ
အသိအမှတ်ပြုရမယ်
မင့်ကို အလေးပြုပါရဲ့
လွတ်လပ်သော ကိုယ့်မြေမှာ
မင့် ဆက်လက် ရပ်တည်ပါ
အချစ်။
-တော်တော်တည်
16#13967ပေအလွန်
အယူအဆရှိသူကရှိ
ငြင်းခုန်သူကငြင်းပေါ့လေ
အတင်းယုံဖို့မဟုတ်ပေမယ့်
ဆိုရိုးလေးကတော့လှတယ်
မူအရကတော့
ဦးပိန်တံတားရဲ့အစအဆုံးကို
စုံတွဲတွေ အတူတကွ လျှောက်ဖူးရင်
ထာဝရမကွဲကွာရဘူးတဲ့
ထိုအစွဲကြောင့်ပင်ဖြစ်စေ
မထားရှိသည်ဖြစ်စေ
တခေါက်များတော့
အရောက်သွားဦးမှာပါ
နှစ်ကိုယ်အသွင် ဓာတ်ပုံတိုင်းမှာ
အေးမြရာရေပြင်ကိုနောက်ခံထားမယ့်
နွေးလျစွာလက်တစုံရဲ့မြဲမြံမှုနဲ့
နဂိုယဥ်ပြီးသားမင့်အတွက်
အလှဆင့်အောင် ရှုခင်းသာပေးဖို့
ဦးပိန်ကိုပြောပြချင်သေးတယ်
အခုအထိလည်း
တံတားအဆုံးအထိကို မသွားဖူးပါ
ဘယ်မိန်းကလေးရယ်နဲ့မှလည်း
တွဲမလျှောက်ဖူးတဲ့ ခြေဖဝါး
မင့်နဲ့တော့အတူတူ သွားကြမယ်ကော
တံတားအဆုံးအထိတင်မကပါဘူး
သည့်နောက်မှာလည်း
မျက်မြင်တဖက်ကမ်း စေတီမှာ
လက်ယှဥ်နှစ်ဖက် ပန်းဝေသီအောင်လှူရင်း
ရေစက်တွေအတူထပ်ပြုလို့
သေချာမှုပိုမိုစေ
ဆန္ဒလွန်အားကဲ..ဆုမွန်ပန်ကြဦးမယ်လေ
နောက်ကူးမဲ့ သံသရာထိတိုင်
အတူတူ ကံကြမ္မာငြိ
ဘဝခရီးအဆုံးအထိ
မခွဲစတမ်းလျှောက်ရအောင်။
-တော်တော်တည်
17#တိုင်တည်
နွေ..
ကိုယ့်နဖူးကချွေး
မင့်နှလုံးသားမှာ ကျစေလေ
အေးမြရအောင်
ကိုယ်လိမ္မာသမျှ မင့်အတွက်ကွယ်
မိုး
သွန်းဖြိုးစိုစမ်းပေါ့
ပျင်းရိခြင်းခြောက်ပါးနဲ့ကင်းရင်း
မင့်ဘဝကို ပျော်ရွှင်အောင်
ပကာသနမပါ
ထာဝရသာ ကြိုးစားမယ်
ဆောင်း
နှင်းစက်တွေလို
မင့်စိတ်ကလေးကြည်လင်ဖို့
ရင်ခွင်ထဲမှာ ဖြစ်တည်ရာ
ကိုယ့်သစ္စာနဲ့နွေးပါစေ...။
-တော်တော်တည်
18#မီးရဲ့ကိုကို
မီးကြည့်နေတဲ့
တောင်တန်းတွေရဲ့
ထုထည်ပမာဏက
ကိုယ့်အလွမ်းရဲ့သိပ်သည်းဆနဲ့ယှဥ်ရင်
မြင်းမိုရ်နဲ့မြေမှုံ
မီးရှိနေတဲ့
တောင်ပေါ်မြို့လေးက
ဘယ်လောက်ပဲ မိုင်တိုင်ဝေးဝေး
အချစ်စိတ်ရဲ့ဖဝါးအောက် ရောက်နိုင်ရမယ်ဆိုတဲ့အတွေးနဲ့
နေ့ရက်တွေကို ဖြတ်ကျော်တယ်
မီးသိနေတဲ့
တောင်တက်လမ်းလေးလို
ဆုံနိုင်ခွင့်က မဖြောင့်တန်းလည်း
အဆုံးမှာ..
မီးကြည့်နေမယ့် တောင်တန်းတွေကို
မီးရှိနေတဲ့ တောင်ပေါ်မြို့လေးကနေ
မီးနဲ့အသိချင်းကပ် အတူငေးဖို့
504 မိုင်ကွာဝေးနေရတဲ့
ဇာတိမြို့လေးကနေ
ကိုကို လာခဲ့ပါ့မယ်ကွယ်။
-တော်တော်တည်
19#ကိုယ်ငွေ့
တချို့
အသိပေးစကားတွေက
မီးပွားလိုနေရပူလောင်စေဖို့မဟုတ်ဘဲ
ဘဝကိုသေသပ်လှပစေချင်တဲ့
ပြောင်းလဲမှုမဲ့ကိုယ့်အချစ်စိတ်နဲ့
မီးပူလို ပူမိတာမျိုးပါ
ထာဝရ ခေါက်ရိုးကျိုးစေကွယ်
အတွေးနဲ့တောင်မဝေးလိုသူအတွက်
ဝေးဖို့ကိုအတွေးထဲတောင်
ထည့်မထားမိပါဘူး
ပစ္စုပန်မှာ တစ်ဦးမေတ္တာတရားကို
တစ်ဦးကိုးကွယ်တာကလည်း
တို့အနာဂတ်ကို တို့စောက်ရှောက်နေကြတာပါပဲ
ကျောက်ဆောင်တွေက
ပိတ်ဆို့ထားလို့ရတဲ့
မြစ်ဆိုတာမရှိဘူးကော
ကျောက်ဆောင်တွေကို
တိုက်စားသွားတဲ့
မြစ်ဆိုသာရှိရဲ့
ကိုယ်တို့ တကယ်နီးရမှာပေါ့လေ
အစားကောင်းစားရရင်
ချစ်သူကို သတိရကြသတဲ့
ဟုတ်ပါတယ်
အိပ်မက်လှလှမက်တဲ့အခါမှာဖြင့်
ချစ်သူကိုသတိရစရာ..မလိုတော့ပါ
မင့်ပါဝင်တဲ့
တို့နီးစပ်ရာညခင်းဆိုတာ
မလှဘယ်နေရှိပါ့မယ်
စကားလုံးတွေထက်ပိုချစ်ပေမယ့်
ချစ်တဲ့အကြောင်းကို
ရနိုင်သမျှစကားလုံးနဲ့ပဲဖော်ပြရပြန်တယ်
ကိုယ့်ရင်ခွင်ထဲမှာ
မင့်ကိုယ်ငွေ့လေးကို
ထည့်မှမထားနိုင်သေးတာကိုး။
-တော်တော်တည်
20#ဆက်သွယ်မှုဧရိယာ
လမင်းလိုအေးမြစေချင်တဲ့စိတ်နဲ့
နေတစ်ဆင်းလို ပူမိတယ်
ပျားဘုရင်မရှင်သန်မှုမှာ
ပျော်ရွှင်စွာပဲအသက်ဆက်စေလိုစိတ်ရှိတဲ့
လုပ်သားပျားလို
ဘဝအတွက် ချိုမြိန်ခြင်းတွေကို
တစက်ချင်း စုပေးနေမိတယ်
နှလုံးသားပျားအုံမှာ
နေရမွန်းကြပ်မှုရှိရင် ခွင့်လွှတ်ပါကွယ်
ပင်မြင့်စံသဇင်ပွင့်ဆိုလည်း
အမြင်နှင့်သာ..တမင်မရင့်လိုတာမို့
မျက်ကွယ်ရာမှာ အစဥ်မလင့်စေချင်ဘူး
ရင်လွှာအသင့်နဲ့
အကြင်နာတင့်တယ်အောင်
လက်နဲ့မလွယ်လည်း
အသက်နဲ့တွယ် မှီအောင် ဆွတ်ဝင့်ရဲ့
တစ်ယောက်တည်းပဲချစ်တယ်
တစ်ယောက်တည်းပဲ မကျန်ခဲ့ဘူးနော်
တစ်ယောက်တည်းလွမ်းရင်း
တစ်ယောက်တည်း ငိုရည်ဖွဲ့ မျက်ဝန်းနဲ့ပြောမိ
အချစ်ရေ..
လောကထောက်ချောက်က
ပင့်ကူအိမ်လို ရှုပ်ထွေးလည်း
လိပ်ပြာလေးလို ရှောင်တတ်အောင်
ကိုယ် အတောင်ပံလေး
ဖြစ်ပါရစေကွဲ့။
တော်တော်တည်
21#လွမ်းချော့ဖြေတေး
နေမကောင်းတဲ့ကြားထဲက
အဖြေတောင်းခဲ့တဲ့နေ့လေးကို
သတိရတယ်
အရင်လို ကြည်နူးစရာလေးတွေက
ရုပ်ရှင်အနှေးပြကွက်လို
မျက်ဝန်းနဂ္ဂတစ်များထဲအထပ်ထပ်ထင်ဟပ်
လွမ်းတယ်..မီးရယ်
ကိုကို့ကို သဝန်တိုတာလေးတွေကိုတွေးရင်း
ပြုံးမိတယ်
ကိုကိုက ပြန်သဝန်တိုခဲ့တာတွေလည်းတွေးရင်း
မျက်ရည်သီရတယ်
ကံကြမ္မာက ပဉ်စလကျ ဆန်ပါစေ
နှစ်ကိုယ်တူ အကြင်နာစိတ်နဲ့ကျော်ဖြတ်
ရင် ဘာတတ်နိုင်ရိုးလဲ
ကိုကိုတို့အနား
မာန်အလွှာတွေမခြားစေချင်ပါဘူး
ဆွေးမြေ့စက္ကန့်တွေကြား ရင်ကြပ်ရပါတယ်
သက်တန့်လို ရောင်စုံလည်း
ကိုကို မဖြာခဲ့
ကိုကို့အမှောင်ကောင်းကင်မှာ
မီးက
တဆင်းတည်းသော ငွေလမင်းသာလုပ်ပါ
ကြားလူရွှို့သော သွေးထိုးမီးတွေကိုကော
ကိုကိုတို့အတူ ငြှိမ်းရအောင်ကွယ်
ရက်စွဲတွေမှာ
လက်တွဲတွေ ဆက်မြဲဖို့
တသက်မခွဲသော ချစ်ခြင်းတရားတို့နဲ့
အချစ်ကမ္ဘာမှာကြံသမျှမလွဲဘဲ
စံပြအတွဲအဖြစ် နှစ်တစ်ရာမကတိုင်
ကိုကိုနဲ့မီးလေး..
ဟော...
သစ္စာဆိုင်ကြစို့။
-တော်တော်တည်
22#ချစ်သူချော့အလွမ်း
ရေမတင်တဲ့ကြာရွက်ပမာ
ဝေဒနါစင်လိုစိတ်နဲ့မေတ္တာပို့
မျက်ရည်စအစားလည်း
ကိုယ်သွေးပေးမယ့်သနပ်ခါးသာ
သူ့ပါးပြင်ထက် ရှိစေချင်ပေါ့
တန်ဖိုးထားခြင်းရဲ့ လှုံ့ဆော်မှု စေတနာ
ချမ်းသာတာဆိုလို့
စိတ်ချမ်းသာအောင်ထားလိုတဲ့
ဂရုစိုက်တတ်မှုပဲရှိတာပါ
ကိုယ့်သံယောဇဥ်နဲ့ချစ်ခြင်းတရားက
မွေးဖွားတာကြောင့်
အပြစ်ယွင်းမှားမှုဆို တွေးမထားဘဲ
သူ့ အမျက်တော်ပြေပါလေ
အပျော်ရှာခဲ့တာမဟုတ်လို့
မခေါ်ပါလည်း အဝေးကလွမ်းမြဲ
အတွေးစနွမ်းလျ မျှော်နေဆဲသာ
လွဲတာရှိဖြေပါ
စိတ်ဆိုးလည်းကြေပါ
ကျမ်းမာစေရာ..ဆုမွန်လွှာ။
-တော်တော်တည်
23#ပြေစာ
သမုဒ္ဒရာဆိုတာ
ရေမှာ ရောင့်ရဲခြင်းမရှိသလို
မျက်စိကလည်း
ချစ်သောသူကို မြင်ခြင်း၌
ရောင့်ရဲခြင်းမရှိတဲ့
မင့်ဓာတ်ပုံလေးငေးရင်း
ကံဖယ်မဝေးရဆို..တမ်းတ
ဆံနွယ်လေးအလှကို နမ်းလျ
လွမ်းရတဲ့ရာသီနာရီထဲ
မာန်လျှော့ကြည့်ကာ ဖြေပေးလေ
ပြန်ချော့မိတာ ကြေအေးစေ
အနေမဝေးချင်တဲ့စိတ်နဲ့
နောက်များဆို ဆန္ဒအတိုင်း
မှန်သမျှ ဖြစ်စေရပါ့မယ်
စေရာ အေးစေငြိမ်းစေပါကွဲ့
သေမလောက်ချစ်တာကိုများ
အကြေကောက် ပစ်ခွာထားဦးမလား
နောင်ကမ္ဘာခြားလည်း ရင်ခွင်မလွယ်သူပါ
ရှောင်စရာအမှားလည်း ပြင်ဆင်လို့
ယောင်ချာချာမသွားဖို့ ဆင်ခြင်မှာ
ဆိုခဲစေမြဲသေချာကွယ်
တိမ်သားလိုမလွင့်တဲ့ သစ္စာနဲ့မို့
မင်းမုန်းမှာသိပ်ကြောက်ရပါတယ်
ရည်စူးလွှာအချစ်အတွက်လည်း
ကြည်နူးစရာအချိန်များကို
စိတ်ကတောက်ကဆဖြစ်ရပ်တွေအစားမဝင်စေချင်
မှားရင်လည်းနားလည်ပေးပါ
အားငယ်အတွေးနဲ့ ရင်ထဲမှာထိ
သနားဘဝင်ရယ်.. ငြိစေတော့လို့
မျှော်မိတယ်
ဒီလူ့ရင်မှာ မောသွင်လည်မော့
စာနာတတ်မှာပါလေ..
ညှာတာမခက်အောင် စာယဥ်တော်သွင်း
မကြာခင် ပျော်ခြင်းများဆောင်နှင်း
မင့် ..ပြန်လာပေါ့။
-တော်တော်တည်
24#မိန်းကလေးတို့သဘာဝ
SMS မဟုတ်ဘူး
ကိုယ် ပို့လိုက်တာ SOS ပါ
အရေးပေါ်ဖုန်းကို ကိုင်ပါ
ပြန်လည်ကယ်တင်ပါ
တောင့်တရင်းနဲ့က
မင့်ကော..ငိုနေမလားအတွေးနဲ့လည်း
ကိုယ့်ဝဲဘက်ရင်အုံခမျာ
ပိုမိုလှိုင်းမောက်လာတယ်
ကိုယ့်ချစ်ခြင်းတွေက
ကြင်နာခြင်းတောင်စွယ်မှာ
နေမညိုပါဘူးကွယ်
တို့တကယ် မြတ်နိုးခဲ့ကြတယ်မဟုတ်လား
သည်လိုနဲ့
စက္ကန့်တွေ ခက်ခက်ခဲခဲ ဖြတ်သန်းရပြီးနောက်မှာတော့
အောက်စီဂျင်ရတဲ့ လူနာလို
မင့် စာသားလေး ကိုယ်ဖတ်ခဲ့ရ
ကို..အခုဘာမှမဖြစ်တော့နဲ့နော် တဲ့
ကိုယ့်ကိုမင်း တန်ဖိုးထားမှန်း
မြင်လေရာလှတဲ့ ကမ္ဘာမှာ
ကိုယ်သိခဲ့ရပြီ။
-တော်တော်တည်
25#ချယ်ရီရောင်ရေခဲမုန့်
ပန်းရောင်အဆင်းနဲ့ သင်းတဲ့ပွင့်ချယ်ရီ
ချစ်ခြင်းရဲ့သင်္ကေတ က ပန်းရောင်ဆိုတော့
အမြင်စေသမျှ..ချယ်ရီရောင်က
ချစ်ခြင်းတရားကို ကိုယ်စားပြု
ညွှန်းဆိုရာပဲပေါ့
ချယ်ရီရောင် တရားသော အချစ်
သစ္စာရှိရင် အချစ်ကတရားတာပဲ
ချယ်ရီတွေက တောင်ပေါ်မြေမှာသာ
သစ္စာရှိရှိ လှိုင်လှိုင်ဝေပါရဲ့
ချမ်းမြေ့ဖွယ်အကြင်နာရာသီမှာလည်း
ခိုလှုံခွင့်ရတာကိုး
ကိုယ်ကလည်း
ချယ်ရီရောင်ချစ်ခြင်းနဲ့သာ
မင့်ရင်ခွင်ထက်မှာမှ လှသောသစ္စာပွင့်ဝေတယ်
ချစ်သူရေ...
မင့်လက်ထဲက
ပန်းရောင်ရေခဲမုန့်လေးကိုလည်း
ချယ်ရီရောင် ရေခဲမုန့်လေးလို့ပဲ
ကိုယ်မြင်တယ်
ကိုယ့်ချစ်ခြင်းတရားက
ရေခဲမုန့်လေးဖြစ်ခဲ့ရင်လည်း
မင့်အတွက်
ချိုမြိန်တဲ့အနှစ်သာရအပြည့်နဲ့
အေးမြမှုကိုသာ ပေးစွမ်းချင်သူပါ
မင်း..ဥပေက္ခာပြုခဲ့ရင်သာ
ွမလန်းဆန်းနိုင်တော့မယ့် ပွင့်ချယ်ရီလို
ပိုင်ရှင်မဲ့အရည်ပျော်ကျသွားမယ့်
ဒီချစ်ခြင်းတရားပါပဲ
ကိုယ့်ချစ်ခြင်းတရားက
ချယ်ရီရောင်ရေခဲမုန့်လေးပေါ့
ပေးဆပ်နေမယ်လေ
ကိုယ့် ချယ်ရီပွင့်တွေအတွက်လည်း
အကြင်နာရာသီကိုသာ
ပေးစွမ်းလို့အမြဲထားပါကွယ်။
-တော်တော်တည်
26#နှလုံးသားရဲ့သစ္စာ
အချစ်စိတ်နဲ့မျက်နှာသစ်တော့
နံနက်ခင်းက ကြည်လင်ဖွယ်
ရည်ရွယ်စိတ်နဲ့ ရှင်သန်နေတော့
ခံနိုင်ရည်က သူ့အဓိပ်ပါယျ
အလွမ်းစိတ်နဲ့ညနေညိုတော့
ဆုံနိုင်ခွင့်ကို မှန်းဆတယ်
ယုံကြည်စိတ်နဲ့အနာဂတ်တွေးတော့
အိပ်မက်တွေက ခမ်းနားလွယ်
နှစ်ဆယ့်လေးနာရီ တစ်ရက်ရောက်တိုင်းတော့
သည်စိတ်များနဲ့ ကူးခဲ့မယ်
တရက်မှာဖြင့်လက်တွေ ့ရောက်တော့
နှစ်ဆယ့်လေးနာရီ တွေ့စို့ကွယ်။
-တော်တော်တည်
27#ဖူးစာရှင်
မင့်က
ကိုယ့်ရဲ့တသက်တာရေးမကုန်နိုင်တဲ့
ကိုယ်ပိုင်ကဗျာလေးပါပဲ
မင့်အပြုံးက
ကိုယ့် တန်ဖိုးထားမှု
အားလုံးကိုသိရှိနိုင်တဲ့
ကိုယ့်နှလုံးသားရဲ့ password
စကားနောက်မှာ
ချစ်ခြင်းတရားပါတယ်
ဖုန်းဘယ်ထရီကျတာလေးကအစ
အနာဂတ်မှာလွှင့်မယ့်အလံလေးရဲ့
မျက်နှာမူရာအဆုံး
မင့်ကို ရင်ဖွင့်မယ်
အကြင်နာတီးတိုးဖော်
ဝေဒနါ တိုင်ပင်ဖက်
မင့်အတွက်ဆို
ရာသီဥတုအခြေအနေမေးရင်တောင်
စိုးရိမ်လို့ပဲ မှတ်ပါကွယ်
နဖူးစာပါပြီဆိုကတည်းက
နဖူးရေတွန့်သည်အထိ
သံသယမရှိပါနဲ့
သံသရာရှိသရွေ ့
မင့်တစ်ယောက်သာ
နေ့စဥ်တိုင်းရဲ့ မြတ်နိုးရာ။
- တော်တော်တည်
28#လက်သည်း( Love )
မီးရဲ့..လက်သည်းလေးဖြစ်ချင်မိပါရဲ့
ကိုယ့်ကိုလိုအပ်သလိုပုံဖော်ပြီး
မီးအတွက် လှပစေချင်လို့...
မီးရဲ့..လက်သည်းလေးဖြစ်ချင်မိပါရဲ့
ကိုယ့်ကို မထိခိုက်အောင်
မီးအမြဲ ဂရုစိုက်ပေးနေတာ ဖြစ်ခံချင်လို့
မီးရဲ့..လက်သည်းလေးဖြစ်ချင်မိပါရဲ့
မီးကြည့်ရင်း ကြည်နူးနေတဲ့
ဘဝလေးအဖြစ် ရချင်လို့
မီးရဲလက်သည်းလေးဖြစ်ချင်မိပါရဲ့
မီးရင်ခုန်သံကို မီးပြန်စမ်းကြည့်တဲ့အခါ
အနီးဆုံးသူဟာ ကိုယ်အဖြစ်ပဲရှိချင်လို့
မီးရဲ့လက်သည်းလေးဖြစ်ချင်မိပါရဲ့
မီးရှိနေသမျှ
မီးရဲ့စေလိုရာလက်မှာ
တိုးတိုးလာမယ့်အချစ်တွေအဖြစ်
တည်နေမယ့်အရာဖြစ်လို့...။
-တော်တော်တည်
29#တစ်ဦးတည်းသောချစ်သူ
စည်းမဖောက်တဲ့သစ္စာနဲ့
မီးတစ်ယောက်သာ ခစြျသဒ်ဓါရှငျ ။
ပြိုင်ဖက်ကင်းချစ်ခြင်းရယ်နဲ့
နိုင်ကွက်နင်း စစ်မခင်းသူမှာ
ရည်မျှော်ရာ နားလည်ပေးလို့
အားငယ်အတွေးလည်း ဝေးရပါတယ်
ဖေးမရာ မညည်းစတမ်းရှာဘဲ
မီး..လမ်းပြကူ။
ကိုယ့်အတွက်သာ စိုးရိမ်ရှာသတဲ့
တချို့ခက်ရာ ဆိုးကျိန်စာမရှိတာမို့
မျက်ရည်စို့ ကြေကွဲဖွယ် မဲ့ပေါ့
သူ့ရဲ့စိတ် ဖြူစင်တယ်ကွယ်
လူတွင်ကျယ်မလုပ်လေဘူး
(သြော်..ဘယ်သူပင်မှရယ်..)
တမူယှဥ်မလွယ်သော မေတ္တာထူး။
ကံဖူးစာ ရွေးထားစေပြီးမှဖြင့်
ပြန်မထူးရာ..အတွေးမမှားအောင်နေရင်း
ဘေးစကားတွေ သူရှောင်ရှား
သွေးခြားရင် နားမှာခါးတတ်လို့
နှစ်ဖက်ကြားလာ ဝင်နှင်းသူဆို
လက်ဝါးခါ အစဥ်ငြင်းသူမို့
(မီးလေးရေ..)
ကိုကိုလေ...
အမြင်ရှင်းစွာ...ချစ်။
-တော်တော်တည်
30#မှတ်ကျောက်
သစ္စာထားတာ..ရေမြေဆုံးမို့
နှစ်တစ်ရာခြားကာ နေလေဦးတော့
ရွှေဘုန်းကံနှင့် နတ်သမီးပျိုရေ
မင့်စေသုံးရန်ဖြင့်
ကိုယ်..တသက်မညည်းလိုပေ
ဟော့ဒီ့ ..ဖုန်းအယ်လ်ဘမ်
မာမိုရီကတ်လေးထဲက
မြင်လေရာ
မင့်ပုံရိပ်အလှငေးရင်း
သခင်ရေ...သာ သိပ်တမိတဲ့
အစဥ်ဝေဒနါနဲ့ အိပ်မရတာကလွဲလို့
အရာရာကိုဖြင့်..စိတ်ချလှည့်ပါ
ကဗျာချိုသီစပ် ရင်ဖွင့်ဆွေးရင်းနဲ့က
အဆင်ပြေစရာမဲ့သိပ်လွမ်းလွန်းတဲ့အခါလည်း
တစ်ကိုယ်ရည်ညနဲ့ငိုချလိုက်မိရုံပေါ့
မေတ္တာပွား အလှဖွဲ့သီ
ချစ်တာများ ဘဝနဲ့ချီ
မရည်ရွယ်ပါပေမဲ့
မကြည်ဖွယ် ကံကြမ္မာစီးတာကြောင့်
မာန်သာချဖယ်ခွာနေရလည်းပဲ
ထပ်တပါးဆီဘက် အလွယ်မသာယာ
ကွယ်ရာမှာကို.. ပိုတွယ်တာမည်
မမြင်သာရာမှာ ပိုစောင့်ထိန်းမည်
မျက်နှာလွှဲရာမှာ ပိုဂရုစိုက်ပါမည်
အမှာစကားတွေ အမှတ်ရနေမှာပါ
ကျမ်းမာအောင်နေပါ့မယ်လေ
နေကောင်းမှ..
အခွင့်ကောင်းဆောင်နိုင်မှာမလား
အာရောဂျံ ပရံမံလာဘံ အတွက်
အချစ်သည်လည်း ဆေးစွမ်းကောင်း
သြော်
စည်းတဖက်ကနေပဲ...
ရွှေနဲ့မြလို နီးစပ်ဖို့ကြိုးစားရနှင့်မှာပေါ့
နေနဲ့လ လို မဆုံနိုင်သေးလည်း
တကမ္ဘာတည်းမှာပဲ ရှိနေတယ်..ဖြေအတွေးနဲ့
ခရီးဆက်ကြစို့
တနေ့တော့
ကျည်ပွေ့မှာအတက်ပေါက်မှာပါ
ကြည်မွေ့စရာမရှက်ကြောက်ကြေးပေါ့
ဆုံမယ့်နေ့ထိ သက်သေထောက်
သြော်..
သစ္စာမှတ်ကျောက် ။
#တော်တော်တည်
31#ဆုမွန်ရာ
စိတ်ကူးနဲ့တွေးပျော်မိလေသမျှ
မဆုံနိုင်သေးရတဲ့တမ်းတဖော်အဖြစ်ကနေ
အနမ်းမျှော်နေ့ရက်တွေတာရှည်နေရတဲ့ကြား
အလွမ်းပေါ်အဆွေးဆင့်
ထပ်ဝေးလွင့်အောင် ပြုကြရဲ့
ဝဋ်ကြမ္မာကိုကြောက်သူမို့
မာန်ဆိုးမရှိအောင် နေစဥ်ကွယ်
ကံငြိုးရှိလည်းပြေချင်တယ်
ဘုရားရှင် အဆက်ဆက်ဆီ သစ္စာဖွဲ့
နှစ်ကိုယ်ချစ်ခြင်း ချိုပါရက်
ကြားဝင်မဖျက်ပါစေနဲ့။
-တော်တော်တည်
32#အမြတ်နိုးဆုံးအရာ
လွမ်းတယ်..
မငိုရဘူးဆို နှင့်သိမ့်လည်း
အလွမ်းကအနမ်းမှမဟုတ်တာ
ဘယ်နတ်ဘုရားက မျက်ဝန်းကိုတားနိုင်မှာတဲ့လဲ
လွမ်းတယ်
ခမ်းခြောက်သွားတဲ့ရေကန်ရဲ့
အထီးကျန်ဆန်မှုလိုမျိုး
အမှတ်တရတွေက ကြာပန်းတွေလို
ဖြူဖြူစင်စင်ဖူးပွင့်ခဲ့တာမဟုတ်လား
နှလုံးသားရဲ့နက်ရှိုင်းစွာ ကွဲအက်နေမှုက
လန်းဆန်းစေတဲ့
သူ့ချစ်ခြင်းရဲ့စွတ်စိုမှုကို တမ်းတမိတယ်
ကြမ္မာရာသီနေမင်းက သိပ်ပြင်းလွန်းရက်သလား
လွမ်းတယ်
ဇမ္မူဒီပါ တောင်ကျွန်းမှာ
မင့်အလှတရားဆီကိုပဲ ကိုယ့်ချစ်ခြင်းတွေ
သြဘာထွန်းတယ်
အမြတ်နိုးဆုံးအရာလို့
နမိတ်ပုံတပ်လိုက်တာနဲ့
မင့်မျက်နှာလေးကို တန်းမြင်တယ်။
-တော်တော်တည်
33#ရည်စူးသစ္စာ
တစ်ဦးကိုတစ်ဦးဒဏ်ရာရစေချင်လို့
ချစ်ခဲ့တာမှမဟုတ်ပဲ
မာန်မာနဘာလို့ထားရမှာလဲ
ကံကြမ္မာကဘယ်လိုတားြပလာပါစေ
ဥာဏ်လွှာနဲ့ကျော်လွှားကြဖို့ပြင်စို့
သံသရာတစ်ဖက် ခြားနားစေဦး
တို့တတွေ ဆုံနိုင်ဖို့ လုံ့လရှိရမယ်
တစ်ဦးကိုတစ်ဦးဒဏ်ရာရစေချင်လို့
ဆိုင်တိုက်တဲ့စစ်ပွဲလည်းမမြည်တော့
တိုက်ဆိုင်တဲ့သီချင်းတွေကြားမှာ
မျက်ရည်အမြဲဝဲရတယ်
အချစ်စစ်နဲ့ပဲ ပွဲတော်တွေကို
အတူနွှဲပျော်ချင်ကြတာလေ
တို့တွေဘယ်လောက်ဝေးရဦးမှာလဲ
တစ်ဦးကိုတစ်ဦး ဒဏ်ရာရစေချင်လို့
အလွမ်းတွေပေးထားကြတာမှမဟုတ်တာ
မလွှဲသာသေးလို့သာ ခံစားမှုကို မျိုသိပ်နေရတာပေါ့
နှလုံးသားဖြစ်မရှုံးစေဖို့တော့
မြတ်နိုးရကျိုးနပ်အောင်ပေါင်းဖက်နိုင်စေရမယ်
တို့တတွေ တန်ဖိုးထား ကြင်နာနေတာပဲမလား
သီကျူးမေတ္တာပို
ရည်စူးသစ္စာဆို
ကြည်နူး ချစ် သ ဒ်ဓါ ချို
တစ်ယောက်တည်းပဲချစ်လို့
တစ်ယောက်တည်းပဲ ဆွေးနေတယ်။
-တော်တော်တည်
34-ချစ်သူရဲ့ကြယ်စင်
ကံကြမ္မာလမ်းကြုံလို့ဝင်ခေါ်ခဲ့တဲ့
ခရီးဖော်ရယ်မှမမြည်တာ
သံသရာတဝှမ်းဆုံနေအောင်
စေတနာမွန်နဲ့
အသေအချာလာခေါ်ထားခဲ့တဲ့
ဘဝလက်တွဲဖော် ချစ်သူပါ
နွေကန္တရာအလွန်လည်း
ကြေညာကာကျော်လွှားရင်း
တခဏပင် မပြတ်ဆဲစတမ်း
ကြည်နူးရွယ်စူးခြင်းနဲ့သာ
နွှဲပျော်ကာနေချင်သူတွေမို့
ရတုဆက် လွဲချော်ရာမဲ့သည်အထိ
မောင်နှံနှစ်ဖော်အဖြစ် အမြဲတော်ထားလျက်
ပဲလှော်ကြား ဆားဝင်ညှပ်မှုတွေကိုလည်း ..မေ့ဖျက်
အတူဖြတ်သန်းတဲ့ နေ့ရက်တွေ...
ဘာတွေပဲလုပ်လုပ်
မီးလေးနဲ့ရှေ့ရေးအတွက်ပဲ
ရော်ရည်စဥ်းစားပါတယ်
ကိုကို့နှလုံးသား ခံစားမှုက မီးလေးတစ်ဦးတည်းမှာသာ ရှိတော့ရဲ့
မီးခြေတစ်လှမ်းတိုင်းက
ကိုကို့အနာဂတ်ပါ
အစဥ်ပိုကဲ သဝန်တိုဆဲပဲလေ
နဂိုလိုလည်း ကိုကိုဆိုချွဲပါ
မျှော်မှန်းရက်မတိုင်ခင်
စာပို့ရင်း အတော်လွမ်းတတ်လာရပေမယ့်
ပစ်ပယ်မထားတဲ့ ချစ်တယ်စကားကို
နေ့စဥ်ညစဥ် တွေ့မြင်ရချင်တယ်
မီးဘဝကို
ကိုကို့ကို နောက်ခံထားလို့
သင်ပုန်းပေါ်က ဝလုံးလေးလို
ဖြူစင်လှပ ဖြစ်ရစေမယ်
ကိုကိုက...မီးပြောသလိုမျိုး
မီးလေးနှလုံးသားထဲမှာ..ထာဝရ တောက်ပနေမယ့်
ကြယ်စင်လေးလည်း အမြဲ ဖြစ်ပါရစေ
သခင်ပျို မဆွေးစေလို
ပင်ကိုယ်အတွေးထဲမှာကိုက..
အရင်လိုမေးဆဲပါပဲလေ
ကိုကို့ကိုချစ်လား။
-တော်တော်တည်
35#ဒီလိုရှိတယ် အချစ်ရဲ့..
မေ့မရခဲ့ပါဘူးကွယ်
မင့်နာမည်ကို
ဘယ်အချိန်မှာ..ဘယ်သူမေးမေး
မင့်သိနေသလိုမျိုးပေါ့
ကိုယ့်ရင်ထဲမှာလည်း မင်းပဲရှိနေတာ
ကိုယ်တိုင်အသိဆုံးပါကွယ်
ဘယ်နေရာကနေ..ဘယ်သူမေးမေး
မင့်ပဲရှိတယ်လို့ ဖြေမယ်
မှတ်မိပါတယ်
အတူငေးကြမယ်ဆိုတဲ့
သက်မဲ့တောင်တန်းတွေတောင်
ပျောက်မသွားသေးတာ
အတူဆွေးနေတဲ့
သက်ရှိနှလုံးသားတွေရဲ့
ခိုင်မာတဲ့ချစ်ခြင်းတရားကဘာလို့ မမြဲရမှာလဲ
သက်မဲ့တောင်..အလွယ်တကူ မပျက်စီးနိုင်ဘူး
နှလုံးသားဆိုတာသက်ရှိကွဲ့
အစစကို အမှတ်ကြီးမှတ်မိပါတယ်အချစ်ရဲ့
ပြန်ဖြေချရမယ့် ကျစ်ဆံမြီးလို
အချစ်ကို ထုံးဖွဲ့ရစ်ခဲ့တာမှမဟုတ်တာ
ပြန်ပြေသွားမယ့် ခေါင်းစည်းကွင်းလို
သံယောဇဥ်ကို သိမ်းခဲ့တာမှမဟုတ်တာ
ပြက္ခဒိန်သာဟောင်းသွားမယ်
ရေးထားတဲ့လရက်တွေက
သက္ကရာဇ်အဆက်ဆက်ထိ ပြန်ကြည့်ရမယ့်သမိုင်းလို
အရာရာကို သတိရနေမိတာပေါ့ကွယ်
ဟစ်တလာတောင်မိန်းမကြောက်တာပဲ
မင့်စိတ်ဆိုးမှာ ကိုယ်ကြောက်တာဘာဆန်းလဲ
တချိန်မှာကိုယ်တို့ကို လက်ဖွဲ့ပေးမယ့်သူတွေကိုလည်း
သဝန်မတိုပါနဲ့
လက်ဖွဲ့တွေ အတူယူကြဖို့
ရေစီးဖြတ် ဓားတွေကို လည်း
အနေနီးမပြတ် ကျော်လွှားကြမယ်
ဘယ်သူမဆို
ကိုယ့်ချစ်သူကို
ကတ္တီပါလမ်းပေါ်မှာ
ရင်ခွင်ပွေ ့ခေါ်ရှာချင်တာပဲ
ဘုရားကမရွေ့တဲ့ ကျေးကျွန်လို
ကိုယ့်..သစ္စာတရားတည်ပါတယ် အချစ်ရဲ့
ကိုယ့်ခြေလှမ်းတိုင်းက မင့်အတွက် အနာဂတ်ပဲ ဖြစ်စေမယ်။
-တော်တော်တည်
36-#သံသရာဆုံးတိုင်ချစ်သူ
ဆရာမလေးရေ..
လောကကို ရင်ဆိုင်ဖို့
မင့်ဘဝကို ထက်မြက်ဖို့အတွက်
ကိုကိုက ဓားသွေးကျောက်ဖြစ်ချင်သူပါ
ကိုကို့ဘဝလက်ရေးလေး
ဖြောင့်ဖြူးညီညာနေဖို့လည်း
လေးကြောင်းမျဥ်းလို ထိန်းပေးပါ
ခဲတံနဲ့ချွန်စက်လို
အတွဲလို့သာမြင်ပြီး
မီးလေး ဘဝကို
ချွှန်မြပေးသလိုနဲ့
တတိတိတိုက်စားခံလိုက်ရတာမျိုးကော
မဖြစ်စေရပါဘူးကွယ်
အတ္တမဲ့နှလုံးသားနဲ့
မာနမဲ့အရှုံးသမားအဖြစ်
အချစ်ကိုအသက်သွင်းတဲ့
ကိုကို့နှလုံးသားကိုထိခိုက်အောင်
စေတနာယောင်နဲ့
ဝေဒနါတောင်လိုပုံပေးမယ့်
ဘေးလူစကားတွေကိုလည်း
အသေအချာရှောင်လို့ မယုံသေးနဲ့ဦးနော်
တွေးပူထားမိတာ
အရေးတယူအများကြီး ချစ်လို့ပါ
လမင်းရဲ့စွဲငင်မှုနဲ့
ပင်လယ်မှာ ဒီရေအတက်အကျဖြစ်ရသလို
မီးလေး ချစ်ခြင်းအပေါ်မှာမူတည်ပြီး
ကိုကို့ ရင်ထဲမှာလည်း
စိတ်ဓာတ် အတက်အကျဖြစ်ရပါတယ်
ကိုကို့ကိုယ်ကိုယ် အချစ်ကျွန်အဖြစ်
မီးလေးနှလုံးသားဆီ
သံသရာလုံးစာ ပေးအပ်ထားပါရဲ့။
မီးလေး ယူနီဖောင်းလို
ရင်ဖုံးအင်္ကျ ီလေးပမာ
ကိုကို ဖြူဖြူစင်စင် ကာကွယ်ပေးပါ့မယ်
လုံခြည်ရောင်လေးလိုသာ မစိမ်းစေချင်တာ
မှားတာရှိရင် ဆူပါ
သနားစရာအကြည့်နဲ့ လူပါ။
-တော်တော်တည်
37#နာမည်
ယုံကြည်လို့သက်သေမထားဘူး
အသိစိတ်ထဲမှာ
အသဲစွဲမှတ်မိတယ်
အသက်ဆုံးသည်မက...
ပုံပြင်လို့မှတ်စေမထားဘူး
အမြဲတမ်းလွမ်းမိတယ်
အမြင်တိုင်းကို ချစ်နေလျက်ပဲ
အမျက်တစ မရှိသည့်တိုင်...
ဆုံမည်လို့ နံနက်တွေတိုင်းစတွေးတယ်
ခံစားမှုက ရက်စွဲတိုင်းမှာဘယ်သူကမယှဥ်နိုင်
ခစားနေဆဲ ခြေတော်ရင်းမှာ
ခိုင်စွဲနေတဲ့ သံယောဇဥ်မပြတ်စတ
Unlock to read this premium article with 10 points.