စမ်းစမ်းနွဲ့ (သာယာဝတီ)
ပျော်မောသူ
ဗီဇမွေးမြ၊ မျိုးစေ့ချလို့
အလှပန်းခင်း၊ ပြုစုရင်း
သက်ပြင်းတမှုတ်၊ တေးတပုဒ်နဲ့
ချွေးသုတ်ခဲ့ရ၊ ကာလရှည်ကြာ
ဒါပဲလား လောက
ပြောရအခက်၊ ဩချလျက်
အသက်ရင့်ရော်၊ လေးဆယ်ကျော်
ပျော်လည်း ပျော်ရဲ့ မောပါရဲ့။
ရာသီကြမ်းမှာ
စခန်းဖျား ပန်းဖျား၊ နွမ်းအားလျော့ခွေ
ပေတဲ့အခါလည်း ပေ၊ တေတဲ့အခါလည်း တေပေါ့ နားနေသခိုက်၊ တမှေးငိုက်စဉ်
ဖွာရှိုက်ယစ်မူး၊ ဒူးယားဘူးခွံ
နှစ်ခွံ သုံးခွံ၊ ညဉ့်ယံလွန်မြောက်
မိုးဦးသောက်ခဲ့၊ စိတ်နောက်ကိုယ်ပါ
လူဆိုတာ
တခါတခါတော့လည်း ထုံထိုင်းနေချင်တယ်။
လောကဓံ အပ်သွားချက်
ထုံဆေး တစက်နှစ်စက်ကြောင့်
အေးစက်ခဲ့ပြီလား
သွေးပျက်ခဲ့ပြီလား
စားခြင်း အိပ်ခြင်း၊ တွေဝေခြင်းနဲ့
ရန်ကင်းမှာနေ၊ တေးသံဝေ
ထိုင်နေလို့တော့ ဘာမှမဖြစ်နိုင်ဘူး။
ဒါပေမဲ့
ဝတ္ထုရေးတဲ့၊ စမ်းစမ်းနွဲ့သာယာဝတီ
ဒဏ္ဍာရီလား သမိုင်းလား
ပိုင်းခြား ဆင်ခြင်
သင်... တခုခုတော့ ဆုံးဖြတ်လိမ့်မယ်။
မုန်းလျှင်အပြစ်၊ ချစ်လျှင်အကျိုး
ဆိုးဆိုးကောင်းကောင်း၊ လူ့အကြောင်းလည်း
ညွတ်ပြောင်းစိတ်မှာ၊ မထိတ်သာခဲ့
လိပ်ပြာရဲရင့်၊ ပန်းတချို့ ပွင့်စေခဲ့ပြီ
မကြွေတဲ့ပန်း
ခြွေရဲရင် ခြွေစမ်းပါစေ။
(ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၈၇၊ မေလ)
စမ်းစမ်းနွဲ့ ( သာယာဝတီ )
Keep Reading