တင်ညွန့်
အနောက်နိုင်ငံကျောင်းများတွင် နွေရာသီစခန်းချ အစီအစဉ် (Summer Camp) များကို လုပ်ဆောင်လေ့ရှိ ကြောင်းတွေ့ရသည်။ နွေရာသီ ကျောင်းပိတ်ချိန်တွင် ကလေးများကို ပညာလည်းရ၊ ဗဟုသုတလည်းကြွယ်၊ အလှည့်အပြောင်းလည်းဖြစ်စေရန် စီစဉ်ပေးထားသည့် ပညာရေးအစီအစဉ်တစ်ခုဖြစ်သည်။
ကလေးများကို ကျောင်းထဲတွင် ပိတ်လှောင်ထားခြင်းထက် ပြင်ပတွင် ပညာပေးနိုင်ရန် စီစဉ်ပေးခြင်းက ပိုပြီး ဉာဏ်နှင့်စိတ်ကို ပွင့်လင်းစေသည်ဟု ပညာရှင်များက လက်ခံထားကြပါသည်။ ထို့ကြောင့် လေ့ကျင့်စခန်းချ Camp အစီအစဉ်ကို အလေးထားပြီး လုပ်ဆောင်နေကြခြင်းဖြစ်သည်။
အဘယ်ကြောင့် စခန်းသွင်း ပြင်ပ ပညာရေးကို အလေးထား ဆောင်ရွက်ကြရသနည်း။ ကလေးများကို Camp သွင်းခြင်းကြောင့်
၁။ ကျောင်းသားအချင်းချင်း အပြန်အလှန် ရင်းနှီးချစ်ကြည်မှုကိုဖြစ်စေပြီး လူမှုပေါင်းသင်းဆက်ဆံရေးများ ဖွံဖြိုးတိုးတက်လာစေရန်
၂။ စိတ်ဓာတ် ကြံ့ကြံ့ခံနိုင်သော ဒူပေနာပေခံနိုင်ရည်ရှိသူများဖြစ်လာစေပြီး မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်အဝ ရှိလာကြစေရန်
၃။ ကိုယ်ခန္ဓာကြုံခိုင်ဖွံဖြိုးတက်သော ကျန်းမာသန်စွမ်းသူများ ဖြစ်လာစေရန်
၄။ သဘာဝပတ်ဝန်းကျင်ကို လေ့လာသတိထားမိပြီး ထိန်းသိမ်းစောင့်ရှောက်တန်ဖိုးထားတတ်သူများ ဖြစ်လာ စေရန်
၅။ ခေါင်းဆောင်နိုင်မှုသဘောတရားများကို လေ့လာနိုင်ပြီး အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများ ရနိုင်သော အဖွဲ့အစည်းစိတ်ဓာတ်ကို တိုးမြှင့်ပေးရန်
၆။ နွေရာသီ အနားယူသည်ဆိုသော်လည်း အတွေ့အကြုံလည်းရ ပညာလည်းရ ဘဝအတွက်ပါ အသင့် အနေအထားဖြစ်စေရန်
၇။ လွတ်လပ်မှုကို ရရှိခံစားတတ်စေရန်နှင့် ကိုယ်ပိုင်ဆုံးဖြတ်များ ချမှတ်လုပ်ဆောင်တတ်စေရန်
၈။ သင်ကြားမှု သင်ယူမှု အသစ်အဆန်းများကို ရရှိစေရန်
၉။ စိုးရိမ်စိတ်များ ကြောက်ရွံ့စိတ်များ ပပျောက်ကင်းဝေးစေရန်
၁၀။ အများနှင့် စုပေါင်းလုပ်ဆောင်ပြီး ပျော်ရွှင်စွာဖြင့် နေထိုင်တတ်စေရန် ဆိုသည့် အချက်များကို Camp များတွင် အဓိကထားပြီး လေ့ကျင့်သင်ကြားပေးကြကြောင်းတွေ့ရသည်။
စခန်းများတွင် ကိုယ့်ပစ္စည်း ကိုယ့်အိပ်ရာများနှင့် ရောက်လာသည် ဆိုသော်လည်း လူမှုပေါင်းသင်း ဆက်ဆံ ရေးကို အလေးထားပြီး အားလုံးအတူတကွ ဘာသာလူမျိုး မခွဲခြားဘဲ ပူးပေါင်းနေထိုင်တတ်စေရန် နေရာချထား ပေးခြင်းမှာ စခန်း၏ ပထမဆုံးလုပ်ရသည့် အတွေ့အကြုံဖြစ်သည်။
“အဖွဲ့လိုက်ဆောင်ရွက်၊ ပူးပေါင်းလုပ်ဆောင်၊ ညှိနှိုင်းအဖြေရှာ၊ စည်းကမ်းလိုက်နာ” ဆိုသည်မှာ စခန်း၏ ဆောင်ပုဒ်များဖြစ်ပြီး အားလုံး အတိအကျ လိုက်နာ ဆောင်ရွက်ကြရသည်။
စခန်းထဲရောက်လာသည့် ကလေးတိုင်းကို အချင်းချင်း အပြန်အလှန် ရိုသေလေးစားခြင်း၊ ပြဿနာကို ပူးတွဲ ဖြေရှင်းခြင်း၊ ဖြစ်လာသည့် အခက်အခဲတိုင်းကို ပူးပေါင်းပြီး ရင်ဆိုင်ခြင်းများကို လေ့ကျင့်ပေးခြင်းမှာ ကျောင်းစာသင်ခန်းဆီအထိ ယူဆောင်သွားနိုင်သော စိတ်ဓာတ်ကို ပုံသွင်းပေးခြင်းဖြစ်သည်။
စခန်းသို့ရောက်လာသည့် ကလေးများသည် ပညာတော်သည် မတော်သည်၊ အိုင်ကျူမြင့်သည် မမြင့်သည် အရေးမကြီး၊ သူတို့၏ EQ (emotional quotient) ကိုသာ အလေးထားပြီး တစ်ဦးလုပ်ဆောင်ချက်ကို တစ်ဦးက အသိအမှတ်ပြုခြင်း၊ နားလည်မှုပေးခြင်း၊ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းများ ရှိစေရန် လေ့ကျင့်ပေးခြင်း တို့မှာ စခန်းရောက်ခဲ့သည့် ကလေးတိုင်း၏ တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံများဖြစ်သည်။
ယနေ့ခေတ်သည် ကလေးများကို မိဘများက ရင်အုပ်မကွာ စောင့်ရှောက်လွန်းသော ခေတ်ဖြစ်နေသောကြောင့် ပူဖောင်းဖြင့် ထုပ်ထားခြင်း ခံနေရသော မျိုးဆက်ဟု တင်စားခေါ်ဝေါ် သုံးစွဲခြင်း ခံရပါသည်။ တစ်နည်း ဆိုရလျှင် စခန်းသို့ရောက်လာသည့် ကလေးများကို ပူဖောင်းထဲက ဖောက်ထုတ်ပေးလိုက်ရန် လိုသည်ဟု စခန်း သွင်းသည့် ဆရာများက ယူဆထားကြသည်။ ထို့ကြောင့် ကလေးများသည် အခက်အခဲ အန္တရာယ်ကို ကြုံလာလျှင် ရင်ဆိုင်ကျော်လွှားတတ်စေရန် အရေးကြီးလာသည်။ မလုံခြုံသည့် ပတ်ဝန်းကျင်အနေအထားများ ကြားထဲတွင် မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသူများအဖြစ် လေ့ကျင့်ပေးရန် အရေးကြီးလာသည်။
စခန်းသွင်းလေ့ကျင့်ပေးသည့် နေရာများတွင် ကလေးများ၏ ကျန်းမာရေးနှင့် သန်စွမ်းရေးအတွက် အထူး လေ့ကျင့်ပေးသည့်နေရာများဖြစ်သည်။ တောင်တက်ခြင်း၊ တောလမ်းခရီးမိုင်ရှည်ချီတက်ခြင်း၊ ရေကူးခြင်း၊ လှေလှော်ခြင်းများကို အန္တရာယ်အကင်းဆုံးဖြစ်စေရန် စီမံပေးထားမှုကြားတွင် လုပ်ဆောင်ကြရသည်။ ကလေးများအတွက် ပျော်စရာလည်းကောင်းသလို ဘဝတစ်သက်တာ မမေ့နိုင်စရာ အတွေ့အကြုံများဖြစ် သည်။
ကလေးတိုင်း စောစောထ၊ ကာယလေ့ကျင့်ခန်းလုပ်၊ သတ်မှတ်ထားသည့် အစားအစာများကို စုပေါင်း စားသောက်၊ နေ့တစ်နေ့အတွက် သတ်မှတ်ထားသည့် အစီအစဉ်များအတိုင်းလှုပ်ရှားကြရသည်မှာ အလွန် ပျော်စရာ ကောင်းလှသည်။ တစ်သက်လုံး အိမ်တွင် အသင့်စားလာကြရသည့် ကလေးများအဖို့ စနစ်တစ်ခု အတွင်း လှုပ်ရှားခြင်းဖြင့် ဘ၀အလှည့်အပြောင်းကိုရစေကာ ဥခွံအတွင်း ဖောက်ထွက်ခြင်း ပြုကြရသည်။
နွေရာသီစခန်းသွင်း အလေ့အထများသည် ဖုံးထားသည့် ပူဖောင်းလေးများထဲမှ ကလေးများကို ဆွဲထုတ်ပေး နေသည့် အလေ့အကျင့်ကောင်းများအဖြစ် သူတို့နိုင်ငံတွင် လေ့ကျင့်ပေးနေသည်မှာ အတုယူစရာကောင်းလှ သည်။
(Ref: Benefits of Summer Camp)
(Photo Credit: www.internationalsummercampuk.com)
တင်ညွန့်
၇.၁.၂၀၂၄
Keep Reading