Moe Sat
`ပျော်ရွှင်မှုအစ ပျော်ရွှင်မှုအဆုံး´တဲ့။ ဤစကားရပ်လေးကို ရုတ်တရက်ကြည့်လျှင် ဆရာမင်းလူရေးသားခဲ့သော `ချစ်မျှားရှင်အစ ချစ်မျှားရှင်အဆုံး´ဟူသော လုံးချင်းဝတ္ထုစာအုပ်ကို ပြေးမြင်ကြမည်ဟု ထင်သည်။ ဆရာမင်းလူစာအုပ်ထဲတွင်လည်း `ချစ်မျှားရှင်´ဟူသော ကျောင်းပို့,ကျောင်းကြို ဖယ်ရီကားအဟောင်းကြီးက အဓိကဇာတ်လိုက်။ ထိုကားကြီးနှင့်စခဲ့သော ဇာတ်လမ်းကား ထိုကားကြီးနှင့်ပင် အဆုံးသတ်သွားခဲ့သည်။ ဆိုတော့ ကျွန်တော်တို့ရယူပိုင်ဆိုင်ထားပြီးသော လူ့ဘဝကြီးကို ပျော်ရွှင်မှုနှင့်စ၍ ပျော်ရွှင်မှုနှင့်အဆုံးသတ်နိုင်ရန် အလွန်အရေးကြီးပေသည်။ ထိုမှသာ ဘဝတစ်ခုဖြစ်တည်လာရကျိုးနပ်ပေမည်။ ထိုမှသာ အဓိပ္ပါယ်ရှိသော နေ့ရက်များကို ထိတွေ့ဆက်ဆံခွင့်ရပေလိမ့်မည်။ ပျော်ရွှင်မှုဆိုသည်ကား ဘဝအစမှဘဝအဆုံးတိုင် မရှိမဖြစ်လိုအပ်လှပေသည်။
`ဘဝကို ရှင်သန်ခြင်း´ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့လျှင် ထိုရှင်သန်ခြင်း၌ ပျော်ရွှင်မှုပါမလာခဲ့သော် ထိုဘဝကို အဓိပ္ပါယ်ရှိသည်ဟု မယူဆနိုင်ပေ။ ကျွန်တော်တို့ မသိ,မမီလိုက်သည့် ငယ်စဉ်ကလေးဘဝကို ပြန်လည်တွေးတောကြည့်မည်ဆိုပါက ဝမ်းသာပျော်ရွှင်စရာတွေနှင့် ပြည့်နှက်နေခဲ့မည်ကိုကား တစ်စုံတစ်ရာ သံသယဝင်စရာမလို။ ထိုသို့ ပျော်ရွှင်ခဲ့ရသည်မှာ အဘယ်ကြောင့်နည်း။ လူတိုင်းလူတိုင်း တန်းတူညီမျှ အခွင့်အရေးရနိုင်သော `မိဘမေတ္တာ´ကို ခဏချန်လှပ်ပြီး ဘဝ၏ဖြစ်တည်မှုကိုသာ စဉ်းစားချင့်ချိန်ကြည့်မည်ဆိုပါက ကလေးဘဝဟူသည် အပူအပင်ကင်းခြင်း၊ အပြစ်ကင်းစင်ခြင်း၊ ရိုးသားဖြူစင်ခြင်း၊ မိမိပျော်ရွှင်မှုကို မိမိကိုယ်တိုင်သိရှိခြင်း စသည့် ဘဝ၏အနှစ်သာရများနှင့် နေသားကျခဲ့သည်ကို ရှာဖွေတွေ့ရှိရမည်ဖြစ်ပေသည်။ ထိုသို့ နေသားကျခဲ့ပါလျက် အသက်အရွယ်ကြီးမြင့်လာသည်နှင့်အမျှ အဘယ်ကြောင့် ကျွန်တော်တို့ စိတ်ဆင်းရဲရပါသနည်း။ ကလေးဘဝ၌ လက်ခံကျင့်သုံးလာခဲ့သော ဘဝ၏အနှစ်သာရများကို ပြန်လည်ဆန်းစစ်ကြည့်လျှင် အဖြေမှန်ကို အထင်သား မြင်တွေ့နိုင်ပေသည်။
(၁) အပူအပင်ကင်းခြင်း
ကလေးဟူသည်ကား လောဘ,ဒေါသ,မောဟမရှိ။ မိသားစုစားဝတ်နေရေးအတွက် တွေးတောပူပန်နေစရာမလို။ မနက်ဖြန်ဆိုတာကို မေ့ထားနိုင်ခွင့်ရှိသည့် အနေအထား။ ကစားချိန် ကစား၊ စားချိန်စား၊ အိပ်ချိန်ဆို အိပ်၊ စာကျက်ချိန်ဆို စာကျက်၊ သူ့တာဝန်ဝတ္တရားများကား သိပ်များများစားစားမရှိ။ ပူပင်သောကကို ဦးနှောက်နှင့်နှလုံးသားမှ လက်မခံ။ ထို့ကြောင့် ကလေးဘဝသည် အလွန်ပျော်ရွှင်စရာကောင်းခဲ့ပေသည်။
(၂) အပြစ်ကင်းစင်ခြင်း
အပြစ်ကင်းစင်ခြင်းဆိုသည်ကား အပြစ်မရှိသေးသည်ကို ဆိုလိုခြင်းဖြစ်ပေသည်။ အပြစ်ဆိုသည်ကား တစ်နည်းအားဖြင့် မကောင်းမှု,အကုသိုလ်များပင်တည်း။ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များအတွက် အနိမ့်ဆုံးစောင့်ထိန်သင့်သည့် ကံငါးပါးကို ကလေးများက စောင့်ထိန်းနိုင်ကြသည်။ ထိုအကုသိုလ်၏ ချောက်လှန့်မှုများကို ကလေးများမခံစားရ။ "သူ့မျက်နှာလေးက ကလေးတစ်ယောက်လို အပြစ်ကင်းစင်တယ်"ဟု ကျွန်တော်တို့ပတ်ဝန်းကျင်၌ ပြောတတ်ဆိုတတ်ကြသော်လည်း ကလေးတစ်ယောက်၏ပကတိအပြစ်ကင်းစင်မှုလိုတော့ လူကြီးတစ်ယောက်၏မျက်နှာကို ဖော်ပြနိုင်စွမ်းမရှိချေ။ ထို့ကြောင့် ကလေးများ၏ပျော်ရွှင်မှုသည် အတုအယောင်များမဟုတ်။
(၃) ရိုးသားဖြူစင်ခြင်း
ကလေးများကား လိုချင်လျှင် လိုချင်သည်။ မလိုချင်လျှင် မလိုချင်ဘူးဟု ပြတ်ပြတ်သားသား ငြင်းဆန်ရဲကြသည်။ မာယာပရိယာယ်မရှိ။ မလိမ်ညာ,မလှည့်ဖြားတတ်။ "စိတ်ကောင်းရှိဖို့ ပထမ"ဟူသော စကားအတိုင်း ကလေးဘဝမှာ ကျွန်တော်တို့အားလုံး စိတ်ကောင်းရှိခဲ့ကြသည်။ သူငယ်ချင်း အချင်းချင်း၊ မောင်နှမအချင်းချင်း ဖေးမကူညီကြသည်။ တစ်ပါးသူကောင်းကျိုးကို လိုလားခဲ့ကြသည်။ မိမိကြောင့် တစ်ခြားသူတစ်ယောက်ယောက်ကို မနစ်နာ,မထိုခိုက်စေခဲ့။ ထိုအခြင်းအရာများကား ပျော်ရွှင်မှု၏ ရေသောက်မြစ်များပင် ဖြစ်ပေတော့သည်။
(၄) မိမိပျော်ရွှင်မှုကို မိမိကိုယ်တိုင်သိရှိခြင်း
ကလေးများကား စိတ်ကို ဦးစားပေးတတ်ကြသည်။ မောင်ဖြူနှင့်ကစားနေရာမှ မောင်နီနှင့်ကစားချင်လာလျှင် မောင်ဖြူကိုအားမနာတတ်။ မောင်နီနှင့် ချက်ချင်း ပြောင်းကစားသည်။ စစ်တိုက်တမ်းကစားနေရာမှ ထမင်းချက်တမ်းပြောင်းကစားဖို့ကို ဝန်မလေး။ သူတို့ပျော်ရွှင်မှုကို သူတို့ကိုယ်တိုင်ဖန်တီးယူဖို့ မတွန့်ဆုတ်,မတွေဝေတတ်။ သတ္တိရှိရှိပြောင်းလဲပစ်နိုင်ကြသည်။ အားနာလို့၊ ကြောက်လို့ဟူသော အကြောင်းပြချက်များနှင့် သူတို့ပျော်ရွှင်မှုကို လဲမပေးကြ။ ထို့အတွက် မိဘက ဆူလျှင်လည်း ဆူပါစေ။ ရိုက်လျှင်လည်း ရိုက်ပါစေ။ သူတို့ ခံနိုင်ရည်ရှိကြသည်။ ပျော်ရွှင်မှုကိုကား အဆုံးရှုံးမခံတတ်ကြ။
ထိုကဲ့သို့ ကလေးဘဝ၏အနှစ်သာရများကို ပြန်လည်ချိန်ထိုးကြည့်လျှင် ကျွန်တော်တို့ဖြတ်သန်းခဲ့တာမှ ဟုတ်ပါလေစဟု တွေးတောကောင်း တွေးတောကြပေလိမ့်မည်။ တကယ်တော့ ကျွန်တော်တို့လူသားတော်တော်များများ ကလေးဘဝကို ထိုသို့ ဖြတ်သန်းခဲ့ကြသည်ချည်း။ ထိုအခြင်းအရာများကား ယခုအချိန်နှင့်ထပ်တူကျတာ ဘာများရှိသေးသနည်း။ ဘာဆိုဘာမှ မရှိတော့။ ထိုအရည်အချင်းများကို ကျွန်တော်တို့ဆုံးရှုံးခဲ့ပြီးပြီ။ ထိုပျော်ရွှင်မှုများကို ကျွန်တော်တို့ဆုံးရှုံးခဲ့ပြီးဖြစ်လေသည်။ ထိုပျော်ရွှင်မှုများကို ပြန်လည်ဖန်တီးရယူကြမည်လား။ လက်လွှတ်ဆုံးရှုံးခံလိုက်ရမည်လားဆိုတာကတော့ သေချာဝေဖန်ဆန်းစစ်ဖို့ လိုပေလိမ့်မည်။ ဘဝကြီးကို အပျော်မရွှင်နှင့်ဖြတ်သန်းလာခဲ့သော အချိန်များကား နှမြောဖို့ကောင်းပေစွ။ ပြန်လည်ဖန်တီးရယူမည်ဆိုပါက မည်ကဲ့သို့ ပြုမူလေ့ကျင့်ရပါမည်နည်း။ တကယ့်ကို ရိုးရိုးရှင်းရှင်းလေး ဖြစ်ပေသည်။
ကလေးမဟုတ်တော့သည် ယခုအချိန်မှာ လောဘ,ဒေါသ,မောဟကင်းချင်လို့တော့ မရ။ စားဝတ်နေရေးအတွက် ထိုက်သင့်သော လောဘရှိရမည်။ ထိုက်သင့်သော ဒေါသရှိရမည်။ ထိုက်သင့်သော မောဟရှိရမည်။ သို့သော် လိုချင်တပ်မက်မှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ အတ္တ,မာန်မာနများကိုတော့ ကျွန်တော်တို့ လျှော့ချနိုင်သမျှ လျှော့ချရမည်ဖြစ်ပေသည်။ မနက်ဖြန်အတွက် ကြိုတင်စဉ်းစားသကဲ့သို့ သံသရာအတွက်ကိုလည်း ကြိုတင်စဉ်းစားရမည်ဖြစ်ပေသည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ မိမိကိုယ်ကျိုးအတွက် သူတစ်ပါး၏ဘဝကို ချမနင်းသင့်ကြောင်း လိုက်နာသိရှိရမည်။ မိမိစိတ်သာယာမှုအတွက် ပြုလုပ်ခဲ့မိသော မကောင်းမှုအကုသိုလ်များကို ဆေးကြောသန့်စင်ပစ်နိုင်ရမည်။ ကံငါးပါးကို လုံခြုံစေရုံသာမက၊ မကောင်းမှုမှန်သမျှကို မလုပ်မိရုံသာမက ကောင်းမှုကုသိုလ်များနှင့် စိတ်ကိုပျော်မွေ့စေရပေမည်။ ပကာသနမပါ၊ ဟန်ဆောင်လိမ်ညာခြင်းမရှိဘဲ ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းခြင်းကိုလည်း ကျွန်တော်တို့ လေ့ကျင့်မွေးမြူရမည်ဖြစ်ပေသည်။ ထိုကဲ့သို့ တဖြည်းဖြည်း လေ့ကျင့်ဆောင်ရွက်လာလျှင် ပျော်ရွှင်မှုကို ရှာမတွေ့စရာ အကြောင်းမရှိနိုင်ပေ။
နောက်ဆုံးအချက်ဖြစ်သည့် မိမိပျော်ရွှင်မှုကို မိမိကိုယ်တိုင်သိရှိခြင်းဆိုသည်မှာကား အလွန်အရေးကြီးသလောက် ကလေးဘဝကဲ့သို့ အလွယ်တကူပြောင်းလဲမရနိုင်ပေ။ "မနက်မိုးလင်းတာနဲ့ အလုပ်သွားဖို့ တက်ကြွနေမယ်ဆိုလျှင် ထိုအလုပ်မှာ သင်ပျော်ရွှင်နေသည်"တဲ့။ ကျွန်တော်တို့ အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်း၊ နေ့စားဝန်ထမ်းတွေ ပျော်ရွှင်နေပါသလား။ အလုပ်တာဝန်များကြားမှာ တစ်နေ့ပြီးတစ်နေ့ကို ဒရွတ်တိုက်လိုက်ပါနေကြရသည်။ မိသားစုစားဝတ်နေရေးမို့သာ လုပ်ကိုင်နေကြရသည်။ မိမိဆန္ဒနှင့်မကိုက်ညီကြ။ ဖြစ်နိုင်မယ်ဆိုလျှင်တော့ မိမိဝါသနာပါသော အလုပ်ကိုလုပ်ကိုင်ရင်း နေထိုင်ရှင်သန်ကြချင်သည်ချည်းသာ။ သို့သော် ယခုလက်ရှိလုပ်ကိုင်နေသော အလုပ်ထဲမှ စိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံးလျှော့ချမည်၊ စိတ်လက်ပေါ့ပါးစွာ လုပ်ဆောင်မည်၊ စိတ်ပါဝင်စားစွာ ကြိုးစားအားထုတ်မည်ဆိုလျှင်တော့ ပျော်ရွှင်မှုအရသာကို တဖြည်းဖြည်းချင်း ထိတွေ့ခံစားခွင့်ရှိလာနိုင်ပေသည်။
ဆိုရလျှင် ကလေးဘဝ၌ ပျော်ရွှင်မှုနှင့်စတင်ခဲ့ပြီး ဘဝနောက်ဆုံးအချိန်ထိကို ပျော်ရွှင်မှုနှင့်အဆုံးသတ်ဖို့ ကျွန်တော်တို့လူကြီးဘဝကို Reset ချဖို့ လိုအပ်ပေသည်။ ကလေးဘဝတုန်းကလို အပူအပင်ကင်းဖို့၊ ဖြူစင်ရိုးသားဖို့၊ အပြစ်ကင်းစင်ဖို့ ဘဝကို အစမှပြန်စမည်ဆိုပါက မိမိပျော်ရွှင်မှုကို မိမိကိုယ်တိုင်သိရှိလာနိုင်မည်ဖြစ်ပြီး ထိုပျော်ရွှင်မှုဆီ အရောက်သွားနိုင်ရန်လည်း မခက်ခဲတော့ပေ။ ထို့ကြောင့် `ပျော်ရွှင်မှုအစ ပျော်ရွှင်မှုအဆုံး´ဟူသော ဘဝကို ပိုင်ဆိုင်ဖို့ ကျွန်တော်တို့ကိုယ်စီ ကြိုးစားကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း ဤဆောင်းပါးကို အဆုံးသတ်လိုက်ရပေတော့သည်။
မိုးစက်
Keep Reading