ရွှေငါး
တစ်ခါက တောအုပ်တစ်ခုအနီးက ရွာလေးတစ်ရွာမှာ မုဆိုးမတစ်ယောက်ဟာ ဟယ်လီနာလို့ခေါ်တဲ့ သူ့သမီးအရင်းရယ် မာရက်စ်ကာလို့ ခေါ်တဲ့ မွေးစားသမီးတစ်ယောက်ရယ်နဲ့အတူ နေထိုင်ကြသတဲ့။
အမေဖြစ်သူ မုဆိုးမကြီးဟာ သမီးအရင်းကို သိပ်ချစ်သလောက် ဆုံးသွားတဲ့ သူ့ယောက်ျားမှာပါတဲ့ သမီးဖြစ်သူ မာရက်စ်ကာကို မကြည်ဖြူရှာဘူး။ ဒီအိမ်ကြီးက မာရက်စ်ကာအဖေရဲ့ အိမ်မို့လို့သာ သူ့ကို နှင်ထုတ်ဖို့ အခက်တွေ့နေတာ။ ဒါပေမဲ့ တစ်နေ့နေ့မှာ သူ့ကို မောင်းထုတ်ပြီး သားအမိနှစ်ယောက်ပဲ မောင်ပိုင်စီးဖို့ စဉ်းစားထားသတဲ့လေ။
ဒါ့ကြောင့် မာရက်စ်ကာလေး ဒီအိမ်မှာ သူ့ဘာသာသူမနေချင်တော့အောင် အမျိုးမျိုး ပညာပြတာပေါ့။ မာရက်စ်ကာလေးကိုပဲ အိမ်ဖော်တစ်ယောက်လို အိမ်အလုပ်တွေ အကုန်လုပ်ခိုင်းတယ်။ သူ့သမီး ဟယ်လီနာကို ခြေမွေးမီးမလောင် လက်မွေးမီးမလောင် သူဌေးသမီးလေးလို ဖူးဖူးမှုတ်ထားတယ်။
သူတို့ကျတော့ လှပေ့ဆိုတဲ့ အဝတ်အထည်တွေ ကောင်းပေ့ဆိုတဲ့ အစားအသောက်တွေ ဝယ်ကြ စားကြတယ်။ မာရက်စ်ကာလေးကိုကျတော့ သူတို့မလိုချင်တဲ့ အဟောင်းတွေ သူတို့မစားချင်တာတဲ့ အကျန်တွေပဲ ကျွေးမွေးပေးကမ်းသတဲ့။
မာရက်စ်ကာလေးဟာ သူ့အပေါ် မိထွေးဖြစ်သူနဲ့ ဟယ်လီနာတို့က ဘယ်လိုပဲ ဆက်ဆံ ဆက်ဆံ အမြဲ သည်းခံပြီးနေရှာတယ်။ တအားစိတ်ညစ်တဲ့နေ့မျိုးတွေကျမှ ည အလုပ်တွေအကုန်ပြီးချိန် အခန်းပြူတင်းပေါက်ကနေ ကောင်းကင်ကိုကြည့်ပြီး အဖေအမေတို့ကို တမ်းတရင်း ငိုရရှာတယ်။
ဒီလိုနဲ့ နှစ်တစ်နှစ်ရဲ့အစ ဇန်နဝါရီလကိုရောက်လာပါပြီ။ နှစ်သစ်မှာ နှင်းတွေကလည်း ကျလိုက်တာ အေးစက်နေရော။ မာရက်စ်ကာလေးဟာ ဆောင်းအေးအေးမှာ ထင်းတွေခွဲနေတုန်း မုဆိုးမကြီးက
"ငါ ခရမ်းရောင်သစ်ခွပန်းလေးတွေ လိုချင်လိုက်တာ။ ဟဲ့ မိမာရက်စ်ကာ ခု သွားရှာစမ်း" လို့ ပြောတယ်။
မာရက်စ်ကာလေးက အံ့သြစွာနဲ့
"အို အမေရယ်... ခရမ်းရောင်သစ်ခွပန်းလေးတွေဆိုတာ နှင်းတောထဲမှာ ဘယ်ပွင့်ပါ့မလဲ" လို့ ဖြေလိုက်တယ်။
ဟယ်လီနာက
"ဟဲ့ ငါ့အမေလိုချင်တယ်ဆို နင် လျှာမရှည်ဘဲ ရှာပေးလိုက်စမ်း။ ဘယ်မှာပဲ ပွင့်ပွင့် အဲ့ပန်းရမှ နင်ပြန်လာ ကြားလား" လို့ ဝင်အော်ပြောတယ်။
မာရက်စ်ကာလေးဟာ ဘယ်သွားရှာမရမလဲ မသိတာနဲ့ လုပ်လက်စအလုပ်တွေကို အသာထားပြီး တောထဲဘက်ကို ထွက်လာခဲ့တယ်။ မုဆိုးမကြီးဟာ အိမ်တံခါးကို အားနဲ့ ပိတ်ချလိုက်ပြီး ဟယ်လီနာကို
"ဟေဟေ့ တို့တွေ သူပြန်မလာရင် ပျော်ပွဲရွှင်ပွဲလုပ်ပြီး အောင်ပွဲခံကြမယ် သမီးရေ" လို့ ပျော်ရွှင်စွာ ပြောလိုက်တယ်။
မာရက်စ်ကာလေးဟာ တောထဲမှာ ခရမ်းရောင်သစ်ခွပန်းလေးတွေများ တွေ့နိုးနိုး ရှာလာလိုက်တာ ညနေလည်းစောင်းရော တောနက်ထဲတောင် ရောက်လာပေါ့လေ။
တစ်နေရာအရောက်မှာ မီးအလင်းရောင်တွေတွေ့လို့ ချဉ်းကပ်သွားကြည့်တဲ့အခါ အလယ်မှာ မီးပုံကြီးတစ်ပုံ မီးဖိုထားပြီး လူတစ်ဆယ့်နှစ်ယောက်က ဝိုင်းပြီး မီးလှုံနေတာတဲ့။
မာရက်စ်ကာလေးလည်း ခိုက်ခိုက်တုန်ချမ်းအေးပြီး အေးခဲမတတ်ဖြစ်နေတာနဲ့ မီးလေးအတူလှုံပါရစေလို့ ခွင့်တောင်းကြည့်လိုက်တယ်။ အားလုံးက သူ့ကို ဖော်ဖော်ရွေရွေနဲ့ ကြိုဆိုပြီး မီးလှုံခွင့်ပြုတယ်။
အဲဒီလူဆယ်နှစ်ယောက်ဟာ ထူးဆန်းစွာပဲ အသက်ကြီးကြီး ဆံပင်ဖြူဖြူ အသားဖြူဖြူနဲ့ အဘိုးအိုက သုံးယောက်၊ အသက်သိပ်မကြီး ဆံပင်နီနီနဲ့ လူကြီးက သုံးယောက်၊ အသက်ခပ်လတ်လတ် ဆံပင်ဝါဝါနဲ့ လူလတ်ပိုင်းက သုံးယောက်၊ နောက်ဆုံး အသက်ငယ်ငယ် ဆံပင်နက်နက် မျက်လုံးအရောင်တောက်တောက်နဲ့ လူငယ်လေးတွေက သုံးယောက် ဖြစ်နေတာကို တွေ့လိုက်ရသတဲ့။
တကယ်တော့ သူတို့ဟာ ဆယ့်နှစ်လရာသီကို အသီးသီး အုပ်စိုးကြတဲ့ ဘုရင် တစ်ဆယ့်နှစ်ပါးဖြစ်နေတယ်။ ပလ္လင်ပေါ်မှာ ဘုရင်ကိုင်တဲ့ ရတနာတောင်ဝှေးနဲ့ ထိုင်နေသူကတော့ လက်ရှိဘုရင် ဇန်နဝါရီပါတဲ့။
ဘုရင်ဇန်နဝါရီက
"မိန်းကလေး ဒီလောက်တောနက်ထဲထိ ရောက်လာရတဲ့အကြောင်းကို ပြောပါဦး" လို့ မေးတော့ မာရက်စ်ကာလေးဟာ သူ့မိထွေးက သူ့ကို မဖြစ်နိုင်တဲ့အရာဖြစ်တဲ့ ဆောင်းရာသီကြီးမှာ ခရမ်းရောင်သစ်ခွပန်းကို လာရှာခိုင်းကြောင်း၊ မရလာရင် ပြန်မလာနဲ့လို့ပြောကြောင်း ရှင်းပြလိုက်တယ်။
မာရက်စ်ကာလေးရဲ့ အကြောင်းကို ကြားလိုက်ရတဲ့အခါ ဘုရင်ဇန်နဝါရီဟာ သနားသွားပြီး ပုလ္လင်ပေါ်ကနေ ထလိုက်တယ်။ ပြီးတော့
"အို ... ညီတော် ဘုရင်မတ် ရေ ကလေးမလေးကို မင်းကူညီမှဖြစ်မယ်" လို့ပြောပြီး သူ့ရဲ့ ဘုရင့်ရတနာတောင်ဝှေးကို ညီဖြစ်သူ မတ်လတို့ရဲ့ သခင် ဘုရင်မတ်ကို လွှဲပေးလိုက်တယ်။
ဘုရင်မတ်က ပုလ္လင်မှာဝင်ထိုင် တောင်ဝှေးကိုကိုင်လိုက်တဲ့အခါ ပတ်ဝန်းကျင်တစ်ခုလုံး နှင်းတွေပျော်သွားပြီး သာယာလှပတဲ့ နွေဦးရဲ့ နေ့လယ်ခင်းကြီးဖြစ်သွားပါရောလား။
"သနားစရာ မာရက်စ်ကာလေးရေ အချိန်မဆွဲဘဲ မင်းလိုရာ ပန်းလေးတွေကို ခူးဆွတ်ပြီး ပြန်ပေတော့" လို့ ပြောလိုက်တယ်။ မာရက်စ်ကာလေးလည်း အံ့သြဝမ်းသာစွာနဲ့ ခရမ်းရောင်ပန်းကလေးတွေကို လက်တပွေ့ခူးပြီး အိမ်ပြန်ခဲ့ပါတော့တယ်။ ဘုရင်တွေကိုလည်း ကျေးဇူးတင်ကြောင်းပြောပြီး နှုတ်ဆက်ခဲ့ပါတယ်။
မိထွေးဖြစ်သူ မုဆိုးမကြီးနဲ့ ဟယ်လီနာတို့ဟာ မာရက်စ်ကာလေးပြန်လာတာကို မြင်တော့ မျက်နှာပျက်နေကြတယ်။ ထူးဆန်းစွာပဲ ဆောင်းတွင်းကြီးကို နွေဦးပန်းကလေးတွေ ရအောင်ရှာလာနိုင်တာကိုလည်း အံ့သြနေကြတယ်။ ဒါပေမဲ့ ချီးကျူးပြီး ကျေးဇူးတင်မယ် ထင်သလား။ မနာလိုစိတ်ပါဖြစ်သွားပြီး နောက်တစ်ခု ခိုင်းပါသတဲ့။
"ဟဲ့ မာရက်စ်ကာ နင်က ဒီအိမ်ကို မပြန်လာရမှာစိုးလို့ မရရအောင်တောင် ရှာနိုင်ခဲ့ပါလား။ ဟားဟား။ သိပ်တော်နေတယ်ပေါ့လေ။ ဒါဆို ငါတို့ အခု စတော်ဘယ်ရီသီးစားချင်တယ်။ ခုသွားရှာလာခဲ့။ ဟဲ့ ... မရရင် ပြန်မလာရဘူးဆိုတာ သိတယ်နော်" လို့ ဟာလီနာက ခိုင်းတယ်။
"အို အမတော် ဟာလီနာရယ် ဒီအချိန်ဟာ စတော်ဘယ်ရီသီးတွေ မပေါ်သေးဘူးလေ။ တခြားဟာ တစ်ခုခု..."
"တိတ် နင် ငါတို့ကို ပြန်ပြောမနေနဲ့... ရှာလာဆို ရှာလာ။ မရှာလာနိုင်ရင် ပြန်မလာနဲ့" လို့ ဟောက်ငမ်းပြီး နှင်ထုတ်လိုက်ပြန်သတဲ့။
မာရက်စ်ကာလေးလည်း တောထဲကိုပဲ သွားရှာရင်း ဆယ့်နှစ်လရာသီဘုရင်တွေဆီ ပြန်သွားလိုက်တယ်။ မျက်ရည်ကလေးတွေဝဲရင်း အကျိုးအကြောင်း ထပ်ပြောပြီး အကူအညီတောင်းကြည့်လိုက်တော့ ဘုရင်ဇန်နဝါရီဟာ ပုလ္လင်ကနေ ထပြီး
"အို ညီငယ် ဘုရင်ဇွန်ရေ.... သနားစရာ ကလေးမလေးကို ကူညီပေးလှည့်ပါဦး" ပြောရင်း နေရာဖယ်ပေးလိုက်တယ်။
ဘုရင်နောက်တစ်ပါးဖြစ်တဲ့ ဘုရင်ဇွန်က အကိုကြီး ဘုရင်ဇန်နဝါရီရဲ့ ဘုရင့်တောင်ဝှေးကို လေးလေးစားစားယူပြီး ပုလ္လင်မှာ ထိုင်လိုက်တာနဲ့ နှင်းခဲတွေ အရည်ပျော်သွားကြတယ်။ ပန်းကလေးတွေ ပွင့်လန်းလာပြီး ကျေးငှက်သံလေးတွေနဲ့ ပြည့်လို့။ မြေကြီးပေါ်တွေမှာလည်း အနီရောင် ရင့်မှည့်နေတဲ့ စတော်ဘယ်ရီသီးတွေကလည်း ဖြိုင်ဖြိုင်သီးလို့ပေါ့။
"မင်းလိုတဲ့ စတော်ဘယ်ရီသီးတွေကို အမြန်ခူးပြီး ပြန်ပေတော့ ကလေးမရယ်" လို့ ပြောလိုက်တယ်။
မာရက်စ်ကာလေးဟာ အံ့သြနေရာကနေ စတော်ဘယ်ရီသီးတွေ လက်တစ်ဆုပ်ကလေး ခူးပြီး ပြန်လာခဲ့ပါတော့တယ်။ ဘုရင်တွေကိုလည်း ကျေးဇူးတင်ကြောင်း ထပ်ပြောပြီး နှုတ်ဆက်ခဲ့ပါတယ်။
ဒီတစ်ခါတော့ ပြန်မလာလောက်တော့ဘူးထင်ပေမဲ့လည်း စတော်ဘယ်ရီသီးတွေနဲ့ ပြန်လာတဲ့ မာရက်စ်ကာကို တွေ့လိုက်ရတဲ့အခါ မိထွေးနဲ့ ဟာလီနာတို့ဟာ မပျော်နိုင်ကြပြန်ဘူး။ မာရက်စ်ကာယူလာတဲ့ စတော်ဘယ်ရီသီးတွေကို စားကြည့်တော့ ကောင်းပေ့ ချိုပေ့ မွှေးပေ့ အရသာရှိလွန်းနေပါရော။
နောက်နေ့ကျတော့ မိထွေးနဲ့ ဟယ်လီနာက မာရက်စ်ကာကို ခိုင်းပြန်တယ်။
"ဟဲ့ မာရက်စ်ကာ ငါတို့ ပန်းသီးစားချင်တယ်။ သွားရှာပေးဦး" တဲ့။ မာရက်စ်ကာလေးက
"အမေနဲ့ အမဟယ်လီနာရယ် ပန်းသီးဆိုတာ ဆောင်းဦးတုန်းက ပေါ်ခဲ့ပြီးပြီလေ။ ခုမရှိတော့ပါဘူး" လို့ ပြောလိုက်တယ်။
"နင်ကျန်တာတွေတောင် ရအောင် ရှာနိုင်ခဲ့သေးတာပဲ။ ပန်းသီးလည်း ရအောင်ရှာလာခဲ့ သွား။ မပါလာရင် အိမ်ရိပ်တောင် နင်းမယ်မကြံနဲ့နော်" လို့ ပြောပြီး လွှတ်လိုက်ပြန်တယ်။
ဒီတစ်ခါ မာရက်စ်ကာလေးဟာ အားနာပေမဲ့ ဆယ့်နှစ်လရာသီ ဘုရင်တွေဆီပဲ ထပ်လာပြီး အကူအညီတောင်းရပြန်တယ်။ ဘုရင်ဇန်နဝါရီဟာ ဝမ်းနည်းနေတဲ့ မာရက်စ်ကာလေးကို အားမငယ်ဖို့ပြောလိုက်တယ်။ ပြီးတော့ ပုလ္လင်ကနေ ထပြီး
"အို ညီငယ် ဘုရင်စက်တင်ဘာရေ.... ကလေးမလေးကို မင်းကူညီမှ ရမယ်ကွာ" လို့ ပြောရင်း နေရာဖယ်ပေးလိုက်တယ်။
ဘုရင်နောက်တစ်ပါးဖြစ်သူ ဘုရင်စက်တင်ဘာက အကိုကြီး ဘုရင်ဇန်နဝါရီရဲ့ ဘုရင့်တောင်ဝှေးကို လေးလေးစားစားယူပြီး ပုလ္လင်မှာ ထိုင်လိုက်တာနဲ့ ဆောင်းဦးရာသီကို ချက်ချင်းပြောင်းသွားတယ်။ သစ်ရွက်ဝါလေးတွေ ကြွေပြီး လှနေရော။ အနားက ပန်းသီးပင်တွေမှာလည်း ပန်းသီးတွေ သီးမှည့်လို့။
"မာရက်စ်ကာလေးရေ မင်းလိုတဲ့ ပန်းသီးတွေရအောင် မြန်မြန် အပင်ကို ခါရမ်းပြီး ကောက်သွားပါတော့" လို့ ပြောလိုက်တယ်။ မာရက်စ်ကာလေးလည်း ပန်းသီးပင်ကို ခါရမ်းလို့ကျလာတဲ့ ပန်းသီးတချို့ကို ကောက်ပြီး အိမ်ပြန်ခဲ့ပါတယ်။ ဘုရင်တွေကိုလည်း ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောပြီး နှုတ်ဆက်ခဲ့တယ်။
အိမ်ရောက်လို့ ပန်းသီးတွေ ပေးလိုက်တော့ မိထွေးဖြစ်သူနဲ့ ဟယ်လီနာတို့ဟာ ပန်းသီးတွေကို အငမ်းမရစားသောက်ကြတယ်။ ပြီးတော့
"ဟဲ့ မာရက်စ်ကာ နင် ဒီလောက်ကောင်းတဲ့အသီးတွေ နည်းနည်းပဲပါ
လာတယ်ဆိုတော့ နင်ဘယ်လောက်တောင် လမ်းမှာ စားပစ်ခဲ့လဲ မှန်မှန်ပြောစမ်း" လို့ ရန်တွေ့ကြပြန်တယ်။
"မစားခဲ့ပါဘူးရှင်။ တကယ်ပါ" လို့ ပြောပေမယ့်လည်း မယုံကြဘူး။
"နင် ဘယ်က ခူးခဲ့လဲ ပြောစမ်း ငါတို့ကိုယ်တိုင်သွားခူးမယ်" လို့ပြောလို့ မာရက်စ်ကာကလည်း လမ်းညွှန်ပေးလိုက်ရတယ်။
အရသာရှိလွန်းလှတဲ့ ပန်းသီးတွေကို အများကြီးသွားခူးပစ်ချင်တဲ့ လောဘကြောင့် မိထွေးနဲ့ ဟယ်လီနာတို့ဟာ တောနက်ထဲ ထွက်လာခဲ့ကြပါတော့တယ်။ နှင်းတွေထူနေတဲ့ တောထဲမှာ သူတို့ဟာ လမ်းပျောက်ကုန်ကြတယ်။ ဟယ်လီနာက မာရက်စ်ကာလိုပဲ ဆယ့်နှစ်လရာသီ ဘုရင်တွေရှိတဲ့ဆီထိတောင် ရောက်သွားတယ်။
ဘုရင်ဇန်နဝါရီက
"မိန်းကလေး ဘယ်လိုလို့ဒီကိုရောက်လာရသလဲ" လို့ မေးပေမဲ့
"ရှင်တို့အပူမပါပါဘူး" လို့ဖြေပြီးတော့ ပန်းသီးရှာဖို့ ဆက်ထွက်သွားတယ်။
အဲဒီအချိန်မှာပဲ နှင်းမုန်တိုင်းကြီး ကျလာပြီး ဟယ်လီနာရော ဟယ်လီနာ့အမေရောတို့ဟာ သူတို့ရဲ့ အေးစက်စက်နှလုံးသားအတိုင်း တောနက်ထဲမှာပဲ အေးခဲတောင့်တင်းသွားကြပါတော့တယ်။
မာရက်စ်ကာလေးဟာလည်း အနိုင်ကျင့်မယ့်သူတွေ ပြန်မလာနိုင်တော့တာကြောင့် သူ့အဖေအိမ်မှာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားပါတော့တယ်တဲ့ကွယ်။
ရွှေငါးပြန်လည်ရေးသားသည်။
#ရွှေငါး #ပုံပြင် #ရိုးရာပုံပြင် #Folktales #story #TheAvocadoStoryRecipe
Keep Reading