ရွှေငါး
ခရစ္စမတ်ရောက်တော့မယ်။ ဘယ်သူက ဘာလက်ဆောင်တွေ ရမလဲလို့ ရင်ခုန်နေကြချိန်မှာ ကောင်လေးတစ်ယောက်အိမ်မှာတော့ လက်ဆောင်အကြောင်းစဉ်းစားဖို့မပြောနဲ့ အိမ်မှာရှိတာလေးနဲ့ နောက်တစ်ပတ်မှာ ဘယ်လိုလောက်ငအောင်စားရမလဲတောင် မသိဖြစ်နေပါတယ်။
ဆင်းရဲသားကောင်လေးရဲ့ အမေကလည်း နေမကောင်းဖြစ်နေတယ်။ ဒီညစာတော့ ရှိတဲ့ဂျုံလေးကို ပေါင်မုန့်ဖုတ်ပေးဖို့ ကောင်လေးဟာ ခွက်ထဲ ခပ်ထည့်လိုက်တယ်။ ပြီးတော့ အိမ်အပြင်က ရေကိုခပ်ပြီးရောဖို့အတွက် ရေခပ်ရအောင် တံခါးဖွင့်ပြီး ထွက်လိုက်တဲ့အခါ လေတိုက်လို့ ဂျုံခွက်ထဲက ဂျုံတွေဟာ လွင့်ကုန်ပါရော။
ကောင်လေး နှမြောလိုက်တာ။ ဘယ်လိုတောင် ခက်ခက်ခဲခဲရှာထားရတဲ့ပိုက်ဆံနဲ့ ဝယ်ထားရတဲ့ ဂျုံလဲဆိုတာ သူအသိဆုံးလေ။ သူဌေးတွေအတွက် ဘာမှမဟုတ်ပေမယ့် သူတို့လို ဆင်းရဲသားကျောမွဲတွေအတွက် ဂျုံတစ်ပန်းကန်စာဟာ အဖိုးတန်သကိုး။
ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ အိမ်ထဲပြန်ဝင်ပြီး အိုးထဲက ဂျုံလက်ကျန်နည်းနည်းကို ထပ်ခပ်ယူလိုက်တယ်။ အိမ်ပြင်ပြန်ထွက်လိုက်တော့ မြောက်လေတိုက်လို့ ထပ်လွင့်ပါသွားပြန်ပါရော။
ဒီတစ်ခါ ထပ်လွင့်လို့တော့ မဖြစ်ဘူး။ ဒါနောက်ဆုံးလက်ကျန် ဂျုံမှုန့်ပဲဆိုပြီး နောက်ဆုံးတစ်ခေါက်သယ်လာတဲ့ ဂျုံကို လက်နဲ့သေချာအုပ်လာခဲ့တယ်။ ဒါပေမဲ့ မြောက်လေက ကြမ်းပါဘိ။ နောက်ဆုံးဂျုံမှုန့်လေးတွေပါ လေထဲထပ်လွင့်သွားပြန်ပြီလေ။
ဆင်းရဲသားကောင်လေးဟာ သိပ်စိတ်ညစ်သွားတယ်။ ဆင်းရဲရတဲ့အထဲ ဒီမြောက်လေရူးက ဒုက္ခပေးလို့ စားစရာတွေ ကုန်ပါတော့မယ်။ ဒီလောက် သနားညှာတာမှုမရှိတဲ့ လေ။ ဒီလေကို ပိုင်စိုးတဲ့ မြောက်လေရဲ့ မင်းကြီးဆီ သွားတွေ့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ ဆင်းရဲသားကောင်လေးဟာ သူ့အမေအတွက် ရှိတာလေးနဲ့ စွပ်ပြုတ်လေးတစ်ခွက် စီစဉ်ပေးခဲ့ပြီး မြောက်လေမင်းကြီးကို အရှာထွက်ခဲ့ပါတော့တယ်။
ကောင်လေးဟာ လေပြင်းတွေကို အံတုလျှောက်ရင်း မြောက်အရပ်တည့်တည့်ကို မနားတမ်းထွက်လာလိုက်တာ မြောက်အရပ်အဆုံးမှာတော့ အိမ်တစ်အိမ်ကို တွေ့လိုက်ရတယ်။ ဒါသေချာပေါက် မြောက်လေကို ပိုင်စိုးတဲ့ မြောက်လေမင်းရဲ့ အိမ်ပဲဖြစ်ရမယ်။
"ဟေ ဒီလောက် ဝေးလံခေါင်ဖျား မြောက်ဘက်စွန်းနားကို ရှားပါးရောက်လာ သင် ဘယ်သူပါလဲ" လို့ မြောက်လေမင်းကြီးက မေးလိုက်တယ်။
"အို မြောက်လေပြေညှင်း မြောက်လေပြင်းတို့ကို ပိုင်စိုးပါတဲ့ အရှင် မြောက်လေမင်းကြီး။ အရှင့်ရဲ့ ရက်စက်မှုကြောင့် သူဆင်းရဲသားကျွန်တော်တို့မှာ အေးစက်စက်ဆောင်းမှာ စားစရာမရှိဖြစ်ရပါတော့မယ်။ အရှင့်လေပြင်းကြောင့် လွင့်သွားရတဲ့ ကျွန်တော်မျိုး ဂျုံတွေကို အစားပြန်ပေးတော်မူပါ" လို့ ရဲရဲဝံ့ဝံ့ပြောလိုက်တယ်။
"မရည်ရွယ်မိပါ အမောင်။ ငါ့လေပြင်းကြောင့် ဒုက္ခရောက်ခဲ့ရလို့ တောင်းပန်ပါတယ်။ ငါ့မှာတော့ အစားထိုးပြန်ပေးစရာ ဂျုံမရှိပါ။ ဒါပေမဲ့ ဒီစားပွဲခင်းလေးကို အစားယူသွားပါ။ လိုအပ်တဲ့အခါ စားပွဲခင်းကို သေချာခင်းပြီး စားဖို့အသင့်ပြင်ပေးပါလို့ ပြောလိုက်ရုံပါကွယ်" လို့ မြောက်လေမင်းကြီးက ပြောတယ်။
ဆင်းရဲသားကောင်လေးလည်း မြောက်လေမင်းကြီးပေးတဲ့ စားပွဲခင်းကိုယူ။ ကျေးဇူးတင်ကြောင်းပြောပြီး အိမ်ပြန်လာခဲ့တယ်။ လမ်းမှာ မိုးချုပ်ပြီး ဗိုက်လည်းဆာလို့ နားရဖို့ဖြစ်လာတယ်။
ဒါပေမဲ့ သူ့မှာ တည်းခိုဖို့ ငွေမှမရှိတာ။ ဒါနဲ့ တစ်ခုတည်းသော တည်းခိုခန်းငယ်ကို ဝင်လိုက်တယ်။ ပိုင်ရှင်အမျိုးသမီးကို တစ်ညတည်းခိုဖို့ အကူအညီတောင်းလိုက်တယ်။
"ငါတို့က အလှူလုပ်နေတာမဟုတ်ဘူး။ ပိုက်ဆံမပါဘဲ ဘယ်တည်းလို့ရမလဲ" လို့ တည်းခိုခန်းပိုင်ရှင်မိန်းမက မောင်းထုတ်တယ်။
ဒါနဲ့ ဆင်းရဲသားလေးလည်း မြောက်လေမင်းပေးလိုက်တဲ့ စားပွဲခင်းကို ခုံတစ်ခုမှခင်းပြီး "စားဖို့အသင့်ပြင်ပေးပါ" လို့ ရေရွတ်လိုက်တဲ့အခါ ကြက်ကောင်လုံးကင်တွေ၊ အသီးအနှံတွေနဲ့ ကောင်းပေ့ဆိုတဲ့ အစားအသောက်တွေ ပေါ်လာပါလေရော။ တည်းခိုခန်းပိုင်ရှင်မိန်းမလည်း အံ့သြသွားပြီး ကောင်လေးကို အခန်းတစ်ခန်း အခမဲ့ ပေးတည်းလိုက်တယ်။ ကောင်လေးရဲ့ အစားအသောက်တွေကိုလည်း အတူစားသောက်ကြတယ်။
ကောင်လေးကတော့ အခန်းရတဲ့အခါ ပင်ပန်းလို့ အိပ်ပျော်သွားပါပြီ။ အိပ်မပျော်သေးတာတော့ တည်းခိုခန်းပိုင်ရှင် အမျိုးသမီးပေါ့။ ခြေထောက်ကို ဖွဖွနင်း ကောင်လေးအခန်းကိုဝင်ပြီး ကောင်လေးရဲ့ စားပွဲခင်းကို သူ့စားပွဲခင်းခပ်ဆင်ဆင်နဲ့ လဲထားလိုက်ပါရောလား။
ကောင်လေးကတော့ မသိပါဘူး။ မိုးလင်းတာနဲ့ အမေ့ဆီ အမြန်ပြန်ခဲ့ပါတော့တယ်။ အိမ်ရောက်တာနဲ့ ဖြစ်ကြောင်းကုန်စင်ကို အားရပါးရပြောပြပြီး စားပွဲခုံပေါ်မှာ စားပွဲခင်းကို ဖြန့်ခင်းလိုက်တယ်။ ပြီးတော့ "စားဖို့အသင့်ပြင်ပေးပါ" လို့ ရေရွတ်လိုက်တဲ့အခါ ဘာမှဖြစ်မလာတော့ဘူးတဲ့။ ဘယ်နှစ်ကြိမ် ရွတ်ရွတ်ဘာမှဖြစ်မလာတော့ ကောင်လေးဟာ မြောက်လေမင်းကြီးက သူ့ကို တစ်ခါပဲ သုံးလို့ရတဲ့ စားပွဲခင်းပေးလိုက်တယ်ဆိုပြီး ပြန်ပြောဖို့ ထွက်သွားပြန်တယ်။
ခရီးဝေးကို အကြာကြီး လမ်းလျှောက်နှင်လာပြီးနောက်မှာ မြောက်လေမင်းကြီးဆီ ရောက်ခဲ့ပြန်ပါပြီ။
"ဟေ မင်းက ဘာလို့ပြန်လာရသတုံးကွ" လို့ မေးတော့
မြောက်လေမင်းရဲ့ စားပွဲခင်းဟာ တစ်ခါသာ သုံးရပြီး သုံးမရတော့ကြောင်း ပြောတော့
"ဟုတ်ရဲ့လားကွာ။ ထားပါတော့။ ဒီတစ်ခါ နောက်လက်ဆောင် တစ်ခုပေးမယ်။ ရော့ "ပိုက်ဆံတွေ ပေးပါ" လို့ပြောပြီး သူ့ကျောကို ပုတ်လိုက်ရင် ဒင်္ဂါးတွေ အန်ထုတ်ပေးတဲ့ ဆိတ်ကွ။ ယူသွား" လို့ ပေးလိုက်ပြန်တယ်။
ဆင်းရဲသားကောင်လေးလည်း မြောက်လေမင်းရဲ့ ကြင်နာမှုကို ကျေးဇူးတင်ကြောင်းပြောပြီး ပြန်လာပြန်ပါရော။ လမ်းမှာ အရင်တစ်ခါတည်းတဲ့ တည်းခိုခန်းမှာ တစ်ထောက်နားရပြန်တယ်။ ဒီတစ်ခါတော့ တည်းခိုခ ပေးမယ်ဆိုပြီး တည်းခိုခန်းပိုင်ရှင်အမျိုးသမီးရှေ့တင်ပဲ မြောက်လေမင်းမှာလိုက်သလို "ပိုက်ဆံတွေ ပေးပါ" လို့ပြောပြီး ဆိတ်ရဲ့ ကျောကို ပုတ်လိုက်တဲ့အခါ ဒင်္ဂါး၂ပြားထွက်လာတယ်။ ဒါနဲ့ တည်းခိုခန်းခပေးပြီး တစ်ညအိပ်တော့တာပေါ့။
မအိပ်နိုင်သူကတော့ တည်းခိုခန်းပိုင်ရှင်မိန်းမပါပဲ။ သူဟာ ကောင်လေးလက်ဆောင်ရလာတဲ့ ဆိတ်နဲ့ တစ်ထပ်တည်းတူတဲ့ နောက်ဆိတ်တစ်ကောင်ကို ရှာလာပြီး ကောင်လေးဆိတ်နဲ့ တိတ်တိတ်ကလေး လဲထားလိုက်ပြန်တယ်။
ကောင်လေးက မသိလိုက်ပြန်ပါဘူး။ မိုးလင်းတာနဲ့ အိမ်ပြန်လာပြီး သူ့အမေကို ဒင်္ဂါးတွေအန်ထုတ်ပေးတဲ့ ဆိတ်ဆိုပြီး ပြလိုက်တယ်။ ဘယ်လောက်ပဲ "ပိုက်ဆံတွေ ပေးပါ" လို့ပြောပြီး ဆိတ်ရဲ့ ကျောကို ပုတ်ပုတ် ဒင်္ဂါးတွေ ထွက်မလာဘူးတဲ့။
ကောင်လေးဟာ လက်မလျှော့ဘဲ မြောက်လေမင်းဆီ ထပ်သွားပြန်ပါပြီ။
ပင်ပန်းစွာ လျှောက်လာတဲ့ ကောင်လေးကို မြောက်လေမင်းက အံ့သြနေပြန်တယ်။
"ဟေ လာပြန်ပလားဟ"
"လာရတာပေါ့ဗျာ။ ကျွန်တော်တို့ဟာ မြောက်လေမင်းမကယ်ရင် ခရစ္စမတ်မှာ ငတ်နေကြရတော့မှာမို့လေ။ ခု ဆိတ်ကလည်း တစ်ခါသုံးပဲလားဗျ။ ကျွန်တော် ပင်ပန်းလှပါပြီ။ ထပ်မလာရမယ့် လက်ဆောင်ပဲ ပေးပါလားဗျာ" လို့ ကောင်လေးက တောင်းဆိုလိုက်တယ်။
"မင်း ငါ့လက်ဆောင်ကို သူများကို ပြမိသေးလား" လို့ မြောက်လေမင်းကြီး မေးတော့ ကောင်လေးက "တည်းခိုခန်းပိုင်ရှင်ရှေ့မှာတော့ တည်းခိုခန်းအဖိုးအခပေးဖို့ လုပ်လိုက်မိတယ်" လို့ ဖြေတယ်။
မြောက်လေမင်းကြီးက တစ်ချက်ပြုံးလိုက်ပြီး
"ကဲ ဒီတုတ်ချောင်းကို လက်ဆောင်အဖြစ် ယူသွားပေတော့ဟေ့... သြော် ဒီတုတ်ကို သုံးချင်ရင် ရိုက်ရိုက်လို့ အော်ပြီး ရပ်စေချင်ရင် ရပ်ပေးပါတော့လို့ အမိန့်ပေးနော် " လို့ မှာပြီး ပေးလိုက်ပြန်တယ်။
ဒီတစ်ခါ လက်ဆောင်က တုတ်ချောင်းကြီးဖြစ်နေတော့ ကောင်လေးက ဘဝင်မကျလှပေမယ့် လက်ဆောင်ဆိုတာ ကောင်းကောင်း မကောင်းကောင်း ဝမ်းပန်းတသာ လက်ခံရတယ်မှတ်လား။ ဒါ့ကြောင့် သေချာယူပြီးပြန်လာခဲ့တယ်။
တည်းခိုခန်းမှာ တညအိပ်ရပြန်ဦးမယ်။ ဒီတစ်ခါတော့ တည်းခိုခန်းပိုင်ရှင်က သူ့ကို အခကြေးငွေအကြောင်းတောင် မပြောဘဲ အစားအသောက်တွေ ကျွေးသလို အခန်းကောင်းကောင်းလည်း ပေးသတဲ့။ ကောင်လေးလည်း ပင်ပန်းလို့ အိပ်ပျော်သွားလိုက်တာ။ ဖြန်းဖြန်းဖြန်းလို့ ရိုက်သံတွေ အား အား ကယ်ကြပါဦးလို့ အော်သံတွေ ကြားမှ နိုးလာသတဲ့။
သေချာကြည့်လိုက်တော့ မြောက်လေမင်းပေးလိုက်တဲ့ လက်ဆောင် တုတ်ချောင်းဟာ သူ့အလိုလို တည်းခိုခန်းပိုင်ရှင်ကို ရိုက်နေတာတဲ့လေ။ တည်းခိုခန်းပိုင်ရှင်မိန်းမက နာလွန်းလို့ အော်ရင်း
"ကြောက်ပါပြီ။ နောက် သူများပစ္စည်း မခိုးတော့ပါဘူး။ နင့် တုတ်ချောင်းကို ရပ်အောင် လုပ်ပေးပါတော့" လို့ ပြောတယ်။
ကောင်လေးလည်း အဲဒီတော့မှ သူ့တုတ်ကို လာခိုးလို့ တုတ်နဲ့ အရိုက်ခံနေရမှန်း သဘောပေါက်တာပေါ့။
"ကောင်လေးရေ နာလှပါပြီ။ နင့်ဆီက အရင်ကခိုးခဲ့တဲ့ စားပွဲခင်းရော ဆိတ်ရော ပြန်ပေးပါ့မယ်။ ဒီတုတ်ကြီးကို မရိုက်တော့အောင် လုပ်ပေးပါ" လို့ ထပ်တောင်းပန်တော့ ကောင်လေးက
"ရပ်ပေးပါတော့" လို့ အော်လိုက်တယ်။ ဒီတော့မှ ရိုက်နေတဲ့တုတ်က ရပ်သွားတော့တယ်။
ကောင်လေးလည်း တည်းခိုခန်းပိုင်ရှင် အမျိုးသမီးဆီက ပြန်ရလာတဲ့ မြောက်လေမင်း ပေးထားတဲ့ထူးဆန်းတဲ့ လက်ဆောင်တွေဖြစ်တဲ့ မှော်စားပွဲခင်း၊ ဒင်္ဂါးတွေ အန်ထုတ်ပေးတဲ့ ဆိတ်နဲ့ ထူးခြားတဲ့မှော်တုတ်တို့ကို ယူပြီး ပျော်ရွှင်စွာ ပြန်လာခဲ့ပါတော့တယ်။
အဲဒီခရစ္စမတ်ကစပြီး ဆင်းရဲသားကောင်လေးတို့သားအမိဟာ မဆင်းရဲတော့ဘဲ သူရလာတဲ့ ထူးဆန်းတဲ့လက်ဆောင်တွေကို အသုံးပြုပြီး သူ့လို ဆင်းရဲတဲ့သူတွေကို လှူဒါန်းရင်း ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါတော့တယ်တဲ့ကွယ်။
ရွှေငါးပြန်လည်ရေးသားသည်။
Credit > Storyline Magazine
#ရွှေငါး
#ShweNgar
#ပုံပြင်
#Christmas
#XmasSpecial
#kidstory
Keep Reading