ရွှေငါး
🐵 ဂျပန်ပြည်က မျောက်တွေဟာ မျက်နှာနီနီ ဖင်နီနီနဲ့ ဘာ့ကြောင့် အဲ့လိုနီနေကြတယ်ဆိုတာ ဒီပုံပြင်လေးထဲမှာ ပြောပြပေးသွားမယ်နော်။
🐵တစ်ခါတုန်းက တောစပ်နားက ရွာကလေးတစ်ရွာရဲ့ အိမ်ကလေးတစ်လုံးမှာ အဘိုးအဘွားနှစ်ယောက်နေကြတယ်။ သူတို့ဟာ တစ်နေ့ကျတော့ မအိပ်ခင်မှာ အေးအေးလူလူ ရေနွေးကြမ်းလေး သောက်ပြီး စကားပြောနေကြတုန်း သူတို့အိမ်ကို သူခိုးကပ်သတဲ့။
🐵သူခိုးဟာ အဘိုးနဲ့အဘွားအိပ်ပျော်မယ့်အချိန်ကို စောင့်ခိုးမယ်ပေါ့ဆိုပြီး ထုတ်တန်းတစ်ခုပေါ်မှာ တိတ်တိတ်လေး နေနေတယ်။
🐵အဲဒီအချိန်မှာလည်း တောထဲက မြေခွေးတစ်ကောင်ကလည်း အဘိုးနဲ့အဘွားတို့အိမ်ကို အစာရှာရင်း ရောက်လာတယ်။ မြေခွေးကလည်း အဘိုးနဲ့အဘွားရဲ့ တစ်ကောင်တည်းသော မြင်းကို ဆွဲမယ်ပေါ့ဆိုပြီး သူလည်း ထုတ်တန်းတစ်ခုပေါ်မှာ တိတ်တိတ်လေး နေနေတယ်။
🐵အဘိုးနဲ့အဘွားလည်း မအိပ်သေးဘဲ စကားဆက်ပြောနေကြသေးတယ်။
"ရှင်မရေ လောကမှာ ကြောက်စရာအကောင်းဆုံးအရာက ဘာလဲသိလား" လို့ အဘိုးက မေးလိုက်တယ်။
"အို ကြောက်စရာကောင်းတာက.....အင်း .... သူခိုးပေါ့ရှင့်။ ကိုယ်ရှာထားသမျှ သူခိုးရင် ကုန်ရောလေ"
🐵သူခိုးက ဒီစကားကို ကြားတော့ အင်း ငါက ကြောက်စရာအကောင်းဆုံးသူပဲကိုး လို့ တွေးလိုက်တယ်။
"စဉ်းစားပါဦးကွာ သူခိုးထက် ကြောက်စရာကောင်းတာ ရှိသေးလား" လို့ အဘိုးက ထပ်မေးတယ်။
"သိပြီ သိပြီ မြေခွေးကြီးပေါ့တော့ မြေခွေးက သူခိုးထက်ကြောက်ဖို့ကောင်းတယ်" လို့ အဘွားကဖြေတယ်။
🐵မြေခွေးကလည်း သူဟာ ကြောက်စရာအကောင်းဆုံးပါလားဆိုပြီး ပြုံးနေတယ်။
"သူခိုးတွေ မြေခွေးတွေထက် ကြောက်ဖို့အကောင်းဆုံးအရာ ရှိတာပေါ့ကွ" လို့ အဘိုးက အားရပါးရပြောလိုက်တော့ သူခိုးနဲ့ မြေခွေးဟာ "ဟာ ငါ့ထက် ကြောက်စရာကောင်းတာ ရှိတယ်ဆိုပါလား" ဆိုပြီး ထုတ်တန်းပေါ်ကနေ ငုံ့ပြီး သေချာနားစိုက်ထောင်နေမိတယ်။
🐵အဘိုးအိုက လက်ထဲက ရေနွေးပန်းကန်ကို ကုန်အောင်သောက်လိုက်ပြီး အဘွားနား နည်းနည်းတိုးပြီး ပြောလိုက်တယ်။
"မိန်းမ မင်းမှတ်ထား လောကမှာ ကြောက်စရာအကောင်းဆုံးက ဇာဇာနတ်ဘုရား (ဒေဝေါ)ကြီးပဲကွ သူမကြာခင်ရောက်လာတော့မှာ"
🐵သူခိုးနဲ့ မြေခွေးဟာ သူတို့ထက်ကြောက်စရာအကောင်းဆုံးအရာဆိုတာ ဇာဇာနတ်ဘုရားလို့ ကြားလိုက်တော့ ကြောက်သွားတယ်။ သူတို့က ဇာဇာနတ်ဘုရားဆိုတာ မကြားဖူးဘူးလေ။
"ဇာဇာနတ်ဘုရား မကြာခင်ရောက်လာတော့မယ်ဆိုပါလား" လို့ တွေးနေကြတုန်း လျှပ်စီးတစ်ချက်လက်သွားတယ်။
အဘိုးက
"ဟော သူလာတော့မယ် နားထောင်"လို့ပြောတယ်။ အဲဒီအချိန်
"ဂျိန်း" လို့ မိုးကြိုးပစ်သံကအထွက် ထုတ်တန်းကြီးကလည်း ဝုန်းဆို ကျိုးကျသွားတယ်။
🐵သူခိုးနဲ့ မြေခွေးလည်း ပြုတ်ကျလာကြတယ်။ မြေခွေးကအောက်က သူခိုးက အပေါ်က။
မှောင်မှောင်မည်းမည်းနဲ့ မြေခွေးကလည်း သူ့ပေါ်ပြုတ်ကျလာတဲ့ သူခိုးကို ဇာဇာနတ်ဘုရားထင်ပြီး လန့်ပြေးပါလေရော။
🐵သူခိုးကလည်း သူပြုတ်ကျမိတဲ့ မြေခွေးကို အမွှေးကြမ်းကြီးတွေနဲ့ ကြောက်စရာ ဇာဇာနတ်ဘုရားပဲဖြစ်ရမယ်ဆိုပြီး ကြောက်ကြောက်နဲ့ ကိုင်ထားမိပြီး မြေခွေးပြေးရာ ပါသွားပါရော။
🐵မြေခွေးလည်း လာရာတောထဲဘက်ကို ပြေးတာပေါ့။ ကိုယ်ပေါ်ပါလာတဲ့ ဇာဇာနတ်ဘုရားဆိုတာကြီးကို ခါချဦးမှဆိုပြီး ကြောက်ကြောက်နဲ့ ပြေးရင်း ခါချနေရတယ်။
🐵သူခိုးလည်း သူ့ကို ဇာဇာနတ်ဘုရားဆိုတာကြီးက ဘယ်ကို ခေါ်သွားနေတာလည်း ငါ့ကိုအရှိန်နဲ့ပြေးရင်းနဲ့ ခါချနေသေးတယ်လို့ တွေးပြီး မြဲမြဲကိုင်ထားတယ်။
🐵နောက်ဆုံးတော့ အပင်ကြီးတစ်ခုရဲ့ သစ်ကိုင်းတစ်ခုနဲ့ ရိုက်မိသွားပြီး သူခိုးဟာ အနီးနားက ချိုင့်နက်ကြီးထဲ ကျကျန်ခဲ့ပါသတဲ့။ မြေခွေးလည်း ဇာဇာနတ်ဘုရားရန်ကလွတ်ပြီဆိုပြီး ပျော်နေတယ်။
🐵လမ်းမှာ သူ့သူငယ်ချင်း မျောက်ကို ပြောပြလိုက်တယ်။ မျောက်က မယုံပါဘူး။ ဒါနဲ့ မြေခွေးလည်း သူခိုးကျကျန်ခဲ့ရာ ချိုင့်နက်ကြီးဆီ မျောက်ကို ခေါ်သွားပြတယ်။ ချိုင့်က နက်လွန်းလို့ မမြင်ရဘူး။
"မင်းမယုံရင် မင်းအမြီးကြီး ချကြည့် ဇာဇာနတ်ဘုရားသာရှိရင် တစ်ခုခုထူးခြားလိမ့်မယ်" လို့ မြေခွေးကပြောလိုက်တယ်။
🐵အဲ့ဒီတုန်းက မျောက်တွေရဲ့ အမြှီးဟာ အရှည်ကြီးဆိုပဲ။ မျောက်လည်း တစ်ခါမှမကြားဖူးတဲ့ ဇာဇာနတ်ဘုရားကို မယုံတာနဲ့ မြေခွေးပြောတဲ့အတိုင်း သူ့အမြီးကို ချကြည့်လိုက်တယ်။
🐵ချိုင့်နက်ထဲကျနေတဲ့ သူခိုးလည်း ကျလာတဲ့ မြောက်အမြှီးကို သူ့ကို တစ်ယောက်ယောက်က ကယ်ဖို့ ကြိုးချပေးတယ်ထင်သွားပြီး ဆွဲတက်ဖို့လုပ်တယ်။
"ဟ ဟ အောက်က တကယ်ဆွဲတယ်ဟ မင်းပြောတာမှန်တယ်ထင်တယ်။ ငါ့ကိုပြန်ဆွဲပေးထားဦး မြေခွေးရေ" လို့ မျောက်က အော်တယ်။
🐵အဲဒီတော့ အပေါ်မှာ မြေခွေးက မျောက်ရဲ့လက်ကို ဆွဲ၊ ဟိုးအောက်မှာ သူခိုးက မျောက်အမြှီးကိုဆွဲနဲ့ တပြိုင်တည်း အားနဲ့ ဆွဲကြပါလေရော။ နောက်ဆုံးတော့ တင်းလွန်းလို့ မျောက်အမြီးဟာ ပြတ်သွားပြီး သူခိုးက အောက်ပြန်ကျသွားလေရဲ့။
🐵မျောက်ခမျာ ကြားထဲကနေ အမြှီးပြတ်သွားပြီးတော့ အရင်လိုအမြှီးမရှိတော့ဘဲ နာကျန်ခဲ့တဲ့ ဖင်နီနီကြီးပဲ ရှိတော့လို့ ရှက်ပြီး မျက်နှာတွေပါ နီကုန်သတဲ့။ အဲဒီအချိန်ကစပြီး ဂျပန်ပြည်က မျောက်တွေဟာ အခုတိုင် မျက်နှာနီနီ ဖင်နီနီနဲ့ တွေ့ရတော့တာပဲတဲ့ကွယ်။
🐵🐵🐵🐵🐵
🥑🥑🥑🥑🥑
(ရွှေငါး)
#ရွှေငါး
#ပုံပြင်
#ရိုးရာပုံပြင်
#ဂျပန်ရိုးရာပုံပြင်
#japanstories
#folktales
#avocadostoryrecipe
Keep Reading