ရွှေငါး
တစ်ခါတုန်းကပေါ့။ မြို့လေးတစ်မြို့မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီးတစ်ယောက်ရှိသတဲ့။ သူ့အိမ်နဲ့ကပ်ရပ် ခပ်မှောင်မှောင် မြေအောက်ခန်းကျဉ်းလေးမှာတော့ စက်ချုပ်သမလေးတို့ မိသားစုတို့ ငှားရမ်း နေထိုင်ကြတယ်။
စက်ချုပ်သမလေးဟာ အဲဒီအခန်းကျဉ်းလေးမှာ ယောက်ျားဖြစ်သူရယ် သားလေးနဲ့ သမီးလေးရယ်နဲ့ ကြပ်ကြပ်သိပ်သိပ်နေရရှာတယ်။ သူဟာ မိသားစုဝမ်းရေးအတွက် တစ်နေကုန် စက်ချုပ်ရတယ်။ ဒါပေမဲ့ သူဟာ အမြဲ ပျော်ရွှင်နေတာတဲ့။ သူပျော်ရွှင်နေကြောင်းကို သူအမြဲဆိုညည်းနေတဲ့ သီချင်းလေးတွေကတဆင့် သိနိုင်သတဲ့ကွယ်။ ဘယ်လောက် ပင်ပန်းနေပါစေ သူက သီချင်းဆို မပြတ်ဘူး။ သူ့သီချင်းသံလေးကြောင့်လည်း မိသားစုတွေကပါ အမြဲ ပျော်ရွှင်နေရတာပေါ့။
မပျော်ရွှင်နိုင်တဲ့သူကတော့ အိမ်နီးချင်း သူဌေးကြီးပါ။ သူဟာ နေ့တိုင်း သူ့ရဲ့ ပိုင်ဆိုင်မှုတွေအတွက် မမြဲ စိုးရိမ်ပူပန်နေရတယ်။
သူ့ရွှေတွေကို ဘယ်လို လုံခြုံအောင် ဘယ်နားသိမ်းရမလဲ။
သူ့ပိုက်ဆံတွေကို ဘယ်လို ပိုများလာအောင် လုပ်ရမလဲ။
သူ့ပိုက်ဆံတွေ မဆုံးရှုံးရအောင် ဘယ်လို ရင်းနီးမြုပ်နှံရမလဲ ဆိုပြီး နေ့တိုင်း နေ့ရော ညပါ သောကရောက်နေသတဲ့။ ထမင်းလည်း ကောင်းကောင်းမစားနိုင်။ အိပ်လည်း ကောင်းကောင်းမအိပ်နိုင်ဘူး။ အရေးထဲ စက်ချုပ်သမလေးရဲ့ ပျော်ရွှင်နေတဲ့ သီချင်းသံကလည်း သူ့ကို ပို စိတ်သောကရောက်စေပါသတဲ့။
"ဒီကောင်မလေးကတော့ကွာ။ သီချင်းပဲဆိုနေတာပဲ။ နားညည်းလိုက်တာ။ အေးပေါ့ သူက ဘာမှ မပိုင်ဆိုင်ဖူးတော့ ငါ့လို ဘယ်စိတ်ပူပါ့မလဲ။ ငါ့လိုများ ပိုင်ဆိုင်ရင် ဘယ်လိုနေမလဲ သိချင်လိုက်တာ ဟွန်း" လို့ တွေးသတဲ့။ ဒါ့ကြောင့် သူဌေးကြီးဟာ အကြံတစ်ခု ထုတ်လိုက်တယ်။
"ဒေါက် ဒေါက် ဒေါက်"
သီချင်းလေးဆိုရင်း စက်ချုပ်နေတဲ့ စက်ချုပ်သမလေးဟာ လုပ်လက်စအလုပ်လေးကို ခဏရပ်ပြီး တံခါးသွားဖွင့်လိုက်တယ်။
"ဟင် သူဌေးမင်းပါလား"
"အချိန် ခဏလောက်ရမလား"
"ဟုတ် ပြောပါရှင့် ဘာများဖြစ်လို့လဲမသိဘူးနော်" လို့ စက်ချုပ်သမလေးက စိုးရိမ်သံလေးနဲ့ မေးလိုက်တယ်။ ဟုတ်တယ်လေ။ ဒီလို သူဌေးကြီးမျိုးက သူတို့လို နုံချာတဲ့ မြေအောက်ခန်းလေးဆီ လာစရာအကြောင်းမှ မရှိတာလို့ သူထင်တာကိုး။
သူဌေးကြီးက
"ကျုပ် မင်းအတွက် လက်ဆောင်လာပေးတာပါ" လို့ ပြောရင်း တချွင်ချွင်အသံမြည်နေတဲ့ အထုပ်တစ်ထုပ်ကို လှမ်းပေးလေရဲ့။
စက်ချုပ်သမလေးက ဖွင့်ကြည့်လိုက်တော့ ရွှေဒင်္ဂါးတွေဖြစ်နေတယ်လေ။ သူ့မျက်လုံးသူမယုံနိုင်အောင် ဖြစ်နေရင်း
"မဖြစ်နိုင်တာ ဒါ လက်ဆောင်ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ ဒါတွေက အစစ်တွေဆိုရင် ကျွန်မယူလို့လည်း မဖြစ်ဘူး" လို့ ခပ်သွက်သွက် တုန့်ပြန်လိုက်တယ်။
သူဌေးမင်းက ကျေနပ်စွာနဲ့ပဲ
"ယူပါကွယ် မင်းနေ့တိုင်းသီချင်းတွေ ဆိုနေတာကို ကြားရုံနဲ့ မင်းက ဒီကမ္ဘာမှာ အပျော်ဆုံးလူသားမှန်း သိသာပါတယ်။ အပျော်ဆုံးလူသားအနေနဲ့ ငါဆုချတဲ့ ဒီလက်ဆောင်တွေ ရထိုက်ပါတယ်" လို့ပြောပြီး ပြန်သွားပါတော့တယ်။
စက်ချုပ်သမလေးဟာ အိပ်မက်လိုလို တကယ်လိုလို ထင်သွားပြီး အိတ်ထဲက ရွှေဒင်္ဂါးတွေကို ရေကြည့်လိုက်တယ်။
"တစ်ပြား နှစ်ပြား... ဆယ်ပြား... ပြား နှစ်ဆယ်... ပြား ငါးဆယ်"
အဲ့ဒီလို ရေနေရင်းနဲ့ လူတစ်ချို့ ဖြတ်သွားလို့ အခန်းထဲ အမြန်ဝင်လိုက်တယ်။
"ငါ့ကို ရွှေဒင်္ဂါးတွေနဲ့များ တွေ့သွားကြလားမသိဘူး" လို့ စိတ်ပူသွားတယ်။ ပြီးတော့ ရွှေဒင်္ဂါးတွေကို ဆက်ရေတွက်ကြည့်တယ်။ ရွှေဒင်္ဂါး အပြား တစ်ရာ တိတိပါလား။ မကျေနပ်နိုင်သေးဘဲ သူ အထပ်ထပ် အခါခါ ရေတွက်နေသေးတယ်။
စက်ချုပ်သမလေးဟာ ပထမဆုံး ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။ ယောက်ျားကို ပြောရမလားစဉ်းစားတယ်။
"မဖြစ်သေးပါဘူး။ သူက နှုတ်မလုံဘဲ ယောက္ခမတို့ိကို သွားပြောလို့ လာတောင်းရင် ခွဲပေးနေရမယ်" လို့ တွေးလိုက်ပြန်တယ်။
"နေဦး။ ဒါတွေ သိမ်းဖို့ အရင် နေရာရှာရမယ်" ဆိုပြီး ဗီရိုထဲမှာ သိမ်းဖို့လုပ်တယ်။ မသိမ်းဖြစ်ပါဘူး။ ဒါ ယောက်ျား ခဏခဏဖွင့်တဲ့နေရာပဲ။
ဒါနဲ့ ကုတင်အောက်မှာ ဖွက်ဖို့လုပ်တယ်။
"ဒါလည်း မဖြစ်သေးဘူး။ ကလေးတွေက တူတူပုန်းတမ်းေဆော့ရင် ဒီအောက်ထဲခဏခဏ ဝင်ပုန်းနေကျ။ သူတို့က တန်ဖိုးကြီးမှန်းမသိဘဲ လွှင့်ပစ်ရင် ဒုက္ခ။"
ခေါင်းအုံးအောက်မှာ လောလောဆယ် သိမ်းလိုက်တယ်။ ဒါပေမဲ့ ရွှေဒင်္ဂါးထုတ်က ကြီးနေတော့ မို့မောက်ပြီး သိသာနေတယ်။
ဒီလိုနဲ့ စက်ချုပ်သမလေးဟာ ရွှေဒင်္ဂါးထုတ်ကို ထားဖို့ နေရာစဉ်းစားရတာနဲ့တင် ယောက်ျားနဲ့ ကလေးတွေအတွက် ညစာချက်ဖို့တောင် မေ့နေပါလေရော။ ဒီလိုမဖြစ်ဖူးလို့ ယောက်ျားက မေးကြည့်တော့လည်း
"တစ်ညတစ်လေ ညစာလေးတောင် ကိုယ့်ဘာသာကိုယ် ရှာမစားတတ်ကြဘူးလား" လို့ အော်ပစ်လိုက်တယ်။
ကလေးတွေနဲ့ ယောက်ျားဖြစ်သူဟာ တစ်ခါမှ ဒီလိုကြမ်းကြမ်းတမ်းတမ်းမပြောဖူးတဲ့သူ့ကို အံ့သြစွာပဲ ကြည့်နေခဲ့ကြတယ်။
အဲဒီညက သူတစ်ချက်ကလေးမှ အိပ်မပျော်လိုက်ပါဘူး။
ဒီရွှေဒင်္ဂါးတွေကို ဘယ်လို ခွဲခြမ်းရောင်းချရမယ်။
အိမ်ရဲ့ ဘယ်လိုအပ်ချက်တွေမှာ ဖြည့်ရမယ်။
သားနဲ့သမီးအတွက် ဘယ်လိုကျောင်းထားရမယ်။
သူနဲ့ သူ့ယောက်ျားအတွက် ဘာတွေဝယ်ကြမယ်တွေ စိတ်ကူးယဉ်နေတာပေါ့။
ရက်သတ္တပတ်လုံး စက်ချုပ်သမလေးတို့အိမ်ဟာ အရင်လို သီချင်းသံတွေ ရယ်မောသံတွေ မကြားရတော့ဘဲ တိတ်ဆိတ်လို့နေတယ်။ သူဌေးကြီးကတော့ သီချင်းသံမကြားရတော့ဘဲ အိပ်ကောင်းချင်း အိပ်နေရလို့ စိတ်ချမ်းသာနေလေရဲ့။
စက်ချုပ်သမလေးလည်း တစ်ပတ်ဆိုတဲ့ အချိန်မှာတင် တော်တော် အိုစာသွားသလိုတောင် ထင်ရတယ်ဆိုပဲ။ ဒါ့ကြောင့် သူ့ယောက်ျားက ချော့မော့ပြီး မေးကြည့်တော့မှ အမှန်အတိုင်း ဖွင့်ပြောပြလိုက်တော့တယ်။
"မိန်းမရာ အလကားရတယ်ဆိုတာ ဒီလောကမှာ မရှိဘူးကွ။ ခု ရလာလည်း မင်း ဘယ်မှာပျော်ရလို့လဲ။ သူများပစ္စည်း ပြန်ပေးတာကောင်းမယ်ထင်တယ်နော်။" လို့ အကြံပေးတယ်။
စက်ချုပ်သမလေးလည်း ရပြီးသားရွှေဒင်္ဂါးတွေကို နှမြောပေမဲ့ သူဌေးမင်းရဲ့ အိမ်တံခါးကို သွားခေါက်လိုက်တယ်။ သူဌေးကြီး ထွက်လာတော့
"သူဌေးမင်း တန်ဖိုးကြီးတဲ့ ရွှေဒင်္ဂါးတွေ လက်ဆောင်ပေးတာတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ခု ပြန်ပေးပါရစေ။ ကျွန်မ ဒီလက်ဆောင်ကို ရပြီးကတည်းက စားလည်း ဒီစိတ် သွားလည်း ဒီစိတ်နဲ့ စိတ်ဖိစီးပြီး မပျော်ရွှင်နိုင်ခဲ့ရလို့ပါ" လို့ ပြောပြီး သူဌေးကြီးလက်ထဲကို ရွှေဒင်္ဂါးထုတ်ကြီး ပြန်ပေးလိုက်တယ်။
ပေးပြီးတာနဲ့ ကလေးတစ်ယောက်လို လွတ်လပ်စွာ ခုန်ပေါက်ရင်း အိမ်ကို ပျော်ရွှင်စွာ ပြန်လာခဲ့တယ်။ သူအကြိုက်ဆုံး သီချင်းလေးကို ဆိုညည်းရင်းနဲ့ပေါ့ကွယ်။
ရွှေငါးပြန်လည်ရေးသားသည်။
Credit Reference = Storyline
#ရွှေငါး
#ပုံပြင်
#kidstory
#folktales
Keep Reading