ရွှေငါး
🐘 ဟိုးရှေးရှေးတုန်းက ဆင်ဆိုတဲ့ တိရစ္ဆာန်တွေမှာ ခုလို နှာမောင်းအရှည်ကြီး မရှိသေးဘဲ နှာမောင်းတွေက တိုတိုလေးတွေတဲ့။ ဆင်တွေဟာ အစာရေစာရှာဖို့အတွက် ခရီးဝေးကြီးတွေလည်း သွားပြီးရှာလေ့ရှိတယ်။ တစ်နေရာတည်းမှာ နှစ်ပေါင်းများစွာ အကြာကြီးနေလေ့နေထ မရှိဘူးတဲ့။
တစ်နှစ်တော့ ဆင်တွေဟာ ကြံပင်တွေအများကြီးပေါက်နေတဲ့ အစာရေစာပေါများတဲ့ တောအုပ်ကြီးတစ်ခုကို ရှာတွေ့သွားပြီး ပျော်ပျော်ရွှင်ရွှင် နေကြပါလေရော။ အဲဒီသူတို့နေတဲ့နားက သစ်ပင်ကြီးတစ်ပင်မှာလည်း ပျားတွေနေကြသတဲ့။ သူတို့ဟာ ပန်းကလေးတွေဆီက ဝတ်ရည်တွေ စုဆောင်းလိုက် သစ်ပင်ဆီပြန်လာပြီး ပျားအုံလုပ်လိုက်နဲ့ သူတို့ဘာသူတို့ အေးအေးချမ်းချမ်းနေကြလေရဲ့။
🐘 မကြာခင် နွေရာသီရောက်ရှိလာပါတော့တယ်။ ဒီတစ်ခါနွေဟာ အရင်နွေတွေထက်ပိုပြီး အပူချိန်များတယ်။ ဒါ့ကြောင့် သစ်ပင်တွေဟာ ခြောက်သွေ့လာသလို မြေကြီးတွေကလည်း ကွဲအက်လာတယ်။ စမ်းချောင်းလေးတွေလည်း ရေတွေခမ်းခြောက်လာတယ်။ ရေဓာတ်နည်းလို့ အပင်ငယ်တွေကလည်း သေကုန်ကြပါရောတဲ့။ ပျားလေးတွေအတွက် ဝတ်ရည်တွေတောင် ရှားပါးကုန်ပြီလေ။ ဒါ့ကြောင့် တိရိစ္ဆာန်တွေဟာလည်း သိပ်နေချင်စရာကောင်းခဲ့တဲ့ ဒီတောကြီးကို စွန့်ခွာပြီး တခြားနေရာပြောင်းကြရဖို့ ဖြစ်လာတာပေါ့။
🐘တခြား တိရိစ္ဆာန်တွေ အသီးသီး တောကို စွန့်ခွာပြီး ပြောင်းနေကြပြီ ဆိုပေမဲ့ ဆင်တွေဟာ သူတို့ကြိုက်တဲ့ ကြံခင်းကြီးကို မခွာရက်နိုင်ဖြစ်နေသေးတယ်။ ပျားလေးတွေကလည်း ပျားအုံကြီးကို မထားရက်ခဲ့နိုင်သေးလို့ မပြောင်းရသေးဘူးတဲ့လေ။
🐘တစ်ရက်တော့ ပူပြင်းလွန်းတဲ့ အပူချိန်ကြောင့် တောမီးလောင်ပါလေရော။
တောမီးကြီးဟာ တဖြည်းဖြည်း ကြီးကြီးလာပြီး ဆင်တွေနဲ့ ပျားတွေနေတဲ့ နားဆီတောင် ကူးလာပါတော့တယ်။ ဆင်တွေဟာ အဲဒီတော့မှ ကြောက်လန့်ပြီး ပြေးကြတယ်။ ဒါပေမယ့် မီးကလည်းကူးလာတာမြန်သလို ဆင်တွေကလည်း ဘယ်ကို ပြေးရင်လွတ်မလဲမသိဘဲ ရမ်းပြီးပြေးနေရရှာတယ်။
🐘ပျားတွေကလည်း ပျားအုံကို ပစ်ပြီး ပြေးကြရပြီလေ။ ဆင်တွေနဲ့ ပျားတွေ လမ်းမှာပြေးနေရင်း တွေ့ကြတော့ ဆင်တွေက ပျားတွေကို မေးလိုက်တယ်။
"မင်းတို့က အမြင့်ကြီးပျံနိုင်တော့ မီးလွတ်ရာဘယ်နားလဲ မြင်ရမှာပေါ့နော်။ ငါတို့ကိုလည်း မီးလွတ်တဲ့နေရာဆီ လမ်းပြပါလား"
ပျားတွေကလည်း
"ကောင်းပါပြီ။ ငါတို့ မီးလွတ်မယ့်ရေအိုင်တစ်ခုကို တွေ့ထားတယ်။ အဲဒီအိုင်ရေလည်မှာ နေရင် မီးလွတ်နိုင်တယ်။ ငါတို့ အဲဒီရေအိုင်ကို လမ်းပြခေါ်သွားပါ့မယ်။ ဒါပေမဲ့..."
"ဒါပေမဲ့... ဘာဖြစ်လဲပြောပါကွာ။ မီးက နီးလာပြီကွ" လို့ ဆင်ကြီးတစ်ကောင်က အားမလို အားမရမေးလိုက်တယ်။
"ကျုပ်တို့ကို ခင်ဗျားတို့ ပြန်ကူညီပေးရမယ်။ ကျုပ်တို့ နားခိုစရာ အပင်မရှိသလောက်ဖြစ်သွားပြီမို့ မီးငြိမ်းသွားတဲ့အထိ ခင်ဗျားတို့ နှာမောင်းထဲမှာ နေခွင့်ပေးပါ" လို့ ပျားတွေက ပြောတယ်။
ဆင်တွေလည်း သဘောတူလိုက်ကြတယ်။ ဒါနဲ့ ပျားတို့ လမ်းပြရာ ရေခမ်းခြောက်ခါစ ရေအိုင်ကြီးဆီ အချိန်မီရောက်အောင် ပြေးသွားနိုင်ခဲ့ကြတယ်။ ရေအိုင်အလယ်မှာ ဆင်ကြီးတွေက အချင်းချင်းပူးကပ်ပြီးနေကြတယ်။ ပျားတွေက သူတို့ရဲ့ နှာမောင်းတိုတွေထဲမှာပေါ့။ တောမီးကြီးဟာ ရေအိုင်ကြီးကို ပတ်ပြီး လောင်နေတုန်းပဲ။ ကံကောင်းလို့ ရေအိုင်ကြီးရှိလို့သာ သူတို့အသက်ရှင်နိုင်ခဲ့တာ။
🐘မကြာခင်မှာပဲ အပင်တွေလည်း အကုန်လောင်ကုန်ပြီး တောမီးကြီးလည်း ငြိမ်းသွားခဲ့ပါပြီ။ အဲဒီတော့မှ ဆင်ကြီးတွေဟာ ရေအိုင်ထဲကနေ ထွက်လာခဲ့ကြတော့တယ်။ ဒါပေမဲ့ နားခိုစရာ သစ်ပင်တွေ မရှိကြတော့လို့ ပျားတွေဟာ နေစရာမရှိတော့ဘူး။ ပြီးတော့ သူတို့ဟာ မီးဘေးရှောင်ကြတုန်းက ဆင်တွေရဲ့ နှာမောင်းတိုတွေထဲမှာ နေရတာကို နှစ်သက်သွားကြတယ်။ ဒါ့ကြောင့် မီးငြိမ်းသွာားပေမယ့် ဆင်နှာမောင်းထဲကနေ မထွက်လာချင်ကြတော့ဘူးတဲ့။
🐘ဆင်ကြီးတွေကလည်း မီးဘေးရှောင်ချင်လို့သာ ပျားတွေနှာမောင်းထဲနေဖို့ သဘောတူလိုက်ရတာ ပျားတွေနှာခေါင်းထဲမှာနေတော့ ယားကျိ ယားကျိနဲ့ မနေတတ်ဘူးပေါ့။
"ပျားလေးတို့ရေ မီးငြိမ်းသွားပြီကွ။ ထွက်လာကြတော့" လို့ အခါခါ ပြောပေမယ့် ပျားတွေက မထွက်လာကြဘူး။ ဒါ့ကြောင့် သူတို့ရဲ့ နှာမောင်းတွေကို ခါရမ်းပြီးရော ဖူးဖူးလုပ်ပြီးရော ပျားတွေကို နှင်ထုတ်ရတာပေါ့။
🐘ဆင်နှာမောင်းထဲမှာ ပျားတွေကလည်း ခိုကပ်နေလိုက်တာဆိုတာ ဆင်ကြီးတွေတစ်နေကုန် နှာမောင်းကို ခါရမ်းတာတောင်မှာ သိပ်မထွက်လာဘူး။ ဆင်ကြီးတွေလည်း နှာမောင်းကြီးကို ခါရ မှုတ်ရလွန်းလို့ နှာမောင်းကြီးတွေတောင် အရှည်ကြီး ဖြစ်လာကြသတဲ့။
🐘နောက်ဆုံးတော့ ဉာဏ်အကောင်းဆုံးဆင်ကြီးက မီးလောင်ပြီးကျန်ခဲ့တဲ့ မီးခိုးငွေ့တွေဆီသွားပြီး အငွေ့တွေကို နှာမောင်းနဲ့ရှူလိုက်တော့မှ ပျားတွေနှာမောင်းထဲ မနေနိုင်ဘဲ ထွက်လာကြပါတော့တယ်။
ပျားတွေ အကုန်ထွက်သွားအောင်လည်း ရှည်လာတဲ့ နှာမောင်းကြီးနဲ့ ရေတွေကိုစုပ် ပြီးတော့ ဖူးဆိုပြီး မှုတ်ထုတ်လိုက်ရပါသတဲ့။
🐘ဒါ့ကြောင့် အဲအချိန်ကစပြီး ပျားတွေဟာလည်း ဆင်နှာမောင်းလို အခေါင်းပေါက်ရှိတဲ့ သစ်ပင်အခေါင်းပေါက်တွေမှာ ပျားအုံလုပ်ကြလေ့ရှိတယ်။ လူတွေကလည်း ပျားရည်ရှာဖို့ ပျားတွေထွက်လာစေချင်ရင် မီးခိုးငွေ့နဲ့ မှိုင်းတိုက်ကြသတဲ့။ ဆင်တွေရဲ့ နှာမောင်းကလည်း အဲဒီကတည်းက အခုမြင်နေရသလို အရှည်ကြီးဖြစ်လာကြပြီး ရေချိုးရေကစားကြတဲ့အခါလည်း ဖူးဆိုပြီး မှုတ်ထုတ်ကြတဲ့ အကျင့်ရှိလာကြတာတဲ့ကွယ်။
🐘🐘🐘
🥑🥑🥑🥑🥑
(ရွှေငါး)
#ပုံပြင်
#ရိုးရာပုံပြင်
#ရွှေငါး #shwengar
Keep Reading