သစ်တိုင်းမွှေး
တစ်ခါတလေ ကျွန်တော်တို့အနေနဲ့ ဖြစ်နေတဲ့ပြဿနာတွေ ခဏရှောင်ဖို့ပဲ ဖြစ်ဖြစ်၊အပန်းဖြေဖို့ပဲ ဖြစ်ဖြစ် ခရီးထွက်လေ့ရှိပါတယ်။ဆိုရှယ်မီဒီယာမှာလဲ ခရီးထွက်တဲ့ပုံတွေ ဗီဒီယိုတွေ တက်နေကြတာပဲမလားဗျ။လူတွေ ဘာလို့ ခရီးသွားရတာကြိုက်တာလဲနော်။
ပြောရမယ်ဆို ခရီးသွားတာက အတွေ့အကြုံပေါင်းများစွာရရှိစေပြီး နေရာဒေသအလိုက် ကွဲပြားတဲ့ အမူအကျင့် အပြောအဆိုတွေ ဗဟုသုတတွေကို သိရနိုင်တဲ့အပြင် စိတ်ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများများရပါတယ်။
အားလပ်ရက်တစ်ခုခုမှာ ခရီးသွားတာက စိတ်ဖိစီးမှုတွေ စိတ်ပင်ပန်းတာတွေ ကို လျှော့ချပေးပါတယ်။ခရီးမကြာခဏ ထွက်တတ်သူတွေကိုသွားကြည့်လိုက်ပါ စိတ်လန်းဆန်းနေတာမို့ မျက်နှာထားလေးက ကြည်ကြည်လေးနဲ့ပါပဲ။
လှုပ်ရှားနေရတဲ့ ပတ်ဝန်းကျင်ကနေ အေးချမ်းတဲ့ သဘာဝတရားနယ်မြေထဲ ခြေချရတာမို့ စိတ်ဆိုးစိတ်ညစ်တာတွေကို သက်သာစေတတ်ပါတယ်။ဒါအပြင် သဘာဝပတ်ဝန်းကျင်သစ်ကို ထိတွေ့တဲ့အခါ အသစ်အဆန်းမို့ စိတ်အပန်းဖြေစေပြီး စိတ်ကျေနပ်မှု တွေတိုးလာစေပါတယ်။
စိတ်ပိုင်းဆိုင်ရာတွေအပြင် ခရီးသွားခြင်းက ကိုယ်ကာယပိုင်းဆိုင်ရာပါအတောက်အကူပြုပေးပါတယ်။အကြောင်းက ကျွန်တော်တို့ခရီးထွက်မယ်ဆိုဘာမှ မလုပ်ရရင်နေ လမ်းတော့ လျှောက်ရအုံးမှာ၊ပင်လယ်ဘက်တွေဆို ရေးကူရမယ်၊တောင်တန်းဘက်တွေဆို တောင်တက်ရမယ် ။ဒီလိုကာယ လှုပ်ရှားမှုတွေက ကိုယ်ခံအားကောင်းမွန်လာစေဖို့ ကူညီပေးတာမို့ ပိုက်ဆံကုန်ခံပြီး gymတောင်သွားဆော့စရာ မလိုဘူးဗျာ။
ဒါကြောင့် ခရီးသွားတာက ကျန်းမာရေးကို စိတ်ပိုင်းဆိုင်ရာရော၊ရုပ်ပိုင်းဆိုင်ရာပါ ကူညီထိန်းသိမ်းပေးပါတယ်။
နောက်ထပ် ခရီးသွားတာကြောင့် ဘာတွေရသလဲဆို အသစ်အသစ်သော ယဉ်ကျေးမှုတွေ ၊ဘာသာစကား၊ အစားအစာ၊ ဓလေ့ထုံးတမ်းတွေကို သိနိုင်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံကြီးကို ခဏကြည့်ပါအုံး။လူမျိုးပေါင်း၁၀၀ ကျော် ယဉ်ကျေးမှုပေါင်းအထွေအထွေနဲ့ လာလည်သူတိုင်းကို ကိုယ်နိုင်ငံရဲ့ လူမျိုးအကြောင်း၊ယဉ်ကျေးမှုအကြောင်းပြောပြနိုင်ပါတယ်။ဒါကြောင့် လာလည်သူတွေကလဲ လက်ဗလာနဲ့ ပြန်စရာမလိုပဲ ဒီနေရာဋ္ဌာနအကြောင်းတွေ ရင်ဝယ်ပိုက်လို့ ပြန်နိုင်ပါတယ်။
ကိုယ်သွားမဲ့ ခရီးစဉ်မှာ လူအသစ်များနဲ့ တွေ့ဆုံတာတွေ၊စကားပြောတာတွေ၊အတူပူးပေါင်းလုပ်ဆောင်တာတွေကြောင့် လူမှုဆက်ဆံရေး စွမ်းရည်ကလဲတိုးတက်လာနိုင်ပါတယ်။ ခရီးသွားရင်းနဲ့ သူတို့ရဲ့ဘဝနဲ့ ကြုံနေရတဲ့ ပြဿနာကို လေ့လာခြင်းကကျွန်တော်တို့အနေနဲ့ တစိတ်တဒေသမှာတော့ဖြင့် ဒီဋ္ဌာနေကလူများကို ကူညီနိုင်ပါလိမ့်မယ်။ပြီးတော့ သွားတဲ့နေရာရဲ့ လူမှုဘဝကို လေ့လာပြီး နေရာဒေသအကြောင်းမှတ်သားတာကလဲ ကျွန်တော်တို့မှာ မသိလိုက်ပါဘဲ ပြင်ပဗဟုသုတတွေရောရလို့မလားဗျ။
ခရီးသွားတဲ့အခါ အဖွဲ့လိုက်သွားတာမျိုး မိသားစုနဲ့အတူ သွားရတာမျိုးတွေက ကျွန်တော်တို့ကြားက ချစ်ကြည်ရေးကပိုမိုခိုင်မြဲစေပါတယ်။ခရီးသွားတဲ့အခါ ပျော်စရာကြုံ အတူဝိုင်းပျော်ကြတာမျိုး ပြဿနာပေါ်လာ ဝိုင်းဖြေရှင်းတာတွေက ချစ်ကြိုးတွေ ခိုင်စေတာကတော့ အမှန်ပါပဲဗျာ။
ပြဿနာဆိုမှ ပြောရအုံးမယ်။ခရီးသွားတဲ့အခါ ကိုယ်နဲ့ မရင်နှီးတဲ့ဒေသမို့ ပြဿနာသေးသေးမွှားမွှားလေးတွေ ကြုံရပါအုံးမယ်။အဲ့ဒီလို အရင်မကြုံဖူးတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့ရဲဲ့ အခြေအနေကိုလိုက်ပြီး ပြဿနာကို ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်းက တိုးတက်လာပါတယ်။ပြီးတော့ ခရီးသွားရင်းနဲ့ အခက်အခဲ၊ အန္တရာယ်နဲ့တွေ့လို့ ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းပြီးတဲ့အခါ ကျွန်တော်တို့ကိုယ်ကျွန်တော် ပိုမိုလေးစားပြီး ဂုဏ်ယူလာနိုင်ပါတယ်။
ပြီးတော့ရှိပါသေးတယ်။အနုပညာစွမ်းရည်ရှိသူတွေကလေ ခရီးခဏခဏထွက်ကြပါတယ်။ဘာကြောင့်လဲဆို အဲ့လိုမျိုးခရီးတွေ ခဏခဏထွက်တဲ့အခါ သဘာဝပတ်ဝန်းကျင်တွေကို ခရီးသွားရင်းနဲ့တွေ့ရခြင်းက ဖန်တီးမှုစွမ်းရည်ကို တိုးတက်စေလို့ ဖြစ်ပါတယ်တဲ့။
အားလုံးကို ခြုံငုံပြီးကြည့်ရရင် အခုလို ကုန်ဈေးနှုန်းကြီးကြီးနဲ့ မငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေမှာ ခရီးသွားဖို့ဆိုတာ မလွယ်ဘူးဟုတ်။ဒါပေမဲ့ အခြေအနေတွေ အေးဆေးငြိမ်သက်သွားရင်တော့ ခရီးလေးတစ်ခုလောက်တော့ ထွက်ကြပါစို့။ကျွန်တော်တို့ခရီးထွက်မယ်ဆို ကုန်ကျစရိတ်ကလွဲ စိတ်ရော ကျန်းမာရေးသာမက အခြား ကဏ္ဍလေးတွေထဲက စွမ်းရည်သည်လဲ တဖြည်းဖြည်းပြည့်မီလာမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။
ချစ်တဲ့
သစ်တိုင်းမွှေး
A/N-စာဖတ်သူတို့ အခုချိန်မှာတော့ဖြင့် အိမ်မှာပဲ အေးဆေးသက်သာနေကြပါခင်ဗျ။ခရီးကိုတော့ စာအုပ်ထဲကဖြစ်စေ အခြားအွန်လိုင်းဘလော့တွေကဖြစ်စေ စိတ်ကူးနဲ့သာ သွားရောက်လည်ပတ်ပါလို့ ပြောချင်ပါတယ်ဗျ။
Keep Reading