သစ်တိုင်းမွှေး
မနက်ခင်းမှာ ကျေးဇူးတင်စကားဆိုရင်ဘာရလို့လဲ!
ကျွန်တော်က ဆရာမတစ်ယောက်ရဲ့တိုက်တွန်းမှုကြောင့် မနက်ခင်းကျေးဇူးတင်စကားပြောတာရယ် တရားထိုင်တာရယ်ကို အလယ်တန်းကစ မနက်ခင်းတိုင်းပုံမှန်လုပ်ဖြစ်ခဲ့ပါတယ်။အထက်တန်းရောက်တော့ လူက စည်းလွတ်ဝါးလွတ်ဖြစ်ရင်းနဲ့ လုပ်နေကြ အမူအကျင့်လေးတွေကို မလုပ်ဖြစ်တော့ပါဘူး။
အခုက နှစ်သစ်တစ်ခုကို ချင်းနင်းဝင်ရောက်လာပြီဆိုတော့ အရင်ကအမူအကျင့်ကောင်းတွေကို နှစ်သစ်ထဲခေါ်လာခဲ့ပါတယ်။တရားထိုင်တာက အငြိမ်မနေတတ်တဲ့ ကျွန်တော်နဲ့ အံမကိုက်တာမို့ နေ့စဉ် မနက်ခင်းတိုင်းကျေးဇူးတင်စကားပြောတာကိုပဲ စွဲစွဲ မြဲမြဲလုပ်ခဲ့တယ်။မသိသာပေမဲ့ လုပ်ရင်းနဲ့ အပြုသဘောဆောင်တဲ့အကျိုးကျေးဇူးတွေတော့ အများကြီးရခဲ့ပါတယ်။ပြောရမယ်ဆို စိတ်ပိုင်းဆိုင်ရာအရပေါ့။
ကျွန်တော်တို့က မနက်ခင်းစောစောစီးစီး ကျေးဇူးတင်စကားဆိုလိုက်တဲ့အခါ နေ့စဉ်ပုံမှန်လုပ်ဆောင်ရမဲ့ တာဝန်တွေအပေါ် စိတ်ဓာတ်တက်တက်ကြွကြွနဲ့ လုပ်ဆောင်နိုင်စေပါမယ်။
ပြီးတော့ ကျွန်တော်တို့ဘဝရဲ့ကောင်းကွက်လေးတွေကို ရွှေးကျေးဇူးတင်မိတဲ့အခါ 'အော်...ငါ့မှာလဲ ဒီလိုကောင်းတာလေးတွေ ရှိပါလား'ဆိုတဲ့စိတ်က အဆိုးဘက်ကို အာရုံသိပ်မစိုက်မိတော့တာမို့ အားငယ်စိတ်တွေ လျော့သွားနိုင်ပါတယ်။ဒါမရှိဘူး ဟိုဟာမရှိဘူးဆိုတဲ့ ပူပင်သောကတွေကိုလဲ အာရုံမစိုက်မိတော့ပဲ ကိုယ်ဘဝမှာရှိတဲ့ အရာလေးတွေကို တန်ဖိုးထားတတ်လာပါတယ်။
ကျွန်တော်အနေနဲ့ မနက်ခင်းကျေးဇူးတင်စကားနဲ့ အခါအားလျော်စွာ တွဲလုပ်လေ့ရှိတဲ့ လုပ်ဆောင်မှုလေးတစ်ခုရှိပါတယ်။အဲ့ဒါက တရားထိုင်တာပါပဲ။တရားထိုင်တာက အားလုံးသိကြတဲ့အတိုင်း စိတ်အေးချမ်းတည်ငြိမ်စေပါတယ်။မနက်ခင်းကျေးဇူးတင်စကားဆိုတာကလဲ အလားတူပါပဲ။ကိုယ်ရဲ့ စိတ်ခံစားချက်တွေကို ထိန်းညှိပေးပြီး စိတ်ကိုငြိမ်ဝပ်အေးချမ်းစေပါတယ်။
ကျွန်တော်ကြားဖူးခဲ့တာလေးလဲပြောရအုံးမယ်ဗျ။အဲ့လိုမနက်ခင်းကျေးဇူးတင်စကားပြောတာက လူမှုဆက်ဆံရေးကောင်းပြီး ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးတွေလဲရနိုင်ပါတယ်တဲ့။ကျွန်တော်တော့ သေချာမသိပေမဲ့ ကျွန်တော်ဆေးဘက်ဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ကနေ ခရီးသွားဟန်လွှဲတွေ့မိခဲ့ပါတယ်။
ပြီးတော့ လူမှုကွန်ရက်တိုးတက်မှုတွေလဲ အများကြီးရလာနိုင်ပါသေးတယ်တဲ့ဗျာ။ မနက်တိုင်းကျေးဇူးတင်စကားပြောခြင်းက အခြားသူများနဲ့ ဆက်ဆံရေးကို ပိုမိုချစ်ခင်ရင်းနှီးစေပြီး လူမှုကွန်ရက်များကို တိုးတက်ကောင်းမွန်စေပါတယ်လို့ ကြားဖူးပါတယ်။
မနက်ခင်းကျေးဇူးတင်စကား ပြောတာက လူမှုကွန်ရက်တိုးတက်မှုတွေ ဖြစ်နိုင်ရဲ့လားဆိုတာတော့ သေချာမသိပေမဲ့ စိတ်ပိုင်းဆိုင်ရာအတွက်ကတော့ တော်တော်လေးကို အထောက်အကူပြုပါတယ်။
ကျွန်တော်ကတော့ မနက်ခင်းကျေးဇူးတင်စရာသုံးခုလောက်ကိုအနည်းဆုံးပြောပါတယ်။ပထမတစ်ခုက ကိုယ့်ကိုအကျိုးပြုနေတဲ့ သက်မဲ့အရာ၊ဒုတိယတစ်ခုက ကိုယ်အပေါ်ကျေးဇူးရှိတဲ့သူ၊တတိယကတော့ ကိုယ်ကိုယ်ကိုဆိုပြီးတော့ပါပဲဗျ။
အခြားသူတွေတော့ မသိပေမဲ့ ကျွန်တော်ကတော့ မနက်ခင်းလေးမှာ ကျေးဇူးတင်စကားပြောလိုက်ရပြီးဆို တစ်နေ့လုံးစာအတွက် ခွန်အားရသွားသလိုပါပဲ။စောစောစီးစီး ဂယပ်ထနေတဲ့စိတ်တွေလဲ ငြိမ်ဝမ်လို့၊စိတ်ခံစားချက်ကောင်းကောင်းနဲ့ ဒီနေ့တစ်နေ့တော့ ငါအကာင်းဆုံးကျော်ဖြတ်နိုင်မှာဆိုတဲ့စိတ်ကလေး ပိုင်လာခဲ့ရတော့တာပါပဲ။
ဒါကြောင့် ကျွန်တော့်အနေနဲ့တော့ စာဖက်သူတို့ကို မနက်ခင်းကျေးဇူးတင်စကားပြောတဲ့အလေ့လေးကို ပုံမှန်လုပ်ပေးရင်း စိတ်တည်ငြိမ်မှု၊စိတ်ခွန်အားနဲ့ တစ်နေ့တာ ကို ဖြတ်သန်းနိုင်ကြပါစေလို့ တိုက်တွန်းအပ်ပါတယ်ဗျာ။
ချစ်တဲ့
သစ်တိုင်းမွှေး
Keep Reading