dawna
ကျွန်တော်သည် လူငယ်တစ်ယောက်အနေနှင့် တစ်နေ့တွင် ကိုယ်တတ်ကျွမ်းရာ ပညာရပ်တစ်ခုဖြင့် ဘဝကို အသက်မွေး ဝမ်းကြောင်းရမည်ဖြစ်ကြောင်းကို ကောင်းစွာနားလည်ပါသည်။ ဘဝသည် လိုတရ တောင့်တတိုင်းရမည်မဟုတ်၊ ကိုယ်တိုင် အင်တိုက်အားတိုက် အားထုတ်ရမည်ဖြစ်သည်ကိုလည်း နားလည်သည်။ ကျွန်တော်ပြောပြချင်သည့် အချက်မှာ ၎င်းအရာများကို ကျွန်တော်နားလည်သည်ဆိုသည့်အချက်မဟုတ်။ ကျွန်တော် ဘယ်လိုနားလည်လာသည်ဆိုသည့်အချက်ကပင် အဓိကအရေးကြီးပါသည်။
မိမိကိုယ်ကို တာဝန်စယူသည့် အချိန်သည် မိမိထက်ကျော်လွန်၍ တစ်ပါးသူကိုလည်း တာဝန်ယူလိုသည့် ဆန္ဒများ တဖွားဖွားဖြစ်လာသည့်အချိန်ကောင်းဖြစ်မည်။ မိမိသည် မိမိကိုယ်တိုင်ကိုသော်လည်းကောင်း၊ မိမိကြီးပြင်းလာသည့် မိမိ မိသားစုကိုသော်လည်းကောင်း၊ မိမိတည်ဆောက်မည့် မိသားစုကိုသော်လည်းကောင်း တာဝန်ယူမယ့် ဆန္ဒများ ထက်သန်စွာပေါ်ပေါက်လာသည်။
၎င်းကဲ့သို့ အသိတစ်ခုသည်ခေါင်းသို့ရောက်သောလည်း ထိုအသိကို ချက်ခြင်းလုပ်ဖြစ်ချင်မှ လုပ်ဖြစ်မည်။ သို့ရာတွင် လက်တွေ့ဘဝတွင် တကယ်လိုအပ်လာသောအချိန်တွင် ထိုအသိသည် နာရီမြည်သံကဲ့သို့ ဒိန်းဒိန်းမြည်လျက် လူကို အသိပေးပါသည်။ ကျွန်တော်သည် များမကြာမီသောအချိန်တစ်ခုရောက်လျှင် ဤစာများကို တကူးတက အချိန်ပေးရေးနိုင်ဦးတော့မည်မဟုတ်၊ တကူးတက ဖြောင့်တန်းအောင်လည်း ရေးနိုင်ရဦးမည်မဟုတ်၊ ဘဝအတွက်ဟူ၍ လှုပ်ရှားရပေတော့မည်၊ ရုန်းကန်ရပေမည်ဟူ၍။ ထိုအတွေးသည် စိုးထိတ်စရာကောင်းသလို တချိန်တည်းတွင် စိတ်လှုပ်ရှားစရာလည်း ကောင်းလွန်းလှသည်။
ဒေါန
ဗုဒ္ဓဟူး။
Keep Reading