မိုးနှောင်းအလင်္ကာ
ဒီလောက်ဘဲလုပ်နိုင်ရင်၊ ဒီအနေအထားမှာဘဲ ကျေနပ်နေရင် ပိုကောင်းတဲ့ အခွင့်အလမ်းတွေကို လက်လွတ်သွားတတ်ပါတယ်။ သာမန်အိုင်ငယ်လေး တစ်ခုကို ပင်လယ်ကြီးတွေးထင်ပြီးပျော်မွေ့နေတော့မှာလား။ ရောင်ရဲတင်းတိမ်စိတ်ကြောင့် ဆိုပြီး ဆင်ခြေနဲ့ ရှောင်နေမှာလား။
တစ်ခါက တံငါသည်တစ်ယောက်ဟာ ပင်လယ်ထဲငါးဖမ်းရင်း ရွှေငါးကလေးတစ်ကောင်ကို ဖမ်းမိသွားတယ်။ တံငါသည်က အဲ့ဒီရွှေငါးကလေးကို ငါးပြတိုက်ထဲမှာ သွားထည့်ပြီး လွတ်မြောက်စေခဲ့တယ်။ ဒါပေမဲ့ ရွှေငါးကလေးဟာ မပျော်ရွှင်ခဲ့ပါဘူး။
အဲ့တာကိုတွေ့သွားတဲ့ ငါးပြတိုက်ထဲက ငါးလေးတစ်ကောင်ဟာ "ရွှေငါးရယ် လွတ်မြောက်ခွင့် ရတာကိုပျော်ပျော်နေစမ်းပါကွာ" ဟုပြောလိုက်တယ်။ အဲ့ဒီအခါ ရွှေငါးလေးက
"မပျော်နိုင်ပါဘူးကွာ ဟောဒီငါးပြတိုက်က လောကကြီးမှ မဟုတ်တာ။"
"အို..... ကိုရွှေငါးရယ် ဟောဒီမှာ ဘယ်လောက်ပျော်ဖို့ကောင်းလိုက်သလဲ။ ငါးဖမ်းသမားတွေရန်ကလည်းမပူရ။ ငါးကြီးတွေစားမှာလည်းမကြောက်ရ။ လမ်းပျောက်မှာလည်းမစိုးရ။ အို.... အကုန်ပြောရရင် ဒို့ကိုကြည့်ဖို့ ငွေတောင်ပေးရတာ ဘယ်လောက်ဇိမ်ကျလိုက်သလဲကွာ။"
"မတူဘူး အကိုငါးရ။ ငါးဖမ်းသမားတွေရန်ကိုရှောင်ရင်း လွတ်လပ်မှုဆိုတာကို ခံစားရတယ်။ ငါးကြီးတွေဆီက ပြေးလွှားရင်း ဘဝက ဘယ်လောက်တန်ဖိုးရှိလည်း သိလာရတယ်။ ဒီတစ်ကြိမ်လမ်းပျောက်ရင် နောက်တစ်ကြိမ် မပျောက်အောင် နေတတ်လာတယ်။ ပြီးတော့ မိတ်ဆွေအပေါင်းအသင်းနဲ့အတူ လောကကြီး အကြောင်းပိုနားလည်လာတယ်။ ဒီနေရာထက် ပိုလှတဲ့ ပိုကောင်းတဲ့နေရာမျိုးကိုရောက်ဖူးသလို၊ ဒီနေရာထက် ပိုဆိုးတဲ့ နေရာတွေအကြောင်းကိုလည်း သိလာရတယ်။"
ရွှေငါးလေးပြောတာ သိပ်မှန်တာပေါ့။ ဒီရပ်ဝန်း၊ဒီပတ်ဝန်းကျင်မှာဘဲနေရင် ဒါ့ထက်ပိုကောင်းတဲ့နေရာရှိကြောင်းကို ဘယ်သိပါတော့မလဲ။ ပိုဆိုးတဲ့နေရာရောက်ခဲ့ရင် ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကိုရော သိလာပါတော့မလား။ ရေသေငါး အဖြစ်မခံပါနဲ့။
လောကကြီးကို ကျယ်ပြန့်စွာ မြင်တွေ့နိုင်ဖို့ အရှေ့ကိုဆက်လျှောက်ရဲပါစေ။ အမြင့်ကို ပိုတတ်ရဲပါစေ။ ရေသေငါးလို ရေကန်ကျဥ်းကျဥ်းကလေး မှာဘဲ ရောင်ရဲမနေပါနဲ့။
အောင်မြင်ချင်ရင် ရပ်မနေဖို့လိုပါတယ်။ ရပ်နေလေ အောင်မြင်ဖို့ ပိုဝေးသွားလေပါ။ ဒါ့ကြောင့် ဒီအနေအထားနဲ့ဘဲ ရပ်နေတာမျိုးမလုပ်ပါနဲ့။ပိုဝေးဝေးကိုသွားပါ။ မျက်တောင်တစ်ဆုံးမကြည့်ပါနဲ့ မျက်လုံးတစ်ဆုံးကြည့်ပါ။ "နှဲ့"ပါများရင် "နဲ့"ပါတယ်။ ဆက်လုပ်နေဖို့၊ ဆက်သွားနေဖို့ဘဲလိုတာပါ။ ရေသေအိိုင်ထဲမှာနေတဲ့ ငါးတစ်ကောင်မဖြစ်ပါစေနဲ့။ ပင်လယ်ထဲ ရောက်အောင်သွားပါ။
#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)
(စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။)
Keep Reading