မြူ
"လူငယ်" ဆိုတာ နိုင်ငံတော်အတွက် အလွန် တန်ဖိုးကြီးတဲ့ ရတနာတွေပါ။ မြန်မာနိုင်ငံမှာ လူငယ် အရေအတွက်တွေ အလွန်များပြားလွန်းပါတယ်။ ဒါပေမယ့် တချို့သော လူငယ်တွေရဲ့ အတွေးတွေဟာ မှားယွင်းနေကြတာ ကို တွေ့ရပါတယ်။
ဒါဆို ဘယ်အရာတွေ မှားယွင်းနေတာလဲ? ဆိုပြီး မြူ့ ကို မေးကောင်းမေးကြလိမ့်မယ်။
ပထမဦးဆုံးကတော့ လူငယ်အများစုက အချိန်ဆိုတာ ကို တန်ဖိုးမထားတတ်ကြတော့ဘူး။ အချိန် ဆိုတာ ငွေနဲ့ပေးဝယ်ရတာ မဟုတ်တဲ့အတွက်ကြောင့် အချိန်ရဲ့ တန်ဖိုးကို လူငယ်တော်တော်များများက နားမလည်ကြတော့ဘူး။ ကိုယ့်အချိန်ကို ပဲ ဖြစ်ဖြစ် ၊ တခြားသူရဲ့ အချိန်ကို ပဲ ဖြစ်ဖြစ် လွယ်လွယ် ဖြုန်းတီးတတ်ကြတယ်။ တကယ်တော့ ငွေနဲ့ ရွှေကို ကြိုက်သလောက် ဝယ်လို့ရပေမယ့် ကုန်ဆုံးသွားတဲ့ အချိန်ကို တော့ ပြန်ဝယ်လို့မရနိုင်ပါဘူး။ "အချိန်နဲ့ဒီရေသည် လူကို မစောင့်" ဆိုတဲ့ စကားပုံတောင် ရှိသေးတယ် မဟုတ်လား။ ဘဝအတွက် တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးရင်း ကုန်ဆုံးစေမယ့်အစား တန်ဖိုးရှိရှိ သုံးစွဲလိုက်တာက ကိုယ့်ဘဝအတွက် ပိုကောင်းမသွားဘူးလားရှင်။
ဒါဆို အချိန်ကို ဘယ်လို တန်ဖိုးရှိရှိ အသုံးချကြမလဲ?
မြူ တို့ လူငယ်တွေ အများစု အချိန်ကို မှားယွင်းစွာ သုံးစွဲနေတာက ဖုန်းကို အချိန်ပြည့်ကြည့်ရှုနေကြတာပါပဲ။ မနက်မိုးလင်း အိပ်ယာထတာနဲ့ တန်းပြီး ဖုန်းကို ဖွင့်လိုက်ပြီးကြည့်တော့တာပဲ။ အစားစားချိန်ကို တောင် ဖယ်ပြီး ကြည့်ကြတာ ဟုတ်ကြတယ်မလာရှင်။ မြူကတော့ အိပ်ချိန် ၊ စားချိန် ၊ စာဖတ်ချိန်၊ အလုပ်လုပ်ချိန်၊ စာသင်ချိန် ၊ အနားယူချိန် ဆိုပြီး ၂၄ နာရီကို သေချာ စနစ်တကျ သုံးစွဲစေချင်ပါတယ်။ အချိန်ကို စနစ်တကျ သုံးစွဲတတ်မှသာ အလုပ်လုပ်တဲ့အခါ စနစ်တကျဖြစ်ပြီး အောင်မြင်မှုရရှိနိုင်မှာပါ။ အချိန်ကို တန်ဖိုးမထားတဲ့သူက ဘယ်တော့မှ မအောင်မြင်နိုင်ပါဘူး။
မြူ ပြောချင်တာက မြူ တို့လို လူငယ်လေးတွေမှာ အနာဂတ်ဆိုတာရှိပါတယ်။ ကိုယ့်ရဲ့အနာဂတ်ကို ကိုယ်ကိုယ်တိုင်ဖန်တီးရတာပါ။ လောကဓံကို ပုံချလို့မရသလို တခြားသူကို လဲ ပုံချလို့မရပါဘူး။ ဒါကြောင့်မို့ အချိန်ကို အကျိုးရှိစွာ အသုံးပြုစေချင်ပါတယ်။ နောက်ကျသွားရင် နောက်ပြန်လှည့်ယူလို့ရမယ့်အထဲမှာ ကုန်ဆုံးသွားတဲ့ အချိန်တွေမပါဘူး။ အချိန်ကို တန်ဖိုးရှိစွာ အသုံးချနိုင်ကြပါစေရှင်။
-မြူ
Keep Reading