မောရိသျှ
ကိုယ့်ထက် အရှိန်အဝါကြီးသူ၊ အဆင့်အတန်းရှိသူ၊ မြင့်သူမြတ်သူတွေဆီကနေ အကြောင်း အမျိုးမျိုးကြောင့် လူတိုင်းလိုလို အကူအညီ တောင်းခံကြရပါတယ်။ ဒါပေမယ့် အဲဒီလို အကူအညီ တောင်းခံတဲ့နေရာမှာ သူ့နည်းလမ်းနဲ့သူ သီးသန့်ရှိပါတယ်။ တစ်ဖက်သားရဲ့ အထာကို သဘောပေါက်မှ ကိုယ်လိုချင်တဲ့ အရာကို တောင်းခံလို့ရတဲ့နည်းမျိုးဖြစ်ပါတယ်။ အဲဒီလို အထာပေါက်ဖို့ စနည်းနာရင်လည်း ကိုယ့်အကျိုးရော၊ သူ့အကျိုးအတွက်ပါ မြော်မြင်နိုင်ဦးမှ အလုပ်ဖြစ်တဲ့ နည်းဖြစ်ပါတယ်။
အကူအညီကိုတော့ လူတိုင်း တောင်းနေကြပေမယ့်၊ အများစုက ကိုယ်လိုချင်တာကိုပဲ အကြောင်းပြပြီး တောင်းခံလေ့ရှိတာကြောင့်၊ လိုတာမရ၊ ရတာမလိုတဲ့ အနေအထားနဲ့တင် အဆုံးသတ်သွားကြရတယ်။ ကိုယ့်ထက် အဆင့်အတန်းရှိတိုင်း၊ ချမ်းသာကြွယ်ဝတိုင်း၊ ပြည့်စုံလုံလောက်တယ်လို့ ယူဆရတိုင်း၊ ကိုယ်ကျိုးမယူဘဲ၊ အကြောင်းမဲ့ ကူညီပေးလိမ့်မယ်လို့ တွေးထင်ထားတာကိုက အလွဲကြီးလွဲနေတာပါ။ အားကိုးလို့ရတိုင်း အပေးအယူမရှိဘဲ အကူအညီတောင်းခံရင် များသောအားဖြင့် အကြောင်းပြပြီး ငြင်းဆန်ကြပါလိမ့်မယ်။ သူတို့အနေအထားအရ မကူညီလို့လည်း အထွေအထူး ပြောင်းလဲသွားတာမှ မဟုတ်ဘဲ။ သနားဖို့၊ အလေးထားဖို့၊ ကူညီဖို့ ဆိုတာဝေး၊ အဖတ်တောင် လုပ်ချင်မှ လုပ်ကြပါလိမ့်မယ်။
နောက်တစ်ချက်က၊ ကိုယ်ထက် အရှိန်အဝါကြီးတိုင်း သူတို့မှာ လိုအပ်ချက်တွေ မရှိလောက်တော့ဘူးလို့ တလွဲ ယူဆလို့ မရတာပါပဲ။ ဩဇာရှိ၊ အာဏာကြီး အရှိန်အဝါမြင့်သူတွေက ကိုယ်တွေထက်ပိုပြီး လောဘကြီးပါတယ်။ လိုအပ်ချက်တွေ ပိုများပါတယ်။ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းချင်ကြပါတယ်။ အမြတ်ရရေး ပိုတွေးပါတယ်။ ဒါကြောင့် သူတို့အတွက် အကျိုးအမြတ်မရှိနိုင်တဲ့ တောင်းဆိုမှုတွေနဲ့ အသနားခံလိုက်ရင်၊ စိတ်မဝင်စားတဲ့အပြင်၊ သူတို့ရဲ့ တန်ဖိုးရှိ အချိန်တွေ၊ အရင်းအမြစ်တွေကို ဖြုန်းတီးရာ ကျမှာ စိုးရိမ်ကြတာကြောင့်၊ အကူအညီတောင်းခံလာသမျှကို အပိတ်စကားပြောပြီး၊ ငြင်းပါလိမ့်မယ်။
ဒါကြောင့် အကူအညီတောင်းခံဖို့ ဆရာကျတတ်ရမယ်။ တစ်ဖက်သားရဲ့ စိတ်ကို မြင်နိုင်ရမယ်။ ဂုဏ်ကို မက်တာလား၊ ငွေကို မက်တာလား။ ဘာကို မက်မောနိုင်သလဲ၊ သိအောင် လုပ်ရမယ်။ သူ့မှာ ဖြေရှင်းဖို့ လိုအပ်နေတဲ့ ပြဿနာရှိလား။ အကူအညီတန်ပြန်လိုအပ်နေမလား။ အောက်ခြေကစလို့၊ အကြောင်းစုံ စုံစမ်းပြီးမှ အပေးအယူသဘောနဲ့ မက်လောက်စရာပြပြီး မျှားတတ်ရမယ်။
၁၂ ရာစုတုန်းက၊ မွန်ဂိုတွေ အနေနဲ့ တရုတ်ပြည်ကြီးကို သိမ်းပိုက်မယ်လုပ်တော့၊ ဒီအတိုင်း နယ်မြေကို သိမ်းပိုက်နိုင်ရုံလောက် စစ်ပြုချင်ခဲ့တာ မဟုတ်ပါဘူး။ နှစ်ပေါင်း နှစ်ထောင်မက ရှည်ကြာတဲ့ တရုတ်လူမျိုး တွေရဲ့ သမိုင်းကိုပါ မြေလှန်ပြီး ဇာတ်မြုပ်ဖို့အထိ စစ်ပြုချင်ခဲ့တာပါ။ မွန်ဂိုတွေရဲ့ ခေါင်းဆောင် ချင်ဂဆ်ခန် (Чингисха́н) ရဲ့ အမြင်မှာ တရုတ်ပြည်ကြီးဆိုတာက သူ့မြင်းတွေအတွက် စားစရာစားကျက်တောင် မရှိတဲ့ ဖုတ်ဆိုးမြေလိုဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်လည်း တရုတ်ပြည်ကြီးကို သိမ်းပိုက်ခဲ့ရင်၊ နန်းတော်ကြီးတွေက အစ မြို့တွေအားလုံးကို ဖျက်ဆီးပြီး “တရုတ်တွေကို မျိုးတုန်းအောင်လုပ်ပြီး မြက်တွေစိုက်လိုက်တာကမှ ကောင်းဦးမယ်” လို့ကို ပြောခဲ့တာပါ။
အဲဒီလို ဖြစ်ရပ်ဆိုးကြီး မဖြစ်အောင် တရုတ်တွေအတွက် ရှေ့ဦးကာကွယ်ပေးခဲ့သူကတော့၊ စစ်သူရဲလည်း မဟုတ်၊ စစ်သူကြီးလည်း မဟုတ်၊ ဘုရင်လည်း မဟုတ်တဲ့ သာမန်လူ (မွန်ဂိုလူမျိူး မဟုတ်တဲ့) တိုင်းတစ်ပါးသား၊ တရုတ်လူမျိုး၊ ကွန်ဖြူးရှပ်ဝါဒီ ယဲလုချူချိုင် (耶律楚材) ဖြစ်ပါတယ်။ တရုတ်လူမျိုးတို့ရဲ့ ခေတ်အဆက်ဆက် ထိန်းသိမ်းနိုင်ခဲ့တဲ့ ယဉ်ကျေးမှုအစဉ်အလာတွေရဲ့ အကျိုးကျေးဇူးကို နားလည်သူ ဖြစ်တာကြောင့်၊ ချင်ဂဆ်ခန်ရဲ့ အကြံပေးဖြစ်လာတဲ့အခါမှာ၊ တရုတ်နန်းတော်တွေကို မဖျက်ဆီးဘဲ မွန်ဂိုတွေ အတွက် အကျိုးဖြစ်အောင် လုပ်လို့ရကြောင်း ပြောလိုက်ပြီး၊ တရုတ်တွေကို အခွန်အခကောက်ခံပြီး မွန်ဂိုတပ်အတွက် အမြတ်ထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ယဲ့လုချူချိုင် အကြံပေးတဲ့အတိုင်း ချင်ဂဆ်ခန် လိုက်လုပ်ခဲ့ပါတယ်။
တရုတ်ပြည်ကြီး တစ်ခုလုံးကို တိုက်စစ်ပြု ဖျက်ဆီးသိမ်းပိုက်ပြီး၊ နောက်ဆုံးအဖြစ် မြို့တော် ခိုင်းဖုန်း (开封) ကို နှစ်ရှည်လများ ဝန်းရံတိုက်ခိုက်ခဲ့ပါတယ်။ သိမ်းပိုက်နိုင်ခဲ့ရင် မြို့သူမြို့သား အားလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ခန်က အမိန့်ထုတ်မယ်လုပ်တော့၊ ယဲ့လုချူချိုင်က တရုတ်ပြည်အနှံ့ အသိပညာရှင်၊ အတတ်ပညာရှင်တိုင်းက မြို့တော်ခိုင်းဖုန်းမှာပဲ စုနေတာဖြစ်တဲ့အတွက်၊ သူတို့ကို သတ်မယ့်အစား၊ ချန်ဂဆ်ခန် အနေနဲ့ အသုံးချသင့်ကြောင်း အကြံပေးခဲ့လို့သာ ခိုင်းဖုန်းမြို့ကြီး မွန်ဂိုလက်အောက် ရောက်တော့၊ တစ်ဦးတစ်ယောက်မှ သတ်ဖြတ်စီရင်ခြင်း မရှိခဲ့ပါဘူး။ တရုတ်ပြည်ကြီး အနှံ စစ်ရှုံးသွားတဲ့ မြို့ကြီးတိုင်းမှာ ကလေးပါမကျန် တရုတ်လူမျိုးမှန်သမျှ ကွပ်မျက်ခံရပါတယ်၊ ဒါပေမယ့် ခိုင်းဖုန်းမြို့ တစ်မြို့တည်းသာ ခန် မသတ်ဘဲ၊ လွတ်ငြိမ်းခွင့် ပေးခဲ့တာဖြစ်ပါတယ်။
ယဲ့လုချူချိုင်အနေနဲ့ ချင်ဂဆ်ခန်ရဲ့ စိတ်ကို သိနေခဲ့လို့သာ၊ အခုလို တားနိုင်ခဲ့တာဖြစ်ပါတယ်။ အရိုင်းဆန်၊ အကြမ်းဆန်တဲ့ တောသားလို အတွေးအခေါ်လောက်နဲ့ သတ်ဖို့ ဖြတ်ဖို့လောက် သိတဲ့ ခန်ဟာ၊ ယဉ်ကျေးမှု အစဉ်အလာတွေရဲ့ တန်ဖိုးကို နားမလည်ပါဘူး။ တန်ဖိုးထားသင့်တာတွေကို မဖျက်ဆီးမိအောင်၊ မက်လောက်စရာ မျှားလုံးတွေနဲ့ လှည့်စားနိုင်ခဲ့လို့သာ တရုတ်တွေရဲ့ ယဉ်ကျေးမှုအစဉ်အလာတွေ ဒီကနေ့ အချိန်ထိ ကျန်ရစ်နိုင်တာ ဖြစ်ပါတယ်။
ဒါဆိုရင် ချင်ဂဆ်ခန် မက်တာ ဘာဖြစ်မလဲ။ ချင်ဂဆ်ခန်ရဲ့ အရိုင်းစိတ်ထဲ ယဲ့လုချူချိုင်ပြောသမျှ ကို လက်ခံမိစေနိုင်ခဲ့တာ ဘာဖြစ်မလဲ။ “လောဘ” ပါ။ ချင်ဂဆ်ခန်ရဲ့ လောဘစိတ်ကို အသုံးချပြီး မျှားခဲ့တာပါ။ လူတွေက ကိုယ့်အတွက် အကျိုးရှိမယ်ဆိုရင်၊ ဘာကိုမဆို လုပ်ရဲသလို၊ ဘာကိုမဆို လိုက်လျောနိုင်ပါတယ်။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ ခေါင်းညိတ်လိုက်ဖို့ ဝန်မလေးပါဘူး။ ဒါကြောင့် ဩဇာအာဏာ အရှိန်အဝါကို လိုချင်ရင် တစ်ဖက်သားရဲ့ စိတ်ကို ဖတ်နိုင်အောင် ကြိုးစားသင်ယူပါ။ အလေ့အထတွေကို သေချာတေးမှတ်ပြီး၊ အလေ့အကျင့်၊ အမူအရာတွေရဲ့ အဓိပ္ပါယ်ကောက်တတ်အောင် ကြိုးစားလေ့လာပါ။ တစ်ဖက်လူရဲ့ စိတ်အလိုကို သိအောင်လုပ်နိုင်ရင်၊ ကိုယ်လိုချင်တာ ဟူသမျှကို ဖန်တီးရယူဖို့ မခက်ခဲတော့ပါဘူး။ အလျင်ဆုံး၊အမြန်ဆုံးနည်းနဲ့ ချမ်းသာကြွယ်ဝချင်ရင်၊ တပါးသူတွေရဲ့ အလိုကို လိုက်ပြီး၊ ကိုယ်ကျိုးဖန်တီးတတ်ရမယ်။
ဒါကြောင့် အကူအညီတောင်းခံရင်၊ အတိတ်က အကျိုးစီးပွားကို ချပြနေတာထက်၊ လက်ရှိအနေအထားမှာ ရနိုင်မယ့် အကျိုးအမြတ်ကိုပြပြီး မျှားခေါ်တတ်ရမယ်။ သူများရဲ့ စိတ်ကို သိအောင်လုပ်ပါ။ တပ်မက်မောမှုကို လက်ကိုင်တုတ်လုပ်ပြီး၊ အလိုရှိရာကို ဖန်တီးရယူပါ။ ဒါဆိုရင် အကူအညီရယူမှုဆိုပေမယ့်၊ တောင်းဆိုစရာ မလိုဘဲ၊ နှစ်ဖက်အကျိုးစီးပွားကို တပြိုင်နက်တည်း ဖော်ဆောင်နိုင်ပါလိမ့်မယ်။
#မောရိသျှ
#အာဏာစက် နည်းဥပဒေသ (၄၈) ရပ် - ရောဘတ်ဂရင်း
Keep Reading