တင်ညွန့်
သူ့ကို သိကြမှာပါ။
ငယ်ငယ်တုန်းက သူပါသည့် ကောင်းဘွိုင်ကားတွေဆိုလျှင် မလွတ်တမ်းကြည့်ခဲ့သည်။ ဆေးပြင်းလိပ်ကြီးခဲ၊ စောင်ကြီးကိုခြုံပြီး ကစားစရာသေနတ်တွေနှင့် ဒိုင်းညှောင့်လုပ်ကာ ကစားခဲ့ရသည်မှာ သူ့ကို အားကျ လွန်းသောကြောင့်ဖြစ်သည်။
ယခုအသက်ကြီးမှ သူ့အကြောင်းသိရသဖြင့် ပိုလေးစားမိသည်။
သူ့ဘဝသည် ပန်းခင်းသောလမ်းကို လျှောက်ခဲ့ရသည်တော့မဟုတ်။ တစ်ချိန်က ပျက်စီးနေသော ကားဂိုဒေါင် ထဲတွင် အိပ်ခဲ့ရသည်။ ယခုတော့ သူသည် ဒေါ်လာ သန်း ၅၀၀ ကျော်ချမ်းသာသူဖြစ်နေပြီ။ ကိုယ်ပိုင် ဂျက်လေယာဉ်ပျံရှိသည်။ အိမ်ကြီးအိမ်ကောင်းပေါင်း များစွာကို ပိုင်ဆိုင်ထားသည်။
သူကား ကလင့် အိစ်ဝုဒ် (Clint Eastwood) ဖြစ်သည်။ အသက် ၉၅ ရှိနေပြီဖြစ်သော သူ့ကို ဟောလီးဝုဒ်၏ ခေါင်းကိုင်ဖခင်ကြီးအဖြစ် တင်စားခေါ်ဝေါ်ကြသည်။
သူသည် ဆင်းရဲစွာဖြင့် ဘဝကိုကျော်ဖြတ်ကြီးပြင်းလာခဲ့ရသည်။ သူ့ဖခင်က သံမဏိစက်ရုံတစ်ရုံတွင် အလုပ် လုပ်ရပြီး မိသားစုစားသောက်နိုင်ရုံလောက်သာ ရှာဖွေပေးနိုင်သူဖြစ်သည်။ ဆင်းရဲလွန်းသဖြင့် ကြွက်တွေကို လိုက်ပြီး နှိမ်နင်းသုတ်သင်ပေးရသော အလုပ်တွေကိုလည်း သူလုပ်ခဲ့ရသည်။
အသက် ၁၈ နှစ်အရွယ်တွင် စစ်မှုထမ်းရသည်။ တိုက်ပွဲတစ်ခုတွင် သေမလိုဖြစ်ခဲ့ရသည်။ အိမ်ကိုပြန်ရောက် သည့်အခါတွင် ဓာတ်ဆီဆိုင်တွင် အလုပ် လုပ်ရသည်။ အိပ်တော့ ကားဂိုဒေါင်ပျက်တစ်လုံးထဲတွင် ဖြစ်သည်။ ထိုအနေအထားမှ ဟောလီးဝုဒ်ကိုရောက်အောင် ကြိုးစား ရုန်းကန်လာခဲ့ရသူဖြစ်သည်။
ဘဝတွင် အခက်အခဲတွေ မည်မျှကြုံတွေ့ရပါစေ ကြိုစားရပ်တည်ကျော်ဖြတ်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် “Fist Full of Dollars” ရုပ်ရှင်၌ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့သည်။ ထိုကားကပေါက်သွားပြီး ဒေါ်လာ ၁၅,၀၀၀ ရလိုက်သည်။ သူ့အတွက် သရုပ်ဆောင်ခအမြင့်ဆုံးစရသော ဇာတ်ကားဖြစ်သည်။
သူ့အသက် ၆၀ တွင် သရုပ်ဆောင်ဘဝမှ ဒါရိုက်တာဘဝကို ကူးပြောင်းသည်။ ကိုယ်တိုင်ဇာတ်ညွှန်းရေးသည့် “Unforgiven” ကားကိုရိုက်ကူးထုတ်လုပ်သည်။ ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်သည်။ ထိုကားသည် အော်စကာဆု ၄ ဆုရသည်။ သူ့ကို ဟောလီးဝုဒ်တွင် ခေါင်းကိုင်ဖခင်ကြီးအဖြစ် သတ်မှတ်စေမည့် အောင်မြင်မှု တစ်ခုဖြစ်ခဲ့သည်။
ယခုတော့ စိန်စီထားသည့် ရိုးရွိုက်ကားကြီးကိုစီးကာ ဒေါ်လာ သန်း ၈၀ တန်သည့် ဘီဗာလီးတောင်ကုန်းပေါ်ရှိ အိမ်ကြီးတွင်နေသည်။ အိမ်အဝင်ဝဂိတ်ပေါက်ကိုရွှေအစစ်နှင့် လုပ်ထားသေးသည်။
ချမ်းသာသောဘဝတွင် နေထိုင်နိုင်သည်ဆိုသော်လည်း သူသည် ဘဝမမေ့သူဖြစ်သည်။
စစ်ပြန်များသည် ရုပ်ရှင်ဝါသနာပါလျှင် လေ့လာသင်ယူနိုင်သော ရုပ်ရှင်ကျောင်းတစ်ကျောင်းကို ဒေါ်လာ ၁၀ သန်းမတည်ကာ ဆောက်ပေးသည်။ ပညာရေးကို ဆက်လက်ရန် အခက်အခဲဖြစ်နေသော ကျောင်းသားများ အတွက် ဒေါ်လာ သန်း ၂၀ ထောက်ပံ့သည်။
“ကျုပ်အနေနဲ့ သူတို့ကို ဝေဒနာမခံစားစေရဘူး” ဟုပြောသည်။
လူတိုင်းချမ်းသာရန်မလွယ်ပါ။ ချမ်းသာလာသော်လည်း ဘဝမမေ့သူ အလွန်ရှားပါသည်။ ကိုယ်ဆင်းရဲသလို သူတို့ မဆင်းရဲပါစေနဲ့၊ ကိုယ့်လိုသူတို့ တစ်နေ့ ချမ်းသာကြပါစေဆိုသည့် စိတ်စေတနာကောင်းရှိသော သဘာဝ မင်းသားကြီး အသက်ရာကျော်ရှည်ပါစေသော်။
(Photo Credit: British GQ)
တင်ညွန့်
၁၃.၃.၂၀၂၅
Keep Reading