တင်ညွန့်
ဟိုးရှေးရှေးက
အာရပ်မွေးမြူရေးစခန်းတစ်ခုတွင် မြည်းတစ်အုပ်ကို မွေးထားလေသည်။
တစ်နေ့တွင် မြည်းအုပ်ထဲက မြည်းတစ်ကောင်သည် အစာမစားတော့။ အစာမစားသဖြင့် ထိုမြည်းသည် တဖြည်းဖြည်းအားနည်း ပိန်ချုံးလာသည်။ နားရွက်ပင် မထောင်နိုင်လောက်သော အနေအထားဖြစ်လာပြီး မြေပင်ပေါ် လဲကျလုမတတ်ဖြစ်လာသည်။
ထိုမြည်း၏ ဖခင်ဖြစ်သူက သူ့သားအနေအထားသည် ပိုဆိုးလာကြောင်း သိသဖြင့် အဘယ်ကြောင့် အစာ မစားဘဲနေကာ ဒုက္ခခံနေရသနည်းဆိုခြင်းကို သွားမေးလေသည်။
“သား … အဘယ်ကြောင့် စိတ်ရောကိုယ်ပါ ဆင်းရဲခြင်းကြီးစွာနှင့် အစာလည်းမစား လဲပြိုလုနီးပါး ဖြစ်နေရ သလဲ။ သားအတွက် အဖေမုယောစပါးတွေ ချန်ထားပေးတာတောင် သားကမစားတာ ဘာကြောင့်လဲကွယ်။ ဘာကြောင့်များ ဒီလိုကြီးနေရတာလဲ။ သားကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဘယ်သူတွေလုပ်နေလဲ”
သားဖြစ်သူက ခေါင်းကိုမော့ကာ ဖြေရှာသည်။
“အဖေ သားကို စိတ်ဓာတ်ကျအောင် လုပ်နေသူတွေမှာ လူတွေဖြစ်သည်”
ဖခင်က အံ့အားသင့်သွားပြီး
“လူတွေက သားကို ဘာလုပ်လို့လဲ”
“အဖေ လူတွေက မြည်းဆိုတဲ့ သားတို့ကို ရယ်စရာလို့ သဘောထားကြတယ်လေ။ သူတို့လူတွေထဲက တစ်ယောက်ယောက် အမှားလုပ်မိတာနဲ့ မြည်းလိုကောင်ဆိုပြီးပြောကြတယ်။ သားတို့က သူတို့ပြောရလောက် အောင် အသုံးမကျတဲ့သူတွေလား။ မြည်းဆိုတာကို အရူးလို့သဘောထားပြီး ခိုင်းနှိုင်းရအောင် သားတို့က အနေအထား အဲဒီလောက် ဆိုးနေပြီလား။ သားတို့ ပင်ပင်ပန်းပန်း မနားတမ်းလုပ်ရတယ်။ သားတို့မြည်းတွေမှာ လည်း ခံစားချက်တွေ၊ နားလည်မှုတွေရှိတယ်ဆိုတာ အဲဒီလူတွေ မသိရော့သလား”
ဖခင်ဖြစ်သူက သူ့သားခံစားချက်တွေကို မည်သို့ တုံ့ပြန်ရမှန်းမသိဖြစ်သွားသော်လည်း အေးအေးဆေးဆေး ရှင်းပြလိုက်သည်။
“သား … လူသားဆိုတာက ဘုရားသခင် ဖန်ဆင်းထားတဲ့သူတွေအထဲမှာ အခြားသတ္တဝါတွေထက် အကောင်းဆုံးနဲ့ အထူးခြားဆုံး ဖန်တီးလုပ်ဆောင်နိုင်တဲ့ သူတွေပဲကွယ့်။ ဒါပေမဲ့ အချင်းချင်း ပြန်ပြီးတော့ ဒုက္ခအပေးနိုင်ဆုံးကလည်း လူသားတွေပဲဖြစ်နေတယ်။ အဖေတို့မြည်းတွေက ကိုယ့်အမျိုးအချင်းချင်း ပြန်ပြီး ဒုက္ခမပေးတတ်ဘူး”
သူဖခင်ကဆက်ပြောသည်
ဥပမာကွယ် …
မြည်းတစ်ကောင်က သူ့ညီအစ်ကိုတွေဆီကနေ ပြန်ခိုးတာရှိသလား
မြည်းတစ်ကောင်က အခြားမြည်းတစ်ကောင်ကို မကြိုက်လို့ ကြီးနိုင်ငယ်ညှဉ်းလုပ်တာတွေရှိသလား
မြည်းတွေမှာ လူမျိုးရေးခွဲခြားတာတွေ၊ အသားအရောင်ခွဲခြားတာတွေရှိသလား
မြည်းတွေမှာ ဘာမှန်းမသိ ညာမှန်းမသိ တစ်ခုခုကြားလိုက်တာနဲ့ သွားပြီးစပ်စုတာမျိုးရှိသလား
မြည်းတွေမှာ ကိုယ့်ကိုကျွေးတာထက်ပိုပြီး စားချင်လို့ အခြားမြည်းတွေကို သွားသတ်တာမျိုးရှိသလား
မြည်းတွေမှာ ကိုယ့်နယ်မြေကိုကျော်ပြီး အခြားနယ်ကိုသွား စုံစမ်းထောက်လှမ်းတာမျိုးတွေ ရှိသလား
မြည်းတွေမှာ ယုံကြည်ချက်ကြောင့် မိသားစုထဲ စိတ်ဝမ်းကွဲသွားတာမျိုးတွေရှိသလား
“အဖေတို့မြည်းလောကမှာ အဲဒီပြောခဲ့တာတွေမရှိဘူးကွ။ အဲဒါတွေကို လူသားတွေပဲ လုပ်တတ်ကြတာ”
သူ့ဖခင်က သားဖြစ်သူမြည်းကို နှိုင်းယှဉ်ဖျောင်းဖျပြီးနောက် ဆက်ပြောသည်။
“သား … လူသားတွေဟာ သူတို့ကိုဖန်တီးလိုက်တဲ့ ဖန်တီးရှင်ရဲ့ လမ်းညွှန်ဆုံးမချက်အတိုင်း နေထိုင် တတ်ကြသူတွေမဟုတ်ဘူး။ ဒါကြောင့် သားကိုယ်သား လူတွေနဲ့နှိုင်းပြီးတော့ စိတ်ဓာတ်မကျနေပါနဲ့။ မြည်းက မွေးလာတဲ့ မြည်းဆိုတာ … မြည်းလိုပဲတွေးကွယ် နားလည်လား”
သားဖြစ်သူ ငြိမ်သွားမှ ဖခင်ကဆက်ပြောသည်။
“သား … လူတွေဘာပြောပြော အဖေတို့ ဂုဏ်ယူရမှာက အဖေတို့ဟာ မလိမ်ဘူး၊ မသတ်ဘူး၊ မခိုးဘူး၊ အတင်း မပြောဘူး၊ မကျိန်ဆဲဘူး၊ သူတစ်ပါးသေတာ ဒဏ်ရာရတာကို ထမကကြဘူး”
ဖခင်ထံမှ ထိုစကားတို့ကို သားဖြစ်သူမြည်းက ကြားလိုက်မှ စိတ်ဓာတ်တွေ တက်ကြွလာပြီး ဖခင်ချန်ထား ပေးသော မုယောစပါးတွေကို သွားစားတော့သည်။
“အဖေ … သားလည်း အဖေ့လိုတွေးပြီး အဖေ့လိုနေပါ့မယ်။ သား မြည်းဖြစ်ရတာ ဂုဏ်ယူတယ်။ မြည်းတစ်ကောင်ရဲ့သားဟာ မြည်းတစ်ကောင်ပဲဖြစ်ရမယ်ဆိုတာ နားလည်ပါပြီ”
နောက်ဆုံးတော့ မြည်းဟာ မြည်းပါပဲ။
(ရည်ညွှန်း - အီရတ်ကဗျာဆရာ Ahmed Matar ၏ ကဗျာတစ်ပုဒ်ကို ပြန်လည်ရေးဖွဲ့ပါသည်)
တင်ညွန့်
၂၀.၃.၂၀၂၅
Keep Reading