Kyaw Thu
*******************************
စာအုပ်လေးဟာ နာမည်ကလည်း ကော့ညွန့်နေသလို အထဲက စာတွေကလည်း မန္တလေးစာရေးဆရာတစ်ယောက်ရဲ့ လက်ရာတွေပီပီ စာသားတွေကြွယ်ပြီး လှနေပါတယ်။အဆိုကိုအဓိကထားတဲ့သီချင်းကြီးတွေနဲ့အတီးကိုအဓိကထားတဲ့အနောက်တိုင်းဂီတနှစ််ခုကြား ဆရာမြို့မငြိမ်းရည်မှန်းသည်က မြန်မာ့ဂီတမှသည် ကမ္ဘာ့ဂီတ အဆင့်မီရေး ဖြစ်သည်။ မြန်မာ့ဂီတကို အခြေခံပြီး ကမ္ဘာ့အဆင့်မီ သံစုံတီးဝိုင်းကြီးနှင့် “ကမ္ဘာသိ၊ ကမ္ဘာကြည့်” ဂီတဖြစ်ရေးဖြစ်ဖို့ကြိုးစားကြခြင်းကို မြင်အောင်ဖော်ပြတဲ့ ဆရာဆူးငှက်ရဲ့လက်ရာကောင်းတစ်ခုဖြစ်ပါတယ်ခင်ဗျာ။
မြို့မအသင်းသားတို့ရဲ့ အနောက်နိုင်ငံတွေရဲ့ ဆင်ဖိုနီ အော်ခက်စ်ထရာ ဝိုင်းတွေကို မြန်မာမှာလည်းပေါ်ထွန်းလာစေချင်တဲ့ အားကျမခံတဲ့စိတ်နဲ့ မြင့်မားလှတဲ့ စိတ်ကူးစိတ်သန်းဖြစ်တာကြောင့် တိမ်ယံကဲ့သို့သောအိပ်မက်။မြန်မာ့ဂီတမှာ “နရီ”ဆိုတာ အရိုးဆုံးနဲ့ ဖြည်းဖြည်းမှန်မှန်နဲ့ စည်းစနစ် အကျဆုံးဖြစ်တာမလို့ နရီကဲ့သို့ နည်းစနစ်ကျကျ ဖြည်းဖြည်းမှန်မှန်ဖြင့် မြင့်မားတဲ့ရည်ရွယ်ချက်ကိုဖော်ဆောင်ကြတာမလို့ တိမ်ယံအိပ်မက်ဆိုတဲ့နာမည်ကိုပေးဖြစ်တာပါတဲ့။
ဒီစာအုပ်ဟာဆရာငြိမ်းအကြောင်း မြို့မတူရိယာအသင်းအကြောင်းရေးတဲ့စာအုပ်မဟုတ်ပါဘူး။ဆရာငြိမ်းနဲ့တကွ မြို့မဂီတတူရိယာအသင်းအဖွဲ့ကြီး၏ခံယူချက် စိတ်ဓာတ်တို့ကို အတိုင်းသားမြင်အောင် ဖော်ပြတဲ့ ဝတ္ထုဖြစ်ပါတယ်။ကံကြမ္မာအထုအထောင်းကြားမှာ ခိုင်မာတည်ကြည်တဲ့ စိတ်ဓာတ်တွေနဲ့ မယိုင်မလဲဘဲ ဦးမော့ခဲ့ကြပါတယ်။
စာအုပ်ဟာ ရိုးအီမသွားအောင် မြို့မအသင်းကြီးရဲ့ ရုပ်လုံးပိုပေါ်လာအောင် မြို့မအသင်းက “စန္ဒရားဆရာသောင်းဉာဏ်”နဲ့ “အနုပညာဝါသနာရှင်မေဦး”တို့နှစ်ယောက်ရဲ့ စာရေးဆရာစိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးနဲ့ အားဖြည့်ပေးထားပါတယ်။ ဒီစာအုပ်ကိုဖတ်တော့ လူငယ်မလို့ အဘိုးတို့ အဖေတို့ခေတ်က မြန်မာ့သံစဉ်တေးသီချင်းတွေကို အလှမ်းဝေးလွန်းလှပါတယ်။ဒါကြောင့် ဆရာဆူးငှက် ဖော်ပြထားတဲ့ သီချင်းကို လိုင်းပေါ်မှာရှာနားထောင်ပြီး တေးသွားအလိုက်ခံစားဖတ်ကြည့်တဲ့အခါ တချို့နေရာများမှာ မြို့မအသင်းသားတစ်ယောက်အဖြစ် ကိုယ်တိုင် တီးဝိုင်းဘေးနားဆင်ခဲ့ရသလို ခံစားမှုမျိုး ခံစားခဲ့ရပါတယ်။
အထက်မှာ ပြောခဲ့သလို ဆရာငြိမ်း အင်္လကာကျော်စွာမြို့မငြိမ်းအတ္ထုပ္ပတ္တိမဟုတ်လေတော့ ဆရာရဲ့ရင်နင့်စရာဘဝနိဂုံးအဆုံးသတ်ကို မဖော်ပြပေမယ့် ဆရာငြိမ်းနောက်ဆုံးရေးသွားခဲ့တဲ့ တိမ်လွှာမို့မို့လွင် သီချင်းလေးနဲ့ အဆုံးသတ်ထားတာကြေကွဲဝမ်းနည်းရပါတယ်ခင်ဗျာ။
အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်းဟာ ရည်ရွယ်ချက် ပန်းတိုင်အတွက် အသက်ကိုရင်းရတဲ့အထိ ကြိုးပမ်းခဲ့ပါတယ်။ဒီလိုခေတ်မီဂီတအတွက်ကြိုးပမ်းနေစဉ်အတွင်းမှာ သီချင်းစပ်ခြင်းရေးခြင်းတို့က “ကျွဲကူးရေပါ”သဘောသာ ဖြစ်ပါတယ်။ဂီတနှင့် ပတ်သက်၍ သီချင်းရေးစပ်ရုံမျှ မဟုတ်ဘဲ ရည်ရွယ်ချက် ကြီးမားခဲ့သော ဆရာမြို့မငြိမ်းအဖို့ သူ့ကြိုးစားခဲ့ရသမျှဟာ သမင်မွေးရင်း ကျားစားရင်း ဖြစ်ပြီး အားတက်မှုထက်၊ အားပျက် စိတ်ပျက်မှုများ ပိုမိုခံစားလာရပြီးတဲ့နောက်မှာ ၁၉၅၅ ခု၊ စက်တင်ဘာလ ၁၅ ရက်မှာ မန္တလေး အနောက်ပြင် စိန်ပန်းသံလျက်မှော် အနောက်ပိုင်း မြေလမ်းလေး၌ ဘဝအဆုံးသတ်ခဲ့ရပါတယ်။ ဆရာရဲ့ တလူလူတက်လာတဲ့ ဂီတအညွန့်ကိုအကြိမ်ကြိမ်ရိုက်ချိုးဖို့ကြိုးစားကြတဲ့အမြင်ကျဉ်းမြောင်းတဲ့လူတွေရဲ့ ထိုးနှက်ချက်တွေရဲ့ ပယောဂမကင်းပါဘူး။
ဒီစာအုပ်ဟာ တကယ့်အဖြစ်အပျက်များကို မှီပြီး ဇာတ်အိမ်တည်တာမလို့ ထိုခေတ်သမိုင်းကိုပြပါတယ်။ထိုခေတ်က ပြည်သူတွေရဲ့ အနုပညာချစ်စိတ်၊အနုပညာသည်တို့ရဲ့ လေးနက်သောအနှစ်သာရ၊မြန်မာအမျိုးသားတို့ရဲ့ မဟာဂီတအပေါ် ချစ်မြတ်နိုးတန်ဖိုးထားမှုကိုပြတဲ့အပြင် ခေတ်တစ်ခေတ်ကိုပြောင်းလဲချင်တဲ့ လူတစ်စုရဲ့ လုံ့လထုတ်မှု စိတ်အားထက်သန်မှုအကြောင်းကို အားရနှစ်သက်စွာရှုမြင်ရမှာဖြစ်ပါတယ်ခင်ဗျာ။
“မြို့မငြိမ်းကား မြန်မာ့ဂီတကို ကမ္ဘာကြည့် ကြည့်မြင်နိုင်ဖို့ မြင့်မြင့်ပျံသန်းကာ မြင်ကွင်းချဲ့ရင်း အမြင်ကျဉ်းမှု အဖိအနှိပ် ကြားမှာ အသက်ပေးပြီး လမ်းပြခဲ့သော အနုပညာရှင်ကြီးအဖြစ် မော်ကွန်း တင်ခဲ့ကြပါပြီ။ သို့သော် မြို့မငြိမ်း လွန်ကာလများအတွင်း သူ့အသက်နှင့် ရင်းပြီး ဖောက်ခဲ့သော လမ်းပေါ် သူ့တပည့် သူ့ရောင်းရင်းနှင့် သူ့အသင်း ကရော ဘယ်လောက် နားလည်၊ ဘယ်လောက် သဘောပေါက်၊ ဘယ်လောက် လျှောက်လို့ ဘယ်လောက် ခရီး ပေါက်ခဲ့ကြပါပြီနည်း။”
Rating-⭐️⭐️⭐️⭐️
Keep Reading