ကိုခန့်
လွန်ခဲ့တဲ့ တစ်ပတ်က ကော်ဖီဆိုင်မှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ဆုံခဲ့တယ်။သူနဲ့ကော်ဖီအတူတူသောက်ရင်း သူ့အခြေအနေကို အခုလိုပြောပြတယ်။
"ငါ့ကိုယ်ငါ ယုံကြည်ချက်မရှိဘူးကွာ
အခြားသူတွေလောက်လဲ မတော်ဘူး
နောက်ပြီး အသုံးမကျသလိုခံစားနေရတယ်
ငါဘာဆက်လုပ်သင့်လဲ"
ဒါနဲ့ ကျွန်တော်လည်း...
"သူငယ်ချင်း ငါမင်းကို ဥပမာတစ်ခုပြောပြမယ်။
ပန်းတိုင်းမွှေးတာ သိတယ်မို့လား၊ ဒါပေမယ့် ရနံ့ခြင်းမတူသလို အရွယ်အစားချင်း၊ အရောင်အဆင်းချင်းတွေလဲ မတူကြဘူး။ သူအရောင်နဲ့သူ ၊သူရနံ့နဲ့သူ ပွင့်လန်းကြ၊မွှေးပျံ့ကြတာပဲ။
ဒါပေမယ့် တကယ်လို့သာ အဲဒီမှာ ခရေပန်းက သူရဲ့ထူးခြားတဲ့ ရနံ့ကို ထည့်မစဥ်းစားဘဲ နှင်းဆီပန်းတွေ၊ ဇီဇဝါပန်းတွေလောက် အရောင်မလှလို့ ၊ အရွယ်အစားမကြီးလို့ ဆိုပြီး သိမ်ငယ်စိတ်တွေဝင်နေမယ်ဆိုရင် မွှေးပျံ့လှပါတယ်ဆိုတဲ့ သူ့ရနံ့ကိုတောင် ဖော်ပြခွင့်မရှိဘဲ သူ့ပူပန်မှုတွေနဲ့သူ ညှိးနွမ်းသွားလိမ့်မယ်။သူတန်ဖိုးကိုလည်း ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူး။
နောက်ထပ်တစ်ခုရှိသေးတယ်။ပန်းတစ်ပွင့်အနေနဲ့ ငွားငွားစွင့်စွင့်ပွင့်ရဲတဲ့ သတ္တိလည်း လိုအပ်တယ်။ဒါမှ အဲဒီပန်းကို လူသိများမယ်၊သူရနံ့ကို လူတိုင်းခံစားနိုင်မယ်၊သူအရောင်အဆင်းကို လူတိုင်းချီးကျူးနိုင်မယ်မဟုတ်လား။သူရဲ့ မပြည့်စုံမှုတွေကို တွေးပြီး ရနံ့ကို ထုတ်ဖော်ပြသနိုင်တဲ့ သတ္တိမရှိဘူးဆိုရင်၊ ဖူးပွင့်သာ မလာဘူးဆိုရင် အဲဒီခရေပန်းကို ဘယ်သူမှ မြင်တွေ့ရတော့မှာတောင်မဟုတ်တော့ဘူး။ မတော်ရင် သူ့နာမည်တောင် ပျောက်ပျက်သွားနိုင်ပါတယ်။
အခုပြောပြတဲ့ ပန်းဥပမာ အတိုင်းပဲ မင်းတို့၊ငါတို့တွေမှာလည်း ကိုယ့်အရည်အချင်းနဲ့ကိုယ် ရှိပြီးသားပါ။အားသာချက်၊အားနည်းချက်တွေ မတူကြပေမယ့် လူတိုင်းမှာဒါတွေရှိကြပါတယ်။ဘယ်သူမှ Perfect ဖြစ်မနေကြဘူး။
ဒါပေမယ့် အားသာချက် ၊အားနည်းချက်တွေ ကိုယ်စီရှိနေတာချင်းအတူတူ အောင်မြင်သူက အောင်မြင်ပြီး ဘာကြောင့် Result တွေ မတူရတာလဲသိလား။
ဘာလို့လဲဆိုတော့ သူတို့က သူတို့ရဲ့ အားနည်းချက်ကို လက်ခံနိုင်ကြလို့။နောက်ပြီး အဲဒီအားနည်းချက်တွေအတွက်လည်း အားငယ်မနေကြဘူး။သူတို့ရဲ့အားသာချက်တွေကို အကောင်းဆုံးချပြနိုင်အောင်ကြိုးစားကြတယ်။အဲဒီအားသာချက်တွေကပဲ အားနည်းချက်တွေကို အနိုင်ယူသွားနိုင်တဲ့ သဘောပေါ့။
ဒါကြောင့်မင်းမှာလည်း အားနည်းချက်၊ချို့ယွင်းချက်တွေရှိနေရင် မင်းတတ်နိုင်သလောက် အကောင်းဆုံးကြိုးစားပြီး ပြင်ရမယ်။ ပြင်လို့မရတဲ့ အားနည်းချက်မျိုးဆိုရင်တော့ အဲဒါကို မင်းကျေကျေနပ်နပ်လက်ခံရမယ်။
စိတ်ဓာတ်ကျေနလို့၊ပူပန်နေလို့မရဘူး။
တကယ်လို့ မင်းသာ မင်းရဲ့အားနည်းချက်တွေကို တွေးပြီး စိတ်ဓါတ်တွေကျနေမယ်၊သိမ်ငယ်နေမယ်၊ ဘာမှမလုပ်ဘဲနေတော့မယ်ဆိုရင် ငါပြောခဲ့တဲ့ ဥပမာလိုပဲ မင်းမှာရှိနေတဲ့၊ အများနဲ့မတူတဲ့ အရည်အချင်းတွေပါ မှေးမှိန်ပျောက်ကွယ်သွားလိမ့်မယ်။နောက်ပြီး ဘယ်သူမှ မင်းရဲ့တန်ဖိုးကို သတိထားမိတော့မှာ မဟုတ်ဘူး။
ဒါကြောင့် မင်းအကောင်းဆုံးကြိုးစာရမယ်။
မင်းကိုယ်တိုင်ပဲ မင်းဘဝကို တည်ဆောက်ရမှာမို့ စိတ်ပျက်အားလျော့နေလို့မရဘူး။အကောင်းဆုံးကြိုးစားပြီး မင်းရဲ့ မွှေးရနံ့၊ လှပတဲ့အရောင်အဆင်းကို အခြားသူတွေကို ထုတ်ဖော်ပြသနိုင်လောက်တဲ့အထိ ရဲရဲရင့်ရင့် ရှင်သန်လိုက်စမ်းပါ သူငယ်ချင်းရာ။"
တကယ်တော့ ကျွန်တော်တို့တွေအကုန်လုံးမှာ ကိုယ့်အရည်အချင်းနဲ့ကိုယ်၊ကိုယ့်တန်ဖို့နဲ့ကိုယ် ရှိကြပါတယ်။
ကိုယ့်မှာမရှိတာတွေကို တွေးပြီးစိတ်ပျက်အားငယ်နေလို့ ရှိရင်းစွဲ အားသာချက်တွေ ပျက်စီးသွားတာ တန်ရောတန်ရဲ့လား သေချာတွေးကြည့်စေချင်ပါတယ်။
ကျွန်တော့်သူငယ်ချင်းကတော့ ကျွန်တော့်စကားအဆုံးမှာ သူ့မှာလည်း တန်ဖိုးရှိတာ သိပြီဆိုတဲ့အကြောင်း၊အားငယ်စိတ်ပျက်ပြီး ကုန်ဆုံးခဲ့တဲ့ အချိန်တွေကိုတောင်နှမြောမိတယ်ဆိုတဲ့အကြောင်း ပြောပြသွားပါတယ်။
အခုစာဖတ်သူတွေအားလုံးလည်း သူများနဲ့နှိုင်းယှဥ်ပြီး
"အသုံးမကျတဲ့သူပါကွာ။
ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။"
စသဖြင့် အဲဒီလို အတွေးတွေရှိနေရင် အခုချက်ချင်းပဲ ခေါင်းထဲက ရှင်းထုတ်ပြစ်ပါ။
တကယ်တော့ စာဖတ်သူလည်း တော်ပါတယ် ။ထက်မြက်ပါတယ်။တန်ဖိုးရှိပါတယ်။
အဲဒီတန်ဖိုးတွေကို ထုတ်ဖော်ပြသဖို့ပဲ လိုတော့တာပါ။
ဒါကြောင့် စာဖတ်သူများအားလုံး သိမ်ငယ်စိတ်ကင်းသော အရည်အချင်းရှိသော၊အဲဒီ အရည်အချင်းတွေ၊ အားသာချက်တွေကို ထုတ်ဖော်ပြနိုင်စွမ်းရှိသော လူတော်လူကောင်းတွေ ဖြစ်ကြပါစေ။
*****
ကိုခန့်
Keep Reading