မောရိသျှ
ခန့်မှန်းရခက်ပြီး၊ နားလည်ရခက်တာလောက် ကြောက်ဖို့ကောင်းတာ မရှိဘူး။ အဲတာကြောင့် မြေငလျင်တွေ၊ လေပြင်း မုန်တိုင်းတွေကို ကြောက်ကြတာပါ။ ဘယ်ချိန်မှာ ထလှုပ်ပြီး၊ ဘယ်လောက် ပြင်းထန်မလဲဆိုတာ ဘယ်သူဆီမှာမှ ခန့်မှန်းနိုင်စွမ်း မရှိပါဘူး။ ဘေးအန္တရာယ်ဆိုးကြီး တစ်ကြိမ်ဖြစ်ပြီးသွားတိုင်း၊ နောက်ထပ် တစ်ကျော့ ဖြစ်လေဦးမလား၊ တွေးပူရသေးတယ်။ မမြင်နိုင်၊ မသိနိုင်၊ မမှန်းဆနိုင်တဲ့ အဖြစ်တွေလောက် စိတ်ပင်ပန်းဖို့ကောင်းတာ မရှိဘူး။ ဒီသဘောအတိုင်းပဲ၊ နားလည်ရခက်တဲ့ အကျင့်အကြံရှိသူထက် ကြောက်ဖို့ကောင်းတဲ့လူမျိုး လောကမှာ ထပ်တူမရှိပါဘူး။
တိရစ္ဆာန်တွေကျတော့ ဘာပဲလုပ်လုပ် တစ်မျိုး၊ တစ်ပုံစံတည်းကိုပဲ ထပ်ခါထပ်ခါ လုပ်တတ်ကိုင်တတ် ကြတယ်။ ဒါ့ကြောင့် ပုံစံမပြောင်းဘဲ တစ်မျိုးတည်း စွဲလုပ်တတ်တဲ့ အကျင့်ကို တိရစ္ဆာန်အကျင့်ရယ်လို့ လူတွေ ပြောကြတာပါ။ မကောင်းတဲ့ အကျင့်အကြံမျိုး မဟုတ်ပေမယ့်၊ လူတွေအနေနဲ့ တိရစ္ဆာန်တွေကို အမဲလိုက်၊ သတ်ဖြတ်နိုင်ရခြင်း အကြောင်းက၊ အဲဒီ တိရစ္ဆာန်တွေရဲ့ အပြောင်းအလဲမရှိ၊ ခန့်မှန်းရ လွယ်ကူတဲ့ အကျင့်အကြံတွေကြောင့်ပါ။ သဘာဝလောကကြီးမှာ သတ္တဝါအမျိုးမျိုးရှိပေမယ့်၊ အကျင့်အကြံကို ပြောင်းလဲနိုင်စွမ်း ရှိတဲ့ တိရစ္ဆာန်ဆိုလို့ “လူ” ပဲရှိတာဖြစ်ပါတယ်။
အသိစိတ်ဆိုတဲ့ သဘာဝ အမတလက်ဆောင်မွန်ကြောင့် လူသားတွေက သူတို့ရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်၊ အတွေးအကြံတွေကို စိတ်အလိုရှိတဲ့အတိုင်း ပြောင်းလဲနိုင်ကြပါတယ်။ ဖြစ်ချင်တော့ အဲဒီလို အမြင့်မြတ်ဆုံးသော တန်ခိုးရှိနေပေမယ့်လည်း၊ လူအများစုက သူတို့အကျင့်အကြံတွေကို ကာလ၊ ဒေသ၊ သဘာဝ အလိုက် ပြောင်းလဲဖို့ မကြိုးစားကြတာကြောင့်၊ သူမသာ၊ ကိုယ်မထူး၊ အတူတူ အနူနူ တိရစ္ဆာန်လိုကျင့် တိရစ္ဆာန်လိုကြံတဲ့ ဘဝမှာ ချွတ်ချုံကျသွားကြရပါတယ်။
ကျင့်သားရသွားတဲ့ အသားကျမှုသဘာဝကို အရသာခံမိပြီး၊ အဲဒီအကျင့်အပေါ် သာယာမိသွားတဲ့အတွက်၊ တိရစ္ဆာန်တွေလိုမျိုး ထပ်ခါထပ်ခါ လုပ်တတ်၊ ကိုင်တတ်၊ ဖန်တတ်၊ ရေတတ်ရင်ပဲ တိုးတက် ဖွံ့ဖြိုး သာလွန် ထူးချွန်သလို ထင်မြင်ယူဆထားကြပါတယ်။ ဘာလို့ အဲဒီလို သာယာစိတ်မျိုး ဖြစ်သွားရသလဲဆိုတော့၊ ကျင့်သားရလုပ်တတ်ကိုင်တတ်မှုမှာ စိန်ခေါ်မှု နဲ့ အပြောင်းအလဲ မရှိတဲ့အတွက်၊ အခြေကျတဲ့အတိုင်း အသာလေး ယီးလေးခိုစိတ် ဝင်သွားကြလို့ ဖြစ်ပါတယ်။ အားစိုက်ထုတ်မှုများစွာ မလိုအပ်တော့ဘဲ၊ ရသလောက်အပေါ် ကျေနပ်လွယ်စိတ် ဝင်သွားကြလို့ ဖြစ်ပါတယ်။ သူတို့အမြင်မှာ အပြောင်းအလဲမရှိခြင်းက တည်ငြိမ်ခြင်းဖြစ်ပြီး၊ တည်ငြိမ်မှု ရှိနေရင်၊ ရန်သူရဲ့ တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခိုင်ခိုင် ခုခံကာကွယ်နိုင်မယ်လို့ တွေးထားကြလို့ ဖြစ်ပါတယ်။ တကယ့် လက်တွေ့မှာကျတော့ အဲဒီလို အလုပ်မလုပ်ပါဘူး။
အပြောင်းအလဲ မရှိသူရဲ့ လုပ်ရပ်တွေဟာ အင်မတန် သိသာပြီး၊ ခန့်မှန်းရ လွယ်ကူတာကြောင့်၊ အမှားမလုပ်မိတောင်၊ တလွဲဖြစ်သွားအောင် အကြောင်းအမျိုးမျိုး ဖန်တီးပြီး ချောက်ချလိုက်လို့ ရတယ်။ ကျရှုံးသူ အများစုရဲ့ ဘဝသင်္ခန်းစာတွေကို နိုင်းယှဉ်သုံးသပ်ကြည့်လိုက်ရင်၊ ကျင့်သားရထားတဲ့အတိုင်း တသွေမတိမ်း အပြောင်းအလဲမရှိ လုပ်ကိုင်မှုတွေကြောင့်၊ ပြိုင်ဘက်ရဲ့ ခလောက်ဆန်မှုအောက်မှာ လက်မြောက် အရှုံးပေးလိုက်ရတာတွေကြီးပါပဲ။
ငြိမ်နေတိုင်း လေပြင်းရဲ့ ဒဏ်ကို ခုခံနိုင်မှာ မဟုတ်ပါဘူး။ လေယူရာ ယိမ်းတတ်ဦးမှလည်း ဘေးဒဏ်ဟူသမျှကို ခံနိုင်ရည် ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူ့ထက်ကလူ ဖြစ်ချင်ရင်၊ မတူညီတဲ့ ကျင့်ကြံတွေးခေါ်မှုတွေနဲ့ ထူးကဲနိုင်ရမယ်။ မထင်မှတ်ထားတဲ့ အချိန်တွေမှာ၊ မှန်းဆလို့ မရနိုင်တဲ့ အလုပ်အကိုင်မျိုးတွေ၊ ပေါင်းသင်းဆက်ဆံပုံတွေနဲ့ အမြဲ တုန့်ပြန်နေရမယ်။ လိုအပ်ရင် အသိပေး၊ သတိပေးတဲ့အနေနဲ့ မျက်စိလည်သွားအောင် တစ်ဖက်လူရဲ့ စိတ်ကို ကစားတတ်ရမယ်။ လူတွေ ထင်မထားတဲ့ အချိန်နဲ့ ကွက်တိ ပြောင်းလဲပြနိုင်ရမယ်။
#မောရိသျှ
#အာဏာစက် နည်းဥပဒေသ (၄၈) ရပ် - ရောဘတ်ဂရင်း
Keep Reading