KhatSit
ကျွန်တော်တို့တွေ အများဆုံး ပြောနေကြတဲ့ စကားလေးတစ်ခုရှိပါတယ် ။ အဲ့တာကတော့ “ စိတ်သာရှင်စော ဘုရားဟော” ဆိုတဲ့ စကားလေးပဲဖြစ်ပါတယ် ။ အဲ့စကားလေးရဲ့ အဓိပ္ပာယ်ကတော့ အရာရာတွင် စိတ်သည် အဓိကအကျဆုံးဖြစ်ကြောင်း ၊ စိတ်၏စေတနာ ၊ ရည်ရွယ်ချက်သည် အရေးကြီးဆုံးဖြစ်ကြောင်းကို မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သည်ဟု ဆိုလိုပါတယ် ။ စာဖတ်သူတို့တွေးကြည့်ပါ ကောင်းမှုကို လုပ်ဆောင်ဖို့စေခိုင်းတာလည်း ဒီစိတ် ၊ မကောင်းမှုတွေကို လုပ်ဆောင်ဖို့ နှိုးဆော်တာကလည်း ဒီစိတ်ပဲဖြစ်ပါတယ် ။ ကိုယ့်ရဲ့ စိတ်သာ ဖြူစင်နေပါက ကိုယ်လုပ်ဆောင်တဲ့ အရာတွေကလည်း အကုန်ကောင်းမွန်တဲ့ ကိစ္စရပ်တွေပဲဖြစ်နေမှာပဲဖြစ်ပါတယ် ။
လောကမှာ စိတ်ကူးနေရုံသက်သက်နဲ့ဆိုရင်တော့ ဘာမှ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး ။ စိတ်ကူးတဲ့နောက်မှာ လုပ်ဆောင်ချက်ဆိုတာ ရှိပါတယ် ။ ကောင်းမွန်တဲ့ကိစ္စရပ်ပဲဖြစ်စေ ၊ မကောင်းတဲ့ကိစ္စရပ်ပဲဖြစ်ဖြစ်စေ လုပ်ဆောင်ချက်ဆိုတာရှိမှ ရည်ရွယ်ထားတဲ့ ကိစ္စတွေဟာ အထမြောက် အောင်မြင်မှာပဲဖြစ်ပါတယ် ။ ဒါပေမဲ့ ကိုယ့်အတွက်လည်းအကျိုးမရှိ သူတပါးအတွက်လည်း အကျိုးမရှိတဲ့ ကိစ္စတွေ အထမြောက်လာမယ်ဆိုရင်တော့ နောက်ဆုံးမှာ ဆိုးကျိုးခံစားရမှာက ကိုယ်တိုင်ပဲဖြစ်ပါတယ် ။ ဒါကြောင့် ကောင်းမွန်တဲ့ကိစ္စရပ်တွေပဲ ဖြစ်မြောက် လာဖို့အရေးကြီးပါတယ် ။ ကောင်းမွန်တဲ့ ကိစ္စရပ်တွေ ဖြစ်မြောက်လာဖို့ဆို အရေးကြီးဆုံးကတော့ ကိုယ့်စိတ်က ဖြူစင်နေဖို့ပဲဖြစ်ပါတယ် ။ ကိုယ့်စိတ်ကဖြူစင်နေရင် ကောင်းတဲ့အတွေးပဲဖြစ်မယ် ဒါဆိုကောင်းမွန်တဲ့ လုပ်ရပ်တွေပဲ လုပ်ဆောင်မိမှာပဲဖြစ်ပါတယ် ။
ဒါဆို စိတ်ကိုဖြူစင်အောင်လုပ်ဖို့ စိတ်စင်ကြယ်စေဖို့ ဘယ်အချက်တွေကို လိုက်နာပြီး ဘယ်အချက်တွေကို ရှောင်ရမလဲဆိုတာ သိရှိဖို့အရေးကြီးပါတယ် ။ စိတ်ဖြူစင်ဖို့အတွက် အခြေခံအချက် (၈) ချက်ရှိတယ်လို့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဟောကြားတော်မူခဲ့ပါတယ် ။ ထို (၈) ချက်နဲ့ပြည့်စုံနေပါက ကိုယ်ဟာစိတ်ဖြူစင်နေတဲ့ လူ (ဝါ ) စိတ်ကြည်လင်နေတဲ့ လူတစ်ယောက်ဖြစ်လာမှာပဲဖြစ်ပါတယ် ။
ထိုအချက်တွေကတော့ -
(၁) ဟီရိဩတ္တပ္ပ
စိတ်ကြည်လင်ဖို့တည်ဆောက်မယ်ဆို ပထမဆုံးတည်ဆောက်ရမဲ့ တရားတစ်ခုကတော့ ဟီရိဩတ္တပ္ပတရားပဲဖြစ်ပါတယ် ။ ဟီရိ ဆိုတာကတော့ မဟုတ်တာလုပ်ရမှာကို ရှက်ခြင်း ၊ မဟုတ်တာပြောဆိုရမှာကိုရှက်တယ် ၊ မကောင်းတဲ့အရာတွေနဲ့ ပတ်သတ်ပြီး ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာမှာကို ရှက်တာကိုဆိုလိုတာပါ။ ဩတ္တပ္ပဆိုတာကတော့ မကောင်းတာတွေးရမှာ ၊ မကောင်းတာလုပ်ရမှာ ၊ မကောင်းတဲ့ ဒုစရိုက်တွေ ကိုကြောက်တာကိုခေါ်တာပါ ။ အကုသိုလ်နဲ့ ပတ်သက်ပြီးတော့ ရှက်တဲ့စိတ်ရော ကြောက်တဲ့စိတ်ရောကို မိမိရဲ့နှလုံးသားထဲမှာ အရင်တည်ဆောက်ရမယ်လို့ ဟောကြားတော်မူထားပါတယ် ။ ဟီရိဩတ္တပ္ပ မရှိရင် ကိုယ်ကျင့်သီလမပြည့်စုံနိုင်ဘူး ။ အကုသိုလ်လုပ်ရမှာ မရှက်ဘူး ၊ အကုသိုလ်ကိုမကြောက်ဘူးဆိုလို့ရှိရင် ဘယ်လို့မှ သီလမလုံနိုင်ပါဘူး ။ ဒါကြောင့်မိုလို့ ဟီရိဩတ္တပ္ပ တရားရှိဖို့က အရေးကြီးတယ်လို့ ဟောတော်မူထားပါတယ် ။
(၂) ပရိသုဒ္ဓကာယသမာစာရ
ပရိသုဒ္ဓကာယသမာစာရ ဆိုတာကတော့ ကိုယ်ပြုလုပ်မဲ့ ကာယကံ အရာတွေကို စင်ကြယ်အောင် လုပ်ရမယ်လို့ဆိုပါတယ် ။ ကာယကံအမှုတွေကို ဘယ်လိုစင်ကြယ်အောင်လုပ်ရမလဲဆိုရင် ငါးပါသီလထဲမှာပါတဲ့ (က) ပါဏာတိပါတ ဝေရမဏိ - သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ရုံသာမက သတ္တဝါတွေအပေါ် သနားကြင်နာခြင်း ၊
(ခ) အဒိန္နဒါန ဝေရမဏိ _ သူတပါးပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ခြင်း ၊ မတရားသဖြင့် မယူခြင်း ၊
(ဂ) ကာမေသုမိစ္ဆာစာရ ဝေရမဏိ - ကာမပိုင်လင်ယောက်ျား၊ ဇနီးမယားမှတစ်ပါး အခြား ကာမ မပိုင်ဆိုင်သောသူများနှင့် ကျူးလွန်ဖောက်ပြားခြင်းမှ ရှောင်ကြဉ်ရုံသာမက စိတ်နဲ့တောင်မပြစ်မှားခြင်း ဆိုတဲ့ သုံးပါးသီလကို စောင့်ထိန်းရမှာပဲဖြစ်ပါတယ် ။
(၃) ပရိသုဒ္ဓဝစီသမာစာရ
ပရိသုဒ္ဓဝစီသမာစာရ ဆိုတာကတော့ နှုတ်ကပြောတဲ့ ဝစီကံမှုတွေ စင်ကြယ်အောင်လုပ်ရမယ်လို့ ဆိုပါတယ် ။ မုသာဝါဒါ ကံကို ထိန်းသိမ်းရမယ်လို့ဆိုတာပါ ။ လိမ်မပြောဘူး မှန်တာကိုပဲပြောဆိုတယ် ၊ သွေးခွဲစကား မပြောဘူး ၊ ဆဲရေးတိုင်းထွာ ရိုင်းပြတဲ့စကားမပြောဘူး ၊ ယဉ်ယဉ်ကျေးကျေး နားခံသာအောင်ပြောတယ် ၊ အကျိုးမဲ့တဲ့စကားကိုမပြောဘူး အကျိုးရှိတဲ့စကားကိုသာပြောတယ်ဆိုရင် နှုတ်နဲ့ ပတ်သက်ပြီး ဝစီကံမှု စင်ကြယ်ပြီလို့ပြောလို့ရပါတယ် ။
(၄) ပရိသုဒ္ဓမနောသမာစာရ
ပရိသုဒ္ဓမနောသမာစာရ ဆိုတာကတော့ စိတ်ကတွေးတဲ့ အတွေးတွေကို စင်ကြယ်အောင်လုပ်ရမယ်လို့ ဆိုပါတယ် ။ ဘယ်လိုစင်ကြယ်အောင်လုပ်ရမလဲဆိုရင်တော့ သူများပစ္စည်းကို ကိုယ့်ပစ္စည်း ဖြစ်လိုသော လောဘအတွေးတွေ မတွေးမကြံစည်ရ ၊ လူတဖက်သား ဒုက္ခရောက်ပျက်စီးသွားရင် ကောင်းမှာပဲဆိုသော ဒေါသအတွေးမျိုးမတွေးရ ၊ ကံကိုငြင်းပယ်တဲ့ အကိရိယဝါဒ ၊ ကံ၏အကျိုးကို ငြင်းပယ်တဲ့ နတ္ထိကဝါဒ နှစ်မျိုးကို လက်ခံတဲ့ မိစ္ဆာဒိဋ္ဌိ အယူမရှိရ မတွေးရ ဘူးလို့ဘုရားရှင်က ဟောကြားတော်မူခဲ့ပါတယ် ။ ဒီအချက်လေးတွေကိုသာ လိုက်နာနိုင်မယ်ဆိုရင်တော့ ကိုယ့်ရဲ့စိတ်က ဖြူစင်နေမှာပဲဖြစ်ပါတယ် ။
(၅) ပရိသုဒ္ဓါဇီဝ
ပရိသုဒ္ဓါဇီဝ ဆိုတာကတော့ ကိုယ့်ရဲ့အသက်မွေးမှုက စင်ကြယ်ရမယ်လို့ ဆိုပါတယ် ။ ယနေခေတ်မှာ ကိုယ်ချမ်းသာရင်ပြီးရောဆိုတဲ့ စိတ်နဲ့ ထမင်းပူ ဟင်းပူတွေကို မြိန်ရေယှက်ရေ စားသောက်နေတဲ့ လုပ်ငန်းရှင်တွေ လူပုဂ္ဂိုလ်တွေများစွာရှိနေပါတယ် ။ ဒီလိုလူမျိုးတွေရဲ့ အသက်မွေးမှုဟာမစင်ကြယ်ဘူးလို့ဆိုရပါမယ်။ မတရားတဲ့ နည်းလမ်းနဲ့ စီးပွားရှာ အသက်မွေးမှုပြုနေတဲ့အတွက် မိစ္ဆာအာဇီဝ လို့ခေါ်ဆိုရပါလိမ့်မယ် ။ ဒါကြောင့် ကိုယ်က သမ္မာအာဇီဝ ကျကျ တရားနည်းလမ်းရှိရှိနဲ့ စီးပွားရှာဖွေပြီး ထမင်းပူ ဟင်းပူကို မစားမိအောင်ရှောင်ကြဉ်ရပါမယ် ။ ဒါမှသာ ကိုယ့်ရဲ့အသက်မွေးမှုက စင်ကြယ်နေမှာပဲဖြစ်ပါတယ် ။
(၆) ဣန္ဒြိယေသု ဂုတ္တဒွါရ
ဣန္ဒြိယေသု ဂုတ္တဒွါရ ဆိုတာကတော့ မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် ၊ စိတ်ဆိုတဲ့ ဣန္ဒြေ (၆) ပါးကို ထိန်းသိမ်းရမယ်လို့ဆိုပါတယ် ။ ဒါဆို မျက်စိနဲ့မကြည့်ရတော့ဘူးလား ၊ နားမထောင်ရတော့ဘူးလား ၊ အသက်မရှူရတော့ဘူးလားဆိုပြီး မေးကြပါလိမ့်မယ်။ တကယ်တော့ ထို (၆) ပါးကနေ အကုသိုလ်တွေ ဝင်မလာအောင်ထိန်းသိမ်းရမယ်လို့ဆိုလိုတာပါ ။ အရာတစ်ခုကို မြင်ပြီဆိုရင်လည်း မြင်တဲ့အရာအပေါ်မှာ လောဘ ဒေါသတွေ မဖြစ်မိအောင် လုံးဝမဖြစ်မိအောင်မထိန်းနိုင်ရင်တောင် အနည်းဆုံးဖြစ်အောင်ထိန်းသိမ်းဖို့ကို ဆိုလိုတာပါ ။ ထို ဣန္ဒြေ (၆)ပါးကနေ အကုသိုလ်တွေဝင်မလာစေဖို့အတွက် ဘယ်လိုထိန်းသိမ်းရမလဲဆိုရင် သတိဆိုတာနဲ့ ပိတ်ထားပြီး ၊ ပညာ ဆိုတဲ့အရာနဲ့ ဖယ်ရှားရမှာပဲဖြစ်ပါတယ် ။
(၇) ဘောဇနေ မတ္တညူ
ဘောဇနေ မတ္တညူ ဆိုတာက ဘာလဲဆိုရင်တော့ အစားအစာတွေကို စားသောက်တဲ့အခါ သတိနဲ့ ဆင်ခြင်တုံတရားနဲ့ စားသောက်ရမယ်လို့ဆိုလိုပါတယ် ။ အစားအစာတွေကို စားသောက်တဲ့အခါ ကြိုက်လို့ဆိုပြီး တဏှာနဲ့ မစားဘဲ ခန္ဓာကိုယ် ကိုတည်တန့်ဖို့ ၊ အသက်ရှည်ဖို့ ၊ အလုပ်လုပ်နိုင်ဖို့ ဆိုတဲ့ အသိနှင့်စားရပါမယ် ။ နောက်တစ်ခုက စားတဲ့အခါမှာလည်း အတိုင်းအတာသိဖို့လိုပါတယ် ။ ဒီအချက်တွေက စိတ်စင်ကြယ်ဖို့ စိတ်ဖြူစင်ဖို့ ကြိုးစားတဲ့အခါမှာ လိုအပ်တဲ့ အခြေခံအချက်ထဲမှာ အပါအဝင်ပဲဖြစ်ပါတယ် ။
(၈) ဇာဂရိယာ နုယောဂ
ဇာဂရိယာ နုယောဂ ဆိုတာကတော့ မေ့မေ့လျော့လျော့မနေဘဲ နိုးနိုးကြားကြား နဲ့ ကြိုးစားအားထုတ်ရမယ်လို့ဆိုပါတယ် ။ နိုးနိုးကြားကြားနဲ့ကြိုးစားတယ်ဆိုတာ မိမိစိတ်မှာ ဖြစ်ပေါ်နိုင်တဲ့ စိတ်အညစ်အကြေးတွေကို ဖယ်ရှားဖို့ ကြိုးစားအားထုတ်ခြင်းကို ပြောဆိုတာပဲဖြစ်ပါတယ်။
အထက်ပါ ဖော်ပြခဲ့တဲ့ အချက်တွေက စိတ်ကို စင်ကြယ်စေတဲ့ အခြေခံအချက်တွေပဲဖြစ်ပါတယ် ။ စိတ်မစင်ကြယ်တဲ့အခါ ကိလေသာတွေ အကုသိုလ်တရားတွေ ဝင်လာတတ်ပါတယ် ။ ထိုအရာတွေကို စိတ်ရဲ့အညစ်အကြေးတွေလို့ခေါ်ဆိုပါတယ် ။ အဲ့ဒီ အညစ်အကြေးတွေက စိတ်ကိုပူပန်ဆင်းရဲစေတတ်ပြီး အသိဉာဏ်တွေကို မှုန်ဝါးပြီး အားပျော့သွားစေနိုင်ပါတယ် ။ ဒါကြောင့်မိုလို့ စိတ်ရဲ့ အညစ်အကြေးတွေကို ဖယ်ရှားပစ်ဖို့လိုပါတယ်။
ကိုးကား ။ ။ သုတဓမ္မဒီပလိုမာ level- 1 ( စိတ်၏အညစ်အကြေးများကို ဖယ်ရှားခြင်း )
Keep Reading