တင်ညွန့်
ကျွန်တော်ကျောင်းဆရာဖြစ်စက ပညာတန်ဆောင်စာစောင်လေးတွေကို မလွတ်တမ်းဖတ်သည်။ ကျွန်တော့် ကျောင်းအုပ်ဆရာကြီးသည် သူ့ထံတွင် ထိုစာစောင်လေးတွေကို အတွဲလိုက်စုထားသည်။ စာဖတ်ဝါသနာ ပါသော ကျွန်တော်ကလည်း ထိုစာအုပ်တွေနှင့် ပျော်မွေ့နေရသည်မှာ ကံကောင်းသည်ဟုဆိုရမည်။ ရွာတွင် ဘယ်မှလည်း သွားစရာမရှိ၊ ဘာမျှလည်း ကြည့်စရာမရှိ၊ စာဖတ်နေရခြင်းကပင် အရသာရှိလှသည်။
ကျွန်တော်က တစ်နေ့တွင် ဆရာကြီးနှင့်စကားထိုင်ပြောနေကြသည်။ ထိုနေ့က ကျောင်းပိတ်သည်။ ဆရာကြီးက ထမင်းစားနေသည်။ ဘာမျှမရှိ မျှစ်ပြုတ်ကိုကိုက်လိုက်၊ ထမင်းကို ဝါးလိုက်နှင့်။ သူ့ပန်းကန်ထဲက ထမင်းတွေမှာ ငရုတ်သီး၊ ငါးပိရည်တွေနှင့်နယ်ဖတ်ထားသည်ဖြစ်ရာ နီရဲနေသည်။
“ဆရာကြီး ... စေတနာ၊ ဝါသနာ၊ အနစ်နာတဲ့ ကောင်းလိုက်တဲ့စကားလေးခင်ဗျာ”
“ခင်ဗျား လက်ခံသလား”
ဆရာကြီးကို ဘာကိုဆိုလိုမှန်းမသိ မေးလိုက်သဖြင့်
“ဘာကိုပြောတာလဲဆရာကြီး”
“အဲဒီ နာသုံးနာဆိုတဲ့ ... စေတနာ၊ ဝါသနာ၊ အနစ်နာလို့ပြောနေကြတဲ့ စကားသုံးလုံးကိုပြောတာ”
“ဆရာတွေဆိုတာ နာသုံးနာနဲ့ လုပ်ကိုင်နေကြသူတွေပဲ မဟုတ်ဘူးလား။ လက်မခံနိုင်စရာ ဘာရှိသလဲ ဆရာကြီးရယ်”
“နေပါဦး ကျွန်တော် မေးစမ်းပါရစေ ... ကျောင်းဆရာလုပ်ရတာ ဘာများ နစ်နာသွားသလဲ ... ပြောစမ်းပါ”
“ကျွန်တော်ထင်တာကတော့ လစာလေးနည်းနည်းနဲ့ သူများတွေ မသွားနိုင်တဲ့ နေရာတွေကို သွားပြီးတော့ လုပ်ကိုင်နေထိုင်ကြရတာကိုများ ပြောသလားလို့"
“တောတောင်တွေထဲမှာ သွားပြီးတော့ လုပ်ကိုင်နေကြတဲ့ အခြားဝန်ထမ်းတွေလည်း ရှိတာပဲဗျ။ ဥပမာ ကျန်းမာရေးဝန်ထမ်းတွေ။ သူတို့ကရော နစ်နာလိုက်တာလို့ ပြောသံကြားဖူးသလား”
“ဒါကတော့ မတူဘူးလေဆရာကြီး”
“ဘာကို မတူတာလဲ”
“ရပိုင်ခွင့်တွေ ခံစားပိုင်ခွင့်တွေ လုပ်ပိုင်ခွင့်တွေကို ပြောတာပါ”
“ခင်ဗျားကို ကျောင်းဆရာစခန့်တော့ ဒီလောက်ပဲပေးမယ်ဆိုပြီး သတ်မှတ်ခန့်တာ။ နစ်နာတယ်ထင်ရင် မလုပ်ပါနဲ့လား။ နောက်ပြီးတော့ တောထဲ တောင်ထဲကို ဘယ်သူက အတင်းသွားခိုင်း နေလို့လဲ။ မကြိုက်ရင် မသွားလို့ ရတာပဲ မဟုတ်လား”
“အလုပ်ကရှားတာကိုဆရာကြီးရယ် ... နောက်ဆုံးတော့ ရတဲ့အလုပ်၊ ရတဲ့နေရာကို ဒီလိုပဲ ယူရတော့တာပဲ”
“အဲဒါကို နစ်နာတယ်လို့ ပြောနိုင်သလားဆရာ။ ကျွန်တော်တို့ တပည့်တွေအပေါ် စေတနာနဲ့ ကိုယ်တတ်ထားတဲ့ ပညာတွေကို သင်ပေးကြတယ်။ စေတနာထားပြီးတော့ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို သင်ပေးရင်း အလုပ်အပေါ်မှာ ဝါသနာပါလာကြတာမဟုတ်လား။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလို သင်ပေးနေရလို့ နစ်နာတယ်လို့ကို မထင်ခဲ့ဖူးပါဘူး”
“ဟုတ်တာပဲနော် ဆရာကြီး ... ကျွန်တော်သတိမထားမိဘူး”
“ခင်ဗျား ဒီကျောင်းကိုရောက်စက ဘာမှ မသင်တတ်ဘူး ထင်ပေမယ့် ကလေးတွေအပေါ် စေတနာ ထားလိုက်တော့ အလုပ်အပေါ်မှာ အလိုလို ဝါသနာပါလာတယ်။ ခုဆို ခင်ဗျား ကလေးတွေအပေါ် သင်ကြားပုံ တွေကို ကျွန်တော် အားရတယ်။ ကျွန်တော်ရော ဆရာပါ စေတနာနဲ့ရော ဝါသနာနဲ့ရော သင်ကြားပေးခြင်း ခံရတဲ့ကလေးတွေ တတ်မြောက်သွားရင် ကျွန်တော်တို့ ကြည်နူးနေရတာပဲ။ အဲဒါကို နစ်နာတယ်လို့ ထင်ရင်တော့ ကိုယ့်အလုပ်အပေါ်မှာ မလေးစားရာရောက်တော့မှာပေါ့”
“မှန်ပါတယ်ဆရာကြီး ... ကျွန်တော် အနစ်နာဆိုတဲ့ စကားအပေါ် သံသယဖြစ်လာပြီ”
“သံသယဖြစ်ရုံမရဘူး … လက်မခံရမှာ။ ခုဆို ခင်ဗျားရော ကျွန်တော်ပါ မျှစ်နဲ့ ငါးပိကို နေ့တိုင်း စားနေရတာ ကိုယ့်ခံယူချက်၊ ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ဘဝနဲ့ကိုယ် ပျော်ပျော်ကြီး စားပြီးနေတာ။ ကျွန်တော်တို့ ခိုးပြီး ရပ်တည်နေကြတာ မဟုတ်ဘူး။ ဓားပြတိုက် လူသတ်ပြီး ရပ်တည်နေကြတာ မဟုတ်ဘူး။ ကောင်းတဲ့ဘက်မှာ ရပ်ပြီး လိပ်ပြာသန့်သန့်နဲ့ ကိုယ့်အလုပ် ကိုယ့်ဘဝမှ ရှင်သန်နေကြတာကို နစ်နာတယ်ထင်ရင် မှားသွားမှာပေါ့”
“ဒါဆိုရင် ဆရာကြီးက စေတနာနဲ့ ဝါသနာကို လက်ခံတယ်။ အနစ်နာဆိုတာကို လက်မခံဘူးပေါ့”
“ဟုတ်တယ် လက်မခံဘူး”
“နာ နှစ်နာပဲဖြစ်နေမှာပေါ့”
“မဟုတ်ဘူး ... နာသုံးနာပဲ”
“နောက်တစ်နာကဘာလဲဆရာကြီး”
“စေတနာ ... ဝါသနာ ... အကြင်နာ”
“အို ဟုတ်တာပေါ့နော် ... ကျွန်တော်တို့ ကလေးတွေကို အကြင်နာထားပြီး သင်ပြဖို့လည်း လိုတာပေါ့”
“ဟုတ်တယ် ... ကျောင်းဆရာဘဝမှာ အနစ်နာခံတာတွေ၊ နစ်နာတယ်ဆိုတာတွေကို ဖယ်ထုတ်လိုက်ဗျာ။ ကိုယ့်ရပ်တည်ချက်၊ ခံယူချက်နဲ့ နစ်နာတယ်မထင်ဘဲ အကြင်နာတရားတွေနဲ့ သင်ကြားပေးနိုင်အောင် ကြိုးစားမယ်”
(ကျေးဇူးရှင် ကျောင်းအုပ်ဆရာကြီး ဦးမြအောင်အား အမှတ်ရစွာဖြင့်)
တင်ညွန့်
Keep Reading