Swe Zin
ပူလိုက်တာလို့ ညည်းငြူပြီး တရေးနိုးလာခဲ့တယ်။ မျက်လုံးဖွင့် ကြည့်မိတော့ မီးပျက်နေတာပါ့လား။ အဲဒါနဲ့ ပြတင်းတံခါးဖွင့်ပြီး အပြင်လေ အားရပါးရရှုလိုက်တယ် ။နောက်ပြီး ကောင်းကင်ကို မော့ကြည့်မိတော့ ကြယ်တွေ စုံနေတဲ့ ကောင်းကင် လဆုတ် ညတွေမို့ နောက်ခံကောင်းကင် မဲမဲနှင့် ကြယ်ရောင် လင်းလက်နေပုံက ဆွတ်ပျံ့ဖွယ်ရာ။ ဒီလို ကောင်းကင်ကို မကြည့်ရတာ နှစ်ပေါင်း ၃၀ ကျော်လောက် ရှိပြီ ထင်ပါရဲ့ ။ဟုတ်လောက်ပါတယ် ကျွန်မတို့ ရွာအိမ်က အိမ်ရှေ့ ရေကဖျင် လေးမှာ နှီးချောဖျာလေးချပြီး ဗိုင်းငင့်နေတဲ့ ဒေါ်ဒေါ်ကြီးရယ် ခေါင်းအုံးကိုယ်စီနဲ့ ပက်လက်လဲလျောင်းပီး မေမေကြီးပြောတဲ့ ကြယ်တာယာတွေအကြောင်း၊ဇာတ်နိပါတ်တော်တွေ အကြောင်း နားထောင်နေတဲ့ ကျွန်မတို့ ညီအစ်မ ၄ ယောက်ရယ် ပုံ ရိပ်လေးတွေကို လွမ်းဆွတ် တသ စွာဖြင့် ကျွန်မ စာစရေးဖြစ်ပါတော့တယ်။
( ၁ )
(၁၉၈၄ -၁၉၈၅ )
မေမေကြီးက ကွမ်းညှပ်နဲ့ သူ့ကွမ်းယာကို တဂျောက်ဂျောက်မည်အောင် ညှပ်ပြီး ကွမ်းယာကို ပါးစောင်ထဲထည့်လိုက်တယ်။ မေမေကြီးရဲ့ နံ့သာဖြူ ကရက်မက်နံ့လေး သင်းနေတဲ့ ကိုယ်သင်းရနံ့ကို ရှုရှိုက်ရင်း
ဆက်ပြောလာမည့် စကားကို နားစွင့်နေမိတယ်။
"အင်း အဲဒီ ခလေးလေးက သရဏဂုံ အမြဲတည်နေသူဆိုတော့ ဘီလူးကြီး ၂ကောင်မှာ တစ်ကောင်က ခြေထောက်ကိုကိုင်မည်ဟန်ပြင်တာနဲ့ ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊
ဓမ္မံသရဏံ ဂစ္ဆာမိ ၊သံဃံသရဏံ ဂစ္ဆာမိ ဆိုပြီး ရွတ်နေတာပါပဲ။သူ့နှလုံးသားထဲမှာအမြဲ ရှိတော့ လန့်တာတောင်မှ သရဏဂုံ နဲ့လေ။ အဲဒါနဲ့ ဘီလူးကြီးတစ်ကောင်က သူ့ မိဘ ဟန်ဆောင် တစ်ကောင်က ဘုရင့်ပွဲတော်အုပ်ကို သွားယူပြီး ခလေးလေး ကို ကျွေးမွေး ကြရတယ်။ သရဏဂုံတည်တဲ့ အကျိုးကျေးဇူးပေါ့ ကွယ် " ::::🙏🙏🙏
အဲလို ဘုရားနိပါတ် တော်တွေနဲ့ ရင်းနှီးအောင် မေမေကြီးက ညီအစ်မတစ်တွေကို ပုံပြင်လေးတွေနဲ့ ပုံသွင်းပေးခဲ့တယ်။ ညီအစ်မ ၄ ယောက်ထဲမှာ အစားအမက်မောဆုံးက ကျွန်မအောက်က မိကျော့ ပေါ့။
သူက ခေါင်းအုံးပေါ် မေးထောက်ပြီး မေမေကြီးကို လှမ်းမေးတယ်
" မေမေကြီး အဲဒီ ပွဲတော်အုပ်ထဲမှာ ဘာပါလဲတဲ့ "
" အော်ငါ့မြေး နှယ် ဘုရင့်ပွဲတော်အုပ်ပါ ဆိုမှ ဆီဦးထောပတ်တွေပေါ့ ကွယ့် "
" အို သမီးက ဝက်သားမှ ကြိုက်တာ "🐷
" အေးကွယ့် ဘုရား တ ရား သံဃာ သာကိုးကွယ် ဒါန သီလ သာမြဲ ငါ့မြေး စားချင်တာ ရမှာပေါ့ "
" တကယ်လား မေမေကြီး အဲဒါ ဆို အမြဲ ရွတ်မယ် "
အဲ လို ပုံစံမျိုးနဲ့ မေမေကြီးက နှလုံးသားမှာ ဘုရားတည်ပေးခဲ့ပါတယ်။
ကြယ်တာယာ တွေအကြောင်းပြောရမယ် ဆိုရင်တော့ မေမေကြီး ညီအစ်မ ဝမ်းကွဲကလဲ မပါမဖြစ်ပေါ့။ ညမှောင်ပြီဆို ဓာတ်မီးတစ်လက် တောင်ဝှေးတစ်ချောင်း သူ့အချစ်တော် မြေးလေး နဲ့ မေမေကြီးဆီကို ညစဉ်မပျက် ရောက်လာမြဲပါ။ မေမေကြီးက ကြယ်တွေကြည့်ပြီး
" အင်း ဒီနှစ်တော့ ဂွမ်းပချင်း ကြယ် တောင်အစွန်က ကြယ်က ကြယ်အံတယ်အေ့ ။လူလေး ဒီနှစ်တော့ ထန်းတောယာဘက် ပြောင်းကြဲကွယ့် ။"
" ဇီးပင်ယာ မြေပဲ စိုက် ၊တို့ ဒက်ချီးကုန်းကွက်မှာတော့ ဝါ စိုက်ကွယ့် ဝါနီပါ ထည့်ကြဲ ။ ဒီနှစ် တင်မြင့်က ပင်နီ တစ်အုပ်လောက် လိုချင်တယ် ပြောထားလို့ "
စသဖြင့် သူ ဘယ်မြေကွက် ဘယ်လို ထွန်ယက် ဘာစိုက်ပျိုးမယ်ဆိုတာ ကြယ်ကြည့်ပြီးသူ့သားကို မှာတတ်သလို ညီအစ်မ နှစ်ယောက်သားလည်း တိုင်ပင်ဆွေးနွေးတတ်ပါတယ်။
"ဒီနှစ်တော့ မိုးဦးနောက်ကျမယ်၊ မိုးလယ် မိုးနှောင်းကောင်းမယ် ထင်ပါတယ်အမရယ် ။ကျွန်မ သင်္ကြန် စာလည်းဖတ်ထားတယ် ။နောက်နေ့အမ ဖတ်ဖို့ယူခဲ့မယ်။"
" ဟုတ်ပါ့အေ ပူအုံးမယ် နေ့လည်က ငါ ရွာအနောက်ဘက် တလင်းထဲသွားတော့ ပုပ္ပါး တောင်ဘက်လှမ်းကြည့်မိတယ် ပုပ္ပါးတောင် ခမောက်ဆောင်းလို့ အေ့ ။ဒီရက်ပိုင်းနေပူပြင်းအုံးမှာ။"
ဆိုတဲ့ ပတ်ဝန်းကျင်ပြောင်းလဲမှု့ အညာဒေသမို့ ပုပ္ပါးတောင် ခါးပန်းရင် ဘယ်လို တောင်ခမောက် ဆောင်းရင် ဘယ်ပုံ ဆိုတာ ကို လူကြီးတွေက ကြည့်ကြတယ်။
မေမေကြီးကြောင့် ခုနှစ်စဉ်ကြယ် ၊ ဓူဝံကြယ် ၊ လိပ် ၊ ဂွမ်းပချင်း စသဖြင့် များပြားလှစွာသော ကြယ်အမည် ပုံသဏ္ဍန် တွေ နဲ့ ရင်းနီးခဲ့ရတယ်။ နောက်ပြီး မေမေကြီးက ကျွန်မတို့ကို သတ္တိ ခွန်အားပါ ထည့်ပေးခဲ့သေးတယ်။
( ၂ )
" မေမေကြီး သမီးတို့ကန်ဇွန်းကန်မှာ ယ္ခင်တုန်းက ထန်းသမားသေပြီး ဘီလူးကြီး၊သရဲကြီး ဖြစ်နေတယ်ဆို"
"ညည်းဘယ်သူက ပြောတုန်း"
" ဦးဘိုးထိုင်ကပြောတာ ညဆို သူ့တဲဝမှာ ဆောင့်ကြောင့်ကြီးထိုင်နေတယ်တဲ့ ။နေ့ဆိုလဲ အစိမ်းနံ့ ပေးတယ်တဲ့ သမီးကြောက်တယ် တောထဲမလိုက်ရဲဘူး "
မေမေကြီးက ရယ်လျှက်
"ဘိုးထိုင်ကြီး ဘုရားမရှီခိုးပဲ ထန်းရည်သောက်နေလို့ နေမှာပေါ့။
ပြီးတော့ သူကဒီမြေ ပိုင်ရှင်မဟုတ်ဘူးလေ ငါ့မြေးက ဘိုးဘွားပိုင် လာခြောက်လှန်ရင် လက်သီးဆုပ် သေချာကြည့်ပြီး ဒါငါ့မြေ နင့်ကိုနှင်ထုတ်လို့ရတယ် ဘာမှတ်နေလဲလို့သာပြောလိုက် သူတို့ သမီးကိုမခြောက်လှန့်ရဲတော့ဘူး။ နောက်ပြီး သရဏဂုံ အမြဲတည်နေပေါ့ အားရင် နုသတိဆယ်ပါးရွတ်ဖတ်ပွားများ ကြားလား မေကြီးပြောတာ မှတ်ထားနော်"
အဲလို တွန်းအားပေးခဲ့တယ်။
တကယ်ဟုတ်မဟုတ်တော့မသိဘူး။တောထဲ ညနေစောင်း နွားသိမ်းချိန်ရောက်တော့ ဦးလေးက နွားလှန်ထားတဲ့နေရာမှ ခိုင်းနွား နှစ်ကောင်ကိုင်ပြီး ရှေ့ကနေ နွားရေတိုက်ဖို့ သွားတယ် ။
" မပုတို့ နှစ်ယောက် ရဲညွန့် နဲ့ မိုးညိုကို တစ်ယောက်တစ်ကောင်ဆွဲပြီး လိုက်ခဲ့ နွားရေ တိုက်ရအောင် ကြားလား "
ဟုတ် "ဆိုပြီး ကျွန်မ နဲ့ မိကျော့ လယ်ကြီး ကန်ဇင်းလုံး လှန်ထားတဲ့ နွားသိုးနှစ်ကောင်ကို တစ်ယောက်တစ်ကောင်သွားဆွဲကြတာပါပဲ။မိကျော့က ရဲညွန့်ကြီးကို သိပ်ချစ်တာ ။ ကျွန်မကတော့ မချစ်ပေါင် သူက တစ်ခါတစ်လေ ခေါင်းယမ်း ( နွားခွေ့) ချင်တယ်။🐂
လယ်ကြီးကန်ဇင်းကနေ ကန်ဖျားကို နွားရေတိုက်ဖို့ဆိုရင် လယ်ယာတော်တော်များများ ဖြစ်သွားရတယ်။သပွတ်ပင်ယာက အဖြတ် စိမ်းရွှေရွှေ နံ့ ရလာတယ် ။🌴🌿
" အမ အ စိမ်း နံ့ရလား "
ကျွန်မလည်း ရပ်ပြီး လေကိုသေချာရှုရှိုက်လိုက်တယ် " အင်း ဟုတ်တယ် အစိမ်းမလားမသိဘူး"
ဒါမျိုးကြ နှစ် ခါသင်စရာမလို ညီအစ်မ နှစ်ယောက်သား သံပြိုင် သရဏဂုံ ၃ ခေါက်ရွတ်တဲ့ပြီး
" အစိမ်းမ ငါတို့ကိုလာမခြောက်နဲ့ ဒါငါတို့မြေ နေစရာနေရာမရှိဖြစ်သွားချင်လား နှင်ထုတ်လိုက်ရမလား " ဆိုပြီး နွားကြိုးကိုတင်းတင်းဆွဲထား လက်သီးကိုတင်းတင်းဆုပ် မျက်လုံးပြူးပြီး အော်ကြတယ် ။ခဏလောက်ငြိမ်ပြီးတော့မှ
" မိကျော့ အနံ့ရသေးလား "
သူကလည်း လေကို သေချာရှုကြည့်ပြီး
" အစိမ်းနံ့မရတော့ဘူးအမ အ စိမ်းမ ငါတို့ကိုကြောက်သွားပြီထင်တယ်"
ဆိုပြီး ညီအစ်မ နှစ်ယောက် ပျော်ပျော်ပါးပါး ဂုဏ်ယူဝံ့ကြွားစွာနဲ့ ကန်ဇွန်းကန် ဖျားဖက် နွားဆွဲပြီး ချီတက်ကြပါတော့တယ်။
အိမ်ရောက်တော့ အစိမ်းမကို နိုင်ခဲ့တဲ့အကြောင်း မကြောက်တဲ့အကြောင်းကြွားမဆုံးတော့။😊
အဲဒီနောက်မှာတော့ ကျွန်မသည် သရဲ တစ္ဆေ မကြောက်တတ်တော့တဲ့ သူတစ်ယောက်အဖြစ် မေမေကြီးဆီက သတ္တိ အမွေ နှင့် ရတနာသုံးပါးဆည်းကပ်မှု့ အမွေ များ ရခဲ့ပါတော့တယ်။❤️
မေမေကြီးကို ဦးခိုက်လျက် 🙏🙏🙏
Swe Zin
15-5-2020
11:42 AM
ဆွေဇင် ( ထီလာမြေ )
Keep Reading