ရဲဘုန်းသွင်
မင်းသားဗညားနွဲ့ဒဂုံသို့ထွက်ခြင်း
ကောဇာသက္ကရာဇ် ၇၄၅ ခုနှစ်။ နယုန်လဆန်း ၃ ရက်နေ့ညနေခင်းအချိန်။
" ဗျို့ ယောက်ဖတော်၊ အနောက်တောမှာ သမင်ကစားသွားဖို့ လိုက်ဦးမလားဗျို့ "
မင်းသားဗညားနွဲ့ အသံကြားသဖြင့် သမိန်မရူးမှာ အိမ်တော်ပေါ်က ထွက်၍ ကြည့်သည်။ ထူးဆန်းစွာပင် မင်းသားဗညားနွဲ့တို့မှာ ပုံမှန်သွားနေကျ လေးမြှားလက်နက်တို့ဖြင့် လာသော်လည်း မြင်များမပါခဲ့ချေ။ ယခင်အခါများတွင် မလိုက်ခဲ့သော မင်းကန်စီပါ ပါလာခဲ့သော်လည်း ယခင်အခါများလိုက်ပါနေသော အဒေါ့ကုန်းမပါတော့ချေ။
" ကျုပ် ကိုယ်လက် မအီမသာဖြစ်နေလို့၊ ယောက်ဖသာသွားပါ၊ ကျုပ်မလိုက်တော့ဘူး။ ကျုပ်ကျွန် ၅ ယောက်နဲ့ ဆင်လိုရင် ဆင်ယူသွားပါ "
" ကောင်းပါပြီ။ တလဝါငွဲဆင်ကိုယူမယ်။ ယောက်ဖကျွန် ၅ ယောက်ထည့်ပေးလိုက်ပါ။ "
သမိန်မရူးမှာ သူ့ကျွန် မပဂိုးအား အလွန်တရာယုံကြည်သည်။ မပဂိုးမှာ မင်းသားနှင့် သစ္စာရည်သောက်ထားသည်ကို သမိန်မရူးမသိချေ။ ထို့ကြောင့်လည်း မပဂိုးနှင့် လိုက်ပါနေကျ ကျွန်တွေကိုသာ ထည့်ပေးလိုက်သည်။ မင်းသားဗညားနွဲ့တို့ တောကစားထွက်နေသည်မှာလည်း အဆန်းမဟုတ်တော့သဖြင့် သတိမထားတော့ပေ။
မင်းသားလည်း မပဂိုးတို့နှင့်အတူ တလဝါငွဲဆင်ကို စီး၍ သမိန်မရူးအိမ်မှ မြို့ပြင်သို့ ထွက်ခဲ့ကြသည်။ မြို့ပြင်ရောက်သောအခါ ညနေဆည်းဆာအချိန်ရောက်ပြီ၊ အလင်းရောင်ရှိနေသေး၍ အရာရာကို ရှင်းရှင်းလင်းလင်းမြင်နေရသေးသည်။ မြို့ပြင် တောစပ်သို့ ရောက်သောအခါ အနောက်တောသို့ သွားသည့်လမ်းမဟုတ်ဘဲ ဒဂုန်ဘက်သို့ သွားသည့်လမ်းသို့ ဆင်ကို လှည့်လိုက်သည်။ မင်းသားလည်း နောက်တွင်ပါလာသော မပဂိုးအား အသိပေးရန် လှည့်၍ စကားဆိုသည်။
" ဟေ့ မပဂိုး၊ ငါတို့ ဒီနေ့ထွက်တာ တောလည်သွားဖို့ မဟုတ်ဘူး။ ပဲခူးကထွက်ဖို့ဘဲ။ သည်တော့ မောင်မင်း ဘယ်နှယ် ပြုချင်သလဲ "
မပဂိုးမှာလည်း အောက်ဘက်သို့ စုန်သည့်လမ်းကို ဆင်လှည့်ကထဲက ရိပ်မိပြီးဖြစ်၍ အံ့သြမနေတော့ချေ။
" ဘုရားကျွန်တော်မျိုးမှာ၊ အရှင့်သား အခွင့်ပြုလျှင် လိုက်ခဲ့ချင်ကြောင်းပါဘုရား။ သမိန်မရူးက မင်းသားသွားလျှင် သူ့ကိုအရင်လာပြောဖို့နဲ့ မသွားသေးရင် ကြည့်နေဖို့ ဆိုထားပါတယ်။ သမိန်မရူးဟာ မင်းသားတို့ထွက်ကြောင်းကို ကျွန်ုပ်မှတပါး အခြားသူများ ပြောလျှင် ယုံမည်မဟုတ်ပါ။ ကျွန်ုပ်ကလည်း မင်းသားထံ သစ္စာခံပြီးဖြစ်၍ သင်းအမိန့်အတိုင်း ဆောင်မည်မဟုတ်ပါ။ သို့ကြောင့် ကျွန်ုပ်ကိုလည်း လိုက်ပါခွင့်ပြုပါဘုရား "
" အိမ်း သည်လိုဆိုမှတော့ မင်းလိုက်ခဲ့၊ မင်းက ငါ့ထံ သစ္စာခံပြီး ဖြစ်လို့ အထူးပြောဖို့ မလိုတော့ဘူး၊ ငါ့ကတိအတိုင်း အရေးတော်အောင်ရင် မင်းသခင်ဘွဲ့ကို မင်းခံဖို့သာပြင်ထား "
မပဂိုးလည်း မင်းသားနောက်သို့ လိုက်ပါခွင့်ရ၍ ဝမ်းသာသွားသည်။ ဆင်ထက်မှပင် မင်းသားအားဦးချလိုက်သည်။ အနည်းငယ်သွားပြီးသောအခါ ကလိုင်ဆိပ်တွင် အသင့်စောင့်နေသော ဆင်ကဲ မမွန်သောက်နှင့် ဆင်ထိန်းများ၊ ဆင်များကို တွေ့လိုက်ရသည်။ မင်းသားလည်း ဆင်ကဲ မမွန်သောက်နှင့် ဆင် ၅ စီးကို မြင်လျှင် အလွန်ဝမ်းသာသွားတော့သည်။
" အသင့်ဖြစ်ပြီလားဟေ့ "
" အသင့်ပါဘဲ ဘုရား "
အနီးသို့ရောက်သောအခါ ဆင်ကဲများမှာ မင်းသားအားကြို၍ ရှိခိုးကြသည်။ မင်းသားလည်း တလဝါငွဲဆင်ပေါ်မှဆင်းကာ အဓရောင်ဆင်ကိုပြောင်းစီးသည်။ တလဝါငွဲကို သမိန်မရူးကျွန်များအား စီးစေသည်။ ဗဇွဲလမန်ဆင်ကို မမွန်သောက်နှင့် ဘောမွန်စီး၍ အသူရိယဆင်ကို မင်းကန်စီနှင့် မသိုက်တို့ စီးကြသည်။ ဤသို့ဖြင့် ပဲခူးမှ ဒဂုန်သို့ဆုန်ဆင်းကြတော့သည်။
" ဆင်ကဲကြီး၊ မင့်မယားလည်း မမြင်ပါ့လားဟေ့။ "
" ဆင်မနှစ်စီးဖြင့် ရှေ့က သွားနှင့်ပါပြီဘုရား။ ခရီးမတွင်မည်စိုး၍ ရှေ့ကစေလိုက်ကြောင်းပါဘုရား "
" အေး...ကောင်းပေသားပဲ "
ဆင်ကဲကြီး၏ ဆင်သည်ရှေ့မှသွားပြီး မင်းသားတို့နောက်မှလိုက်ကြသည်။ အနောက်ဘက်အရပ်တွင် မျက်ခုံးကဲ့သို့ လှပသော လဆန်း ၃ ရက်လသည်လည်းထွက်ပေါ်လာပြီ။ မနီးမဝေးတွင် စိန်ပွင့်ကဲ့သို့ တောက်ပနေသော သောကြာကြယ်ကိုလည်း မြင်တွေ့နေရပြီ။ တပြ၊ နှစ်ပြခန့် သွားပြီးသောအခါ ဆင်ကဲကြီး၏ သားမယားတို့ဆင်ကို မှီလာခဲ့လေသည်။ ဆင်ကဲလည်း ဆင်ခြင်းကပ်၍ သူ့၏ သားငယ်ကို သူစီးသောဆင်ထက်သို့ တင်ပြီးရင်ခွင်ထဲတွင်ထည့်ကာ သားငယ်မေးသမျှကို မငြီးမငြူ ဖြေနေရှာသည်။
ဆင်ကဲမမွန်သောက်တို့ သားအဖကိုကြည့်၍ မင်းသားမှာ မိမိငယ်ဘဝကို သတိရမိသည်။ မိမိငယ်ဘဝသည်ကား ထိုသို့မဟုတ်၊ မိခင်မှာ လူလားမမြောက်မှီကပင် ဆုံးပါးသည့်အပြင် ဖခင်မေတ္တာလည်းမရခဲ့။ ဖခင်နှင့် ဆော့ကစားရန်ပြောလျှင် အကြိမ်ကြိမ်ငြင်းပယ်ခံခဲ့ရသည်။ ဖခင်နှင့် ညီတော်ဘောငန်မုံတို့ ဆော့ကစားနေသည်ကို ကြည့်၍ အကြိမ်ကြိမ် မျက်ရည်ကျခဲ့ဖူးသည်။ ထို့ကြောင့်လည်း အရီးတော်မဟာဒေဝီ၊ မိထွေးတော် မွေ့အဲလော၊ အဒေါ့ကုန်းတို့၏လက်တွင် ကြီးပျင်းခဲ့ရသည်။ ခမည်းတော်မှာကား မေတ္တာမရှိသည့်အပြင် မိမိနှင့် တလမေဒေါတို့ ဒဂုံကိုပြေးစဥ်က သားအရင်ကိုပင် အပြစ်သားကဲ့သို့ ဖမ်းစီးတုပ်နှောင်၍ အကျဥ်းခဲ့ဖူးသည်။ အရီးတော်ကျေးဇူးကြောင့်သာ လွတ်လပ်ခွင့်ရခဲ့ရသည်။ ခမည်းတော်မှာ ခြေသုတ်၍ ကြိုဆိုသည်ကိုပင် မိမိခြေသုပ်ပေးသော ပုဝါကို မနင်း၊ ကျော်၍သာသွားသည်။ သားအရင်းဖြစ်လျက် အဘယ်ကြောင့် ထိုသို့ မေတ္တာမရှိသည်ကို မိမိလည်းမသိချေ။ မိမိပိုယ်တိုင်လည်း ခမည်းတော်ကိုမခင်တွယ်၊ အရီးတော်ကိုသာပို၍ ခင်တွင်သည်။
အရီးတော်မှာလည်း ငယ်စဥ်ကကဲ့သို့ မဟုတ်တော့၊ တူမတော်ယောက်ကျားနှင့် မအပ်ရာသည်ကိုပြုနေကြသည်။ တခါသော်ရေကစားကြရာ မဟာဒေဝီက သမိန်မရူးကို ထုံးအပြည့်ထည့်ထားသော ကွမ်းယာကိုကျွေးသည်။ သမိန်မရူးစား၍ ထုံးပေါက်သည်ကို မြင်လျှင် သဘောကျ၍ ရယ်မောနေသည်။ ၎င်းကို မိမိရော၊ တလမေသီရိ၊ တလမေဒေါ၊ ဘောငန်မုံ၊ မညီကံကောင်းတို့အားလုံးသိကြသည်။ အရီးတော်သည်ကား တူမယောက်ကျားနှင့် ဖောက်ပြား၍ တူအရင်းကိုပင် သတ်ရန် ဝန်မလေးတော့ပေ။ မင်းသားပါးပြင်တွင် မျက်ရည်စများ စီးကျလာသည်ကို အခြားသူများမမြင်စေရန် ကပြာကယာသုတ်လိုက်သည်။ ညအချိန် အမှောင်ထဲတွင် သွားနေရ၍ ခရီးသိပ်မတွင်ချေ။ သို့သော် မနက်အာရုံတက်ချိန်ရောက်သောအခါ ဟံသာဝတီနယ်နိမိတ်ကိုလွန်၍ ခရီးတဝက်ပင်ကြိုးလုပြီ။
~~~~~~~~~~~~~~~~
ဟံသာဝတီနန်းတော်အတွင်းတွင် သမိန်မရူးတယောက်မှာတော့ မဟာဒေဝီအဆောင်မှပြန်လာပြီး ဗျာများနေတော့သည်။ အကြောင်းမှာ မင်းသားဗညားနွဲ့ရော သူ့ကျွန်မပဂိုးပါ သန်းခေါင်ကျော်သည်အထိ ပြန်ရောက်မလာသေးသောကြောင့်ဖြစ်သည်။ ပုံမှန်ဆိုလျှင် သက်ငယ်ခေါင်းချချိန် ပြန်ရောက်လာမြဲဖြစ်သည်။ အလွန်နောက်ကျသော်မှ သက်ကြီး ခေါင်းချချိန်အထိ သာဖြစ်သည်။ ယခုအခါ သန်းခေါင်ကြက်တွန်သည့်တိုင် ပြန်ရောက်မလာကြသေးချေ။ ညဥ့်ဦးပိုင်းတွင် မင်းသားဗညားနွဲ့ ပြန်မလာသေးသဖြင့် မပဂိုးပြန်မရောက်သည်ဟု ထင်ကာ စောင့်ခဲ့သည်။ သို့သော် ယခုအချိန်အထိ မည်သူမှ ပြန်မလာကြသေးချေ။
သမိန်မရူးမှာ နေမထိထိုင်မသာဖြင့် အိပ်မပျော်နိုင်ဖြစ်နေပြီး ကျွန်တစ်ယောက်အား မင်းသားအိမ်တော်သို့ သွားကြသည့်စေသည်။ အိမ်တော်တွင်လည်း လူရိပ်လူယောင်မတွေ့ တိတ်ဆိတ်နေသည်။ သမိန်မရူးမှာ မင်းသားဗညားနွဲ့ ပဲခူးမှ ထွက်သွားမည်ကို စိုးရိပ်လာသည်။ ထိုသို့ထွက်သွားပါက မိမိဆင်ရော၊ မိမိစောင့်ကြည့်ခိုင်းထားသူပါ ပါသွားသဖြင့် အရှက်ရစရာ ဖြစ်ရတော့မည်။ မင်းသားဗညားနွဲ့ပြေးသည်ထက် စောင့်ကြည့်ခိုင်းသူရော၊ ဆင်ပါ ပါသွားသည့်အတွက် မိမိအရှက်ရမည်ကို ပို၍ ကြောက်နေသည်။ ညဉ့်ဗဟို သုံးချက်တီးသည်အထိ မင်းသားတို့ ပြန်ရောက်မလာသေး၍ အာရုံတက်ချိန်တွင် သမိန်မရူးသည် အကျိုးအကြောင်းပြောရန်အတွက် မဟာဒေဝီအိမ်သို့ ကျွန်တချို့နှင့် သွားတော့သည်။ သမိန်မရူးမှာ တညလုံးလည်း တရေးမျှ မအိပ်ရသေးချေ။
" မဘုရား.... မဘုရား... "
သမိန်မရူး၏ အော်ဟစ်နိုးနေသောအသံကြောင့် ကိုယ်လှုပ်တော်များနိုးလာပြီး မဟာဒေဝီအား နိုးပေးကြသည်။ မဟာဒေဝီလည်း အချိန်မတော် သမိန်မရူးရောက်သည်ကို ထောက်ချင့်၍ အကြောင့်တစုံတခု ထူးပြီဟု ယူဆကာ အလျင်အမြန်ထ ကိုယ်လက်သန့်စင်ပြီး ထွက်လာခဲ့သည်။ အိမ်တော်ရှေ့ရောက်လျှင် အလွန်အမင်းစိုးရိမ်ပူပန်နေသော သမိန်မရူးကို မြင်လိုက်၍ မဟာဒေဝီပါ စိုးရိမ်ပူပန်သွားတော့သည်။ သမိန်မရူးမျက်နှာမှာ မျက်တွင်းကျ၍ နေလောင်ထားသော ပန်းကဲ့သို့ ညှိုးနေလေသည်။
" ဘဇာ အရေးလဲ မရူးငယ်၊ မဟုတ်မှလွဲရော အပသုန်ပြေးပြီလား "
" ပြေးပြီလား မသိပါဘူးဘုရား၊ ညနေကထဲက တောကစားထွက်သွားတာ ခုချိန်ထိ ပြန်မရောက်သေးပါဘူး၊ ဒီလိုပြန်မလာပုံထောက်ရင် ပြေးပြီထင်ပါ့ဘုရား "
သမိန်မရူးမှာ ဒေါသဖြစ်နေသော်လည်း စကားပြောနေသော လေသံကား အားအင်ပြတ်လပ်နေသည်။
" မင်းပြောတဲ့ စောင့်ကြည့်ခိုင်းတဲ့လူကရော "
" ကျွန်ငါးယောက်ပါ ပြန်ရောက် မလာပါဘူးဘုရား။ ဆင်တကောင်ပါ ပါသွားပါသေးတယ် "
အသေအချာ စောင့်ကြည့်ရန်ပြောသည့်ကြားမှ ကျွန် ၅ ယောက်ရော ဆင်တကောင်ပါ ယူသွားသည်ကို ယခုမှလာရောက်ပြောသည့်အတွက် မဟာဒေဝီမှာ အလွန်ဒေါသထွက်သွားသည်။
" မင်းနှယ် ပြန်မလာတာကို ညဥ့်ဦးယံကထဲက ဘဇာကြောင့် လာမပြောသလဲ။ အပသုန် ဆင်နဲ့လာတိုက်မှ ပြောမလို့လား "
" ဟာ အမတော်ရယ်၊ မဦးမချွတ်၊ ကျုပ်လည်း ဒီကောင်ပြေးရင် ကျုပ်ကျွန်တွေ လာပြောမှဘဲ။ ပြန်မရောက်သေးဘူးလို့သာ ကျုပ်ကိုမပြောတာလို့ ကျုပ်လည်းတင်တာပေါ့။ ပြေးမှန်းသိရင်တော့ ကျုပ် ညနေထဲက လိုက်တာပေါ့ "
သမိန်မရူးမှာ အပသုန်လာတိုက်မည် ဆိုသော မဟာဒေဝီစကားကို ထိတ်လန့်သကဲ့သို့ အနာပေါ်တုတ်ကျသကဲ့သို့ ဆတ်ဆတ်ခါအောင် နာနေသည်။
" ခုတော့ ကောင်းသေးလား၊ ကျွန် ၅ ယောက်လည်းပါ။ ဆင်တကောင်ပါ အဆစ် ထည့်ပေးလိုက်သေးတယ်။ မင်းကတော့ သူခိုးဓားရိုးကမ်း ဆိုသလိုပဲ၊ ဒီပုံသာဆို ဘယ်နှယ်လုပ် မင်းလုပ်ပါ့မလဲ။ "
မဟာဒေဝီ၏ ပြစ်တင်ကျိန်းမောင်သည့်စကားတို့ သမိန်မရူးဘာမျှပြန်မပြောနိုင် ခေါင်းငုံ၍သာ ငြိမ်ခံနေရှာသည်။
မဟာဒေဝီနောက်တွင် ပါလာသော မွေ့ကေသာမှာလည်း မဟာဒေဝီနှင့် သမိန်မရူးတို့ စကားကိုထောက်၍ မင်းသားဗညားနွဲ့ပြေးမှန်း သိလိုက်သည်။ သူ့သခင်မ တလနေဒေါရော ပါသွားမည်လား၊ သို့မဟုတ် ကျန်ခဲ့မည်လား။ လမ်းခရီးသည်ဘေးကင်းပါ၏လား၊ လိုရာသို့ အမြန်ရောက်ပါမည်လား အတွေးပေါင်းစုံတို့ ခေါင်းထဲစုပြုံဝင်လာပြီး ပူပန်သောကဖြစ်သွား၏။
" အပသုန်အိမ်ကိုသာ ထပ်ပြီး အရိပ်အခြေ သွားကြည့်ချေဦး။ မိုးသောက်လို့မှ ပြန်မလာရင် ငါကိုယ်တိုင် မောင်တော်ဘုရားဆီ ဝင်လျှောက်မယ် "
ယခင်ဆိုလျှင် မဟာဒေဝီအိမ်တွင် မပြန်တမ်းနေတတ်သော သမိန်မရူးမှာ မဟာဒေဝီစကားအဆုံး၌ ချက်ချင်းလှည့်ပြန်သွားလေသည်။
မနက်မိုးသောက်သည်အထိ မင်းသားပြန်ရောက်မလာသည့်အတွက် မဟာဒေဝီရော သမိန်မရူးပါ ညီလာခံမစတင်ခင်ကပင် မင်းတရားရှိရာနန်းဆောင်သို့ အခစားဝင်ကြသည်။ သုရှင်သည် အာခံတွင်းရှိ အနာကြောင့် ညီလာခံပုံမှန်မတက်နိုင် ရှိနေပြီး နန်းတွင်းသမားတော်နှင့်သာ မပြတ်ကုသနေရသည်။ မဟာဒေဝီနှင့် သမိန်မရူးတို့ နန်းဆောင်အတွင်းဝင်၍ မင်းသားဗညားနွဲ့ပြေးကြောင်း သံတော်ဦးတင်ကြသည်။ မဟာဒေဝီမျက်နှာမှာ တင်းမာခက်ထန်လျက် မဲညိုနေတော့သည်။ သမိန်မရူးမှာလည်း မျက်မှောင်ကြုံ့လျက် အရာရာကို စားတော့ ဝါးတော့မည့်အလား မှတ်ရသည်။
" တနေ့ အပျက်ပြုမယ့်ကောင်လို့ ကျုပ်မပြောလေသလော အမတော်ရယ်။ အပသုန်မှာ ကျုပ်သားပင်ဖြစ်သော်ငြား ဆံလည်းကြမ်း၊ မျက်ဆံလည်းပြူး၊ ကိုလည်းကြမ်းသည်။ ရက်စက်မယ့်သူ၊ ဒီကောင်သာ နန်းရရင် မလွယ်ဘူးမှတ် "
သုရှင်၏အသံမှာ ရာဇမာန်ပါသည်ထက် ငြီးငြူသည့်ပုံစံပေါက်နေသည်။
"ရှိပါစေတော့ မောင်တော်ရယ်၊ ခုတော့ အပသုန် ဒဂုံပြေးတာကို အမတော်တို့ ဘယ်လိုလုပ်ရမလဲ "
" လိုက်ဖမ်းရမှာပေါ့ အမတော်ရဲ့၊ ချက်ချင်း ညီလာခံခေါ်စမ်း၊ ကျုပ်ကိုယ်တိုင် ထွက်တော်မူမယ် "
သုရှင်၏ ရာဇသံမှာ ပြင်းထန်လွန်းလှသည်။ အခြေအနေကို ရိပ်စားမိသော သံတော်ဆင့်၊ နာခံတော်တို့လည်း ညီလာခံအတွက်ပြင်ဆင်ရန် နန်းဆောင်ပြင်သို့ အပြေးအလွှားသွားကြသည်။
" ဒါနဲ့ ကျုပ်သမီးတော် တလမေဒေါရော ပါသွားရော့လား "
" မပါပါဘူးဘုရား "
မင်းသားအိမ်သို့ အကြိမ်ကြိမ်သွားကြည့်ထားသော သမိန်မရူးကဝင်၍ဖြေသည်။
" ဒါဖြင့် သမီးတော်တလမေဒေါကို အခစားဝင်ဖို့ အမြန်ခေါ်စမ်း "
နာခံတော်ကြီးမှာ မင်းသမီးအားခေါ်ရန် နန်းဆောင်ပြင်သို့ ပြာယီပြာယာဖြင့် ထွက်သွားလေသည်။ မကြာမှီ တလမေဒေါ အခစားရောက်လာတော့သည်။
နန်းဆောင်အတွင်း မျက်နှာတင်းမားနေသော အရီးတော်၊ မုန်သုန်နေသော သမိန်မရူးတို့ကို မြင်၍ မိမိလင်တော်မောင် ဒဂုန်သို့ထွက်သည့်အကြောင်းကို သိသွားကြလောက်ပြီဟု ယူဆလိုက်သည်။ ထို့နောက် ခမည်းတော်အား ဦးချကာ သလွန်တော်ခြေရင်းတွင် ထိုင်လေသည်။ သုရှင်မှာလည်းသမီးတော်ရောက်သဖြင့် သလွန်တော်ပေါ်မှ ထဖို့ရာကြိုးစားသည်။ မထနိုင်သဖြင့် ကိုယ်လှုပ်တော်နှစ်ယောက်က တွဲ၍ထူပေးလိုက်ပြီး ကျောနောက်တွင် မှီအုံးခံကာ မှီ၍ထိုင်စေသည်။ နန်းဆောင်အတွင်းတွင် အမွှေးရနံ့အစား ဆေးဝါးတို့အနံ့ကသာ ကြီးစိုးနေသည်။
" အပသုန်သွားတာကို ညည်းမသိသလော။ ဘဇာကြောင့် ငါ့ကို စောစောလာမလျှောက်လဲ "
တလမေဒေါမှာလည်း မှန်ရာကိုလျှောက်ပါက မိမိအသက်ကိုပါ ရန်ရှာခံရမည်ကိုသိသဖြင့် လိမ်ညာ၍ ဖြေရန် ချက်ချင်းအကြံရသည်။
" မောင်တော်ဗညားမှာ သမီးတော်ကို သားမယားမမှတ်၊ လင့်ဝတ်တရား မကျေသည်မှာ ကြာပါပြီဘုရား။ သို့ကြောင့် သူလုပ်ကိုင်သမျှ သမီးတော်လည်း မသိရ၊ အိမ်တော်သို့လည်း ပြန်၍ မအိပ်သည်က များပါတယ်ဘုရား။ "
" ဟယ်...ညည်းလင်မကောင်းတာကို စောစောကလာလျှောက်မှပေါ့ "
တလမေဒေါ၏ အဖြေကို မဟာဒေဝီက မနေနိုင်သဖြင့် ဝင်ပြောလေသည်။ တလမေဒေါမှာ မျက်နှာငယ်နှင့်ပြောနေသည်ကို မဟာဒေဝီယုံသွားဟန်တူသည်။
" လျှောက်ချင်သည်ပါ့ အရီးတော်ဘုရားရယ်။ သို့သော်လည်း ခမည်းတော်ဘုရားက ဤသို့မကျန်းမာသည်ကို သိလျက် ခမည်းတော် ပူပန်သောကရောက်ရမည်လည်း စိုးလှ၍ ရွှေနန်းတော်တက်ပြီး မလျှောက်ဝံ့ပါဘုရား "
" အိမ်း မိုက်လိုက်လေ၊ ရိုင်းလိုက်လေ။ သင်းမှာ ကျုပ်သား မဟုတ်တော့။ သူပုန်သာဖြစ်ချေပြီ..... ဟင်း..... "
မင်းတရားမှာ သလွန်တော်အားကျောမှီလျက် သက်ပြင်းရှည်ကြီးချကာ ငြီးတွားနေတော့သည်။ တလမေဒေါမှာတော့ သူပုန်ဟုကြားလိုက်သဖြင့် မိမိမောင်တော်အား လိုက်လံတိုက်ခိုက် ချေမှုန်းတော့မည်ကို စိုးရိမ်သွားသည်။
" ကိုင်း ညီလာခံမှဘဲ အမတ်ကြီး ဇိပ်ဗြဲတို့နဲ့ တိုင်ပင်ပြီး ငမိုက်သား အရေးကို ဆွေးနွေးကြတာပေါ့။ "
ဆင်ဖြူရှင်မင်းတရားမှာ ဝေဒနါကို ရာဇမာန်ဖြင့် တင်းခံနေရရှာပြီး ယခင်အခါများကဲ့သို့ ဒေါသချောင်းချောင်းထွက်သည့်ပုံ မဟုတ်တော့ဘဲ ငြီးတွားနေသည့်ပုံသာ ဖြစ်နေတော့သည်။
အပိုင်း ၃၄ ဆက်ရန်
#ရဲဘုန်းသွင်
Telegram မှာလည်း စာဖတ်လို့ ရပါပြီဗျ။
https://t.me/yebhonethwin
#ဗညားနွဲ့ #သမိန်မရူး
#မဟာဒေဝီ
#အပိုင်း၃၃
#ဟံသာဝတီနေထွက်ချိန်
#TheSunriseofHANTHARWADY
Keep Reading