ရဲဘုန်းသွင်
ဗညားနွဲ့နှင့် မပိုင်ဆရာတော်
" အလောင်းများကို သဂြိုလ်လိုက ကျုပ် ခွင့်ပြုတယ်။ သို့သော် သူတို့ကိုယ်မှာ ဝတ်ဆင်ထားတဲ့ ရွှေငွေ လက်ဝတ်လက်စားတွေကို ချွတ်ယူပြီး ကျုပ်ကျွန် ၃၀ ကိုပေးပါ။ သေသူတို့မှ ကျန်ခဲ့တဲ့ ဇနီးမယား၊ သမီးသားတို့ကို မည်သူမျှမထိပါးရ။ ကျန်ရစ်သူတို့၏ ဥစ္စာပစ္စည်းတို့ကိုလည်း မထိပါစေနဲ့ "
" အမိန့်တော်အတိုင်း ဖြစ်စေရပါမည်ဘုရား "
က္ကတြပသုန်ဓမိတ်လည်း အလောင်းတို့ရှိ လက်ဝတ်လက်စား ရွှေငွေတို့ကို ချွတ်ယူကာ မင်းသား၏ ကျွန် သူရဲ ၃၀ တို့အား ဝေပေးလေသည်။ သူရဲတို့လည်း မင်းသားချီးမြင့်ပေးသော ရွှေငွေတို့ကိုရ၍ ပျော်ရွှင်နေကြလေသည်။ ထို့နောက် အလောင်းတို့အား အိမ်တော်ပေါ်မှ သယ်ယူကာ သဂြိုလ်လိုက်ကြသည်။
ထိုအခါ အိမ်တော်ပေါ်တွင် မဟာဒေဝီ၏ ကျွန်များကို သတ်ခဲ့သောသွေးကွက်များစွာ ကြည့်မကောင်းအောင်ပင် ပေကျံနံစော်လျက် ကျန်ခဲ့တော့သည်။ ၎င်းကို မင်းသားကျွန် မသင်က မဂ်လာအိမ်တော် ဆောက်ခွင့်ပြုရန် တောင်းဆိုသည်။
" အရှင့်သားဘုရား။ ဤစံအိမ်သည် ကျွန်တို့၏ သွေးများပေကျံနေ၍ အိမ်တော်အသစ် ဆောက်လုပ်ခွင့်ပြုပါဘုရား "
မင်းသား၏ တုံပြန်ပုံကား ထိန်လန့်ကြောက်ရွံ့ဖွယ်ပင်။
" သွေးရှိတော့ ဘဇာဖြစ်သလဲ။ မောင်မင်းတို့ မိန်းမတွေရဲ့ သွေးတွေရော မင်းတို့အိမ်မှာ တလတခါ မပေဘူးလား။ သွေးပေလို့ မင်းတို့ အိမ်သစ်ဆောက်ဖူးသလား။ ဒီသွေးတွေ ဒီအတိုင်းရှိစေ။ ဒီသွေးမြင်တိုင်း ငါ့အမိန့်ကို အာခံချင်သူတွေ ဒီအတိုင်းဖြစ်ရမယ်ဆိုတာ သိအောင်ထားလိုက် "
" မှန်ပါ့ဘုရား "
မင်းသား၏ ကြမ်းတမ်းစွာ တုံ့ပြန်လိုက်သဖြင့် မဂ်လာအိမ်တော် ဆောက်မည့် အကြံလည်း ပျက်ခဲ့ရသည်။
နောက်တနေ့မနက်တွင် မင်းသား၏ အိမ်သို့ မပိုင်ဆရာတော် ကြွလာလေသည်။ ဆရာတော်သည် အိမ်တော်ပေါ်သို့ တက်လာသည်နှင့် သွေးကွက်တို့ကို မြင်သဖြင့် ရှောင်ကွင်းသွားခဲ့ရသည်။ မင်းသားလည်း ဆရာတော်အား လှူဖွယ်ဝတ္တုတို့ ဆက်ကပ်ပြီး စကားစမည်ပြောကြသည်။
" မင်းသား၊ ဒဂုန်ကိုလာည်မှာ ခမည်းတော်မင်းတရားကို ပုန်ကန်သည်လော "
" ခမည်းတော်ဘုရားကို ပုန်ကန်လို၍ ထွက်လာသည်မဟုတ်ပါဘုရား။ အရီးတော်နဲ့ ယောက်ဖတော်က ကျွန်ုပ်ကို မနေနိုင်အောင် ကြံကြလို့ ထွက်လာခဲ့ရပါတယ် ဘုရား။ "
နေ့လည်ကင်းတွင်မူ တောတွင်းမှ ခြသေ့်တကောင်ကဲ့သို့ ခက်ထန်ကြမ်းကြုတ်ခဲ့သော မင်းသားမှာ ဆရာတော်နှင့်တွေ့သည်အခါ ခြေသုတ်ပုဆိုး မြွေဆွယ်ကြိုးသည့်နှယ့် ယုန်ငယ်ပမာ ငြိမ်ဝမ်နေသည်။
" ဒါဆို၊ အရှင့်သားက ဟံသာဝတီထီးနန်းကို မသိမ်းတော့ဘူးလား "
" ကျုပ် အရီးတော်နဲ့ ယောက်ဖတော်ဟာ တူနှင့် အရီး ဆက်ဆံရေး မဟုတ်တော့ဘဲ၊ လင်နဲ့မယားကဲ့သို့ ဖောက်ပြားနေကြပါတယ် ဘုရား။ ဒီလို တရားမစောင့်သူတွေ လက်ထဲကိုတော့ ဟံသာဝတီပြည်ကြီးကို ဘယ်နည်းနှင့်မျှ မပေးနိုင်ပါ။ သို့ကြောင့် ကျွနုပ်ခမည်းတော် မရှိလျှင်တော့ သည်ထီးနန်းကို မုချသိမ်းရပါလိမ့်မယ် ဘုရား "
မပိုင်ဆရာတော်လည်း မင်းသားအဖြေကို သဘောကျသဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်ကာ စဥ်းစားလျက် ကွမ်းတယာကို ယူ၍ ဝါးလိုက်သည်။
" ဆရာတော်ကရော့ သူ့လူလား၊ ကျွန်ုပ်လူလား ဘုရား "
ထင်မှတ်မထားသော မေးခွန်းကို အမေးခံရသဖြင့် မပိုင်ဆရာတော်သည် အံ့အားသင့်သွားပြီးမှ မင်းသားအမေးကို သဘောကျကာ မင်းသားကိုကြည့်၍ ပြုံးသည်။
" အရှင်မင်းသား။ သံဃာဟူသည် သုပ္ပဋိပန္နော၊ ဥဇုပ္ပဋိပန္နော၊ ဉာယပ္ပဋိပန္နော၊ သာမီစိပ္ပဋိပန္နော ဆိုတဲ့ တရားကို ဖြောင့်မှတ်၊ မှန်ကန်၊ လျှော်ညီပြီး၊ ရိုသေခံထိုက်အောင် ကျင့်ရမည်မဟုတ်လား။ မြတ်စွာဘုရား ရှင်တော်မြတ်ရဲ့ တရားဓမ္မတွေကို လက်ကမ်းဆောင်ခဲ့သလို လောကဓမ္မတွေကိုလည်း သွန်သင်ညွှန်ပြလိုက်နာတဲ့သူ ဖြစ်ပါတယ်ဘုရား။ သို့ကြောင့် ကျွန်ုပ်သည် တရားမစောင့်သူဘက်၌ နေမည်ဟု မင်းသားထင်သလော "
"မထင်ပါဘုရား "
မင်းသား၏ အမေးစကားကို အမေးစကားဖြင့် တုံ့ပြန်၍ဖြေသော မပိုင်ဆရာတော်ကို မင်းသားလည်း သဘောကျသွားပြီး ဦးသုံးကြိမ်ချ ကန်တော့လိုက်သည်။ ထိုအချိန်မှစ၍ မင်းသားနှင့် ဆရာတော်မှာ ဆရာဒကာရင်းပမာ တိုင်းရေးပြည်ရာများ၊ လောကီ၊ လောကုတ္တရာ ကိစ္စများတွင် တိုင်ပင်ဆောင်ရွက်လေတော့သည်။
နောက်တနေ့ မနက်သို့ ရောက်သောအခါ မင်းသားမှာ အဓရောင်ဆင်ကိုစီးလျက် မင်းကန်စီ၊ ဘောမွန်တို့ကိုခေါ်၍ မြို့တွင်းလှည့်လည် ကြည့်ရှု့ရင်း ဒဂုံဆံတော်ရှင်ကို ဖူးကြသည်။ ထိုသို့ မြို့တွင်းထွက်စဥ် အမိန့်တော်လည်း ပြန်သည်။
" ဆင်ဖြူရှင် မင်းတရား၏ သားတော် မင်းသားဗညားနွဲ့ အမိန့်တော်မှတ်သည်ကား ဒဂုန်ပြည်သူမှန်သမျှတို့သည် တဦးကို တစ်ဦးကား ဘေးအန္တရယ်မပြုရ။ တစ်ဦး၏ ပစ္စည်းကို အပ်တိုတချောင်း၊ ကောက်ရိုးတစ်ပင်မျှပင် လုယူခြင်း ခိုးဝှက်ခြင်း မရှိစေရ။ ကျူးလွန်ပါက ကြီးလေးသော အပြစ်ဒဏ်ကို စီရင် ခံရမည်။အမိန့်တော်........ "
" ဒူ........"
မင်းသား၏ အမိန့်တော်အား အမှုထမ်းတစ်ဦးမှ အသံအောင်အောင်ဖြင့် အော်ဟစ်ပြီးသည်နှင့် မောင်းကို ထမ်းထားသောသူများသည် ကြေးမောင်းကို အားပါးတရ ထုချလိုက်လေသည်။ မြို့တွင်း၌ မိန့်တော်မှတ်သည့်အသံ မောင်းကြေးနင်းခတ်သံများ ပဲ့တင်ထပ်နေတော့သည်။ မင်းသားကြွရာ လမ်းတလျှောက်တွင် မြို့သူမြို့သားတို့မှာ လမ်းဘေးသို့ဆင်း၍ မင်းသားကို ရှိခိုးကြ၊ ဖူးကြသည်။ ဈေးရောင်းသူများ၊ ကုန်သည်များ၊ အရပ်သူ အရပ်သားအားလုံးတို့ မင်းသားကို ဖူးကြရလေသည်။
" ဟဲ့တော်ရေ။ ဘုရင့်သားသာဆိုတယ်။ ဖြူဖြူနုနုလူပျော့ မဟုတ်တော့ဘူးတော့။ အားကောင်းမောင်းသန် ယောက်ကျားကြီးအေ့ "
" လူပျော့ မဟုတ်လို့လည်း ဒဂုန်ထိလာပြီး ပုန်စားဝံ့တာပေါ့ တော့ "
" အော် အမိတို့ မင်းသားကလည်း ရုပ်ရည်က သာမန် စစ်သည်လိုပါပဲကွာ၊ ချောလည်းမချော၊ လှလည်းမလှပေါင် "
" ဟယ် ဒီအဖိုကြီးကလည်း၊ မင်းသားအမှုထမ်းတွေကြားရင် ဇက်ပြုတ်တော့မယ်။ ဟိုကလက်ရဲ ဇက်ရဲတွေချည်းပဲတော့၊ ဟို မဟာဒေဝီ့ ကျွန်တွေတောင် အကုန်သတ်ပစ်လိုက်တာ "
အမျိုးသမီးငယ်က ငေါက်လိုက်တော့မှ အဘိုးအိုမှာ အသံတိတ်သွားတော့သည်။ လမ်းဘေးရှိ ဒဂုန်သူများ မင်းသားကို မြင်ရ၍ အတင်းတုတ်နေကြခြင်းဖြစ်သည်။ မင်းသားနောက်မှလိုက်သော ဘောမွန်တို့ ကြားကြသော်လည်း မကြားဟန်ပြုကာ ကျော်သွားကြလေသည်။
တခုသော ဈေးသို့ အရောက်တွင် မင်းသားသည် တစုံတရာကို စူးစူးစိုက်စိုက်ငေးကြည့်နေသဖြင့် မင်းကန်စီလည်း မင်းသားကြည့်သည့်နေရာကို လိုက်၍ကြည့်လိုက်သည်။ မင်းကန်စီမှာ ကြည့်လိုက်သည်နှင့် အဘယ်ကြောင့် မင်းသားထိုသို့ ငေးမောရသည်ကို ကောင်းစွာ သိလိုက်သည်။ မြင်ရသော မြင်ကွင်းမှာ မင်းသားငေးလျှင်လည်း ငေးရက်စရာပေ။ ဒဂုန်သူ ဆီသည်မကလေးတစ်ဦး၊ သူ၏ ရှေ့တွင်ချထားသော ဆီအိုး၊ ဆီခွက်၊ ချိန်ခွင် အလေးတို့သာ မရှိပါက မည်သူမှ ဆီသည်ဟု ထင်ကြလိမ့်မည်မဟုတ်။ မြို့စားမင်း၏ သမီးတော်တစ်ပါး၊ သို့မဟုတ် ဇင်းမယ်သူ အပျိုချောတစ်ယောက်ဟုပင် ထင်ကြလိမ့်မယ်။
ခပ်သွယ်သွယ်မျက်နှာပေါက်နှင့် လိုက်အောင် သေးသွယ်ကော့ညွတ်သော မျက်ခုံး၊ စူးရှတောက်ပသော မျက်လုံး၊ မျက်ဖန်၊ နှာတံပေါ်ပေါ်နှင့် ဟံသာဝတီသားတို့ ကိုင်ဆောင်သော လေးကိုင်းကဲ့သို့ လေးကိုင်းသဏ္ဍာန် နှင်းဆီဖူးရောင် နှုတ်ခမ်းမွှာတစ်စုံတို့ဖြင့် ဆံထုံးကို ခပ်မြင့်မြင့်ထုံးထားပြီး ပန်းတချို့ကိုလည်း ပန်ထားသည်။ ဖြူဝင်းသော အသားအရေ၊ သွယ်လျသော ကိုယ်လက်တို့ဖြင့် မွန်စကားကိုသာပြော၍ ဆီရောင်းမနေပါလျှင် မြင်သူတိုင်းက ဇင်းမယ်မင်း၏ သမီးဟု မုချထင်ကြလိမ့်မည်။ ထိုဆီသည်မလေးနှင့် တော်တော်လှမ်းလှမ်းရောက်မှ မင်းသားအကြည့်တို့သည် ဆီသည်မလေးဆီမှ မတတ်သာ၍ ခွာခဲ့ရသည်။ ထို့နောက် နေထန်းတဖျားရှိသည့်အခါ မြို့တွင်းလှည့်လည်ပြီးသည်မို့ စံအိမ်တော်သို့ ပြန်ခဲ့ကြသည်။
အိမ်တော်သို့ ပြန်ရောက်သောအခါ မင်းသားဆင်ပေါ်ကဆင်းသည်နှင့် က္ကတြပသုန်ဓမိတ်သည် ဗဒုမ္မာကြာပန်းငါးပွင့်ကိုကိုင်၍ စောင့်ကြိုနေသည်။ နံဘေးတွင်လည်း ဒဂုန်မြို့၏ သူဌေးကြီး ဘောသံဂေး၊ အခြားမျက်နှာစိမ်း ယောကျား ၅ ယောက်ကို တွေ့လိုက်ရသည်။ က္ကတြပသုန်ဓမိတ်က မင်းသားအား ကြာပန်းဆက်သောအခါ မင်းကန်စီမှာ ခြေဖျားလက်ဖျားတို့အား ခါလေသည်။
" နောင်တော် ဘဇာကြောင့် ခြေခါသလဲ "
" မင်းသား ကြာပန်းသည်လည်း တနင်းလာနံ၊ ပဲခူးသည်လည်း တနင်းလာနံ၊ က္ကတြပသုန်ဓမိတ် ကြာပန်းဆက်ခြင်းမှာ မင်းသားဟံသာဝတီကို ရမည့်နိမိတ်ပင်ဖြစ်သည်။ သို့ကြောင့် နိမိတ်ကောင်းလွန်းလို့ ခြေဖျားလက်ဖျားပင် ခါရလောက်ပါသည်ဘုရား "
" နောင်တော် နိမိတ်ယူကောင်းလှသည်။ "
မင်းသားမှာ မင်းကန်စီယူသော နိမိတ်ကို သဘောကျ၍ ပြုံးလေသည်။ ထိုစဥ် သူဌေးကြီး ဘောသံဂေးသည် ကျွန်တယောက်နှင့် သယ်လာသော ရွှေခွက် ၂၀ ကိုမင်းသားအား ဆက်လေသည်။ မင်းသားလည်း ဘောသံဂေးသည် တစုံတရာ အလိုရှိ၍ ရွှေခွက်ဆက်ကြောင်း ရိပ်မိလေသည်။
" မောင်းမင်း ဘဇာကိုလို၍ ရွှေခွက် ဆက်သလဲ "
" ကျွန်တော်မျိုးမှာ အရှင့်သားထီးနန်းရပါက မြို့စားဖြစ်လို၍ ရွှေခွက်ဆက်ကြောင်းပါဘုရား "
ပွင့်ပွင့်လင်းလင်းပြောသော မသံဂေးကို ကြည့်ကာ မင်းသားလည်း သဘောကျသဖြင့် ပြုံးမိသည်။
" အိမ်း မင်းအလိုအတိုင်း ရစေရမယ် "
ဘောသံဂေးမှာ မြို့စားပေးမည်ဟူသဖြင့် ထကမတတ် ပြုံးပျော်နေသည်။
" ဒီမျက်စိမ်း ၅ ယောက်ကရော ဘဇာအရေးနဲ့ ရောက်လာသလဲ "
မင်းသားသည် ရှေ့တွင် ဒူးထောက်ခစားနေသော လူရွယ် ယောက်ကျား ၅ ယောက်ကို ကြည့်၍ မေးခြင်းဖြစ်သည်။ လူရွယ်ငါးယောက်မှာ သန်မာသည့် အသက်၂၀ ကျော်အရွယ်များဖြစ်သည်။ မင်းသား အမေးရှိသည့်အခါမှ ယောက်ကျား ၅ ယောက်ထဲမှ ထယောက်က ဖြေလေသည်။
" ဘုရားကျွန်တော်မျိုးတို့ ၅ ယောက်မှာ အကြံအစည်ညီညွတ်ကြ၍ မင်းသားထံ အမှုထမ်းရန်ရောက်ကြောင်းပါဘုရား "
" မောင်မင်းတို့ တကယ်ပင် အကြံအစီညီညွတ်ကြသလော "
" မှန်ပါ့ဘုရား၊ ဘုရားကျွန် ၅ ယောက်မှာ နွားတကောင်ကို သတ်စား၍ သွေးသစ္စာပြုထားကြကြောင်းပါ ဘုရား "
" ကောင်းပြီ။ ငါ့တွင် ပဲခူးမှထွက်သည်က ပဲခူး၏ အခြေအနေကို မသိရ၊ ငါ့ကျွန်များကို လွတ်၍ စုံစမ်းလျှင်လည်း ငါ့အရီးတော် သိနိုင်သည်။ သို့ကြောင့် မောင်မင်းတို့ ၅ ယောက် ပဲခူးကိုသွားပြီး သတင်းစုံစမ်းချေ။ "
" အမှုတော်ကို ဦးဆွေးဆံမြည့် ထမ်းရွက်ပါ့မည်ဘုရား "
ယောကျားငါးယောက်တို့မှာ မင်းသားထံ အမှုထမ်းရသဖြင့် အလွန်ပျော်ရွှင်နေကြသည်။ ထိုနေ့မှာပင် ပဲခူးသို့သွားရန် ပြင်ဆင်ကာ မဆိုင်းမတွ နေ့ချင်းပင် သွားကြသည်။
မင်းသားသည် ဒဂုံ၌ရှိနေစဥ် ဒဂုံရှိ အရီးတော် မဟာဒေဝီ၊ မိထွေးတော် မွေ့အဲလော တို့၏ အိမ်တော်တို့ကိုလည်း မပျက်ယွင်းစေရန် စောင့်ရှောက်ထားစေသည်။
" နောင်တော် ကျုပ်တို့ ဒဂုံရောက်သည်လည်း သီတင်းတပတ်ခန့်ရှိပြီ။ နောင်တော်မညီကံကောင်းက ငါတို့ ပဲခူးမှာနေကထဲက ဒဂုံကိုသာထွက်ခဲ့ပါ၊ ကျန်တာ သူ့တာဝန်ထားဆိုတဲ့ စကားအခံလည်းရှိတယ်။ ဒါကြောင့် ငါ့တို့ဒဂုံရောက်ကြောင်း ငါ့နောင်တော်သိအောင် အကြောင်းကြားရင် မကောင်းပေဘူးလား "
" သင့်လှပါသည်ဘုရား။ အရှင့်နောင်တော်ထံကနေ စစ်ရေးစစ်ရာ အကူအညီရော၊ လူသူ အင်အားပါ ရနိုင်ပါတယ်။ ဒါ့အပြင် မြောင်းမြစားက ရေကြောင်းချီလာလျှင်လည်း ဒလကို မလွဲမသွေ ဖြတ်ရမှာ ဖြစ်တာကြောင့် အရှင့်နောင်တော်က ကြားကနေ ဟန့်တားနိုင်စွမ်း ရှိတဲ့အတွက် အရှင့်နောင်တော်နဲ့ မဟာမိတ်ပြုထားသင့်ပါတယ်။ "
" သည်အတွက် သူရဲ ၃၀ ထဲက မသင်ဆိုတဲ့ကျွန်က စာပေလည်းတတ်တယ်။ အရေးအသားလည်းကောင်းတယ် ကြားတယ်။ သူ့ကို စာရေးခိုင်းပြီး လိုအပ်သည်ကို နောင်တော်သာကြည့် စီရင်ပါလေ "
"မှန်ပါ အရှင့်သား "
မင်းကံစီမှာ မင်းသားအမိန့်ရသည်နှင့် မသင်ကို ခေါ်၍ နောင်တော်ဒလစား မညီကံကောင်းထံ အကြောင်းကြားရန် စာရေးလေသည်။ စာရေးပြီးနောက် သင့်ရာလက်ဆောင်ပစ္စည်းတချို့ကို စီစဥ်ပေးပြီး ကျွန်တချို့ကို ရေကြောင်းမှ ဒလသို့ စေလိုက်လေသည်။
တရက်တွင် မဂ်လာအိမ်တော်တစ်ဆောင် ဆောက်လုပ်ရန်အတွက် မင်းကန်စီကိုခေါ်ကာ မပိုင်ဆရာတော်ရှိရာ ကျိုက်အသုတ် ဘုရားသို့ထွက်ခဲ့ကြသည်။ မပိုင်ဆရာတော်ထံသို့ ရောက်သောအခါ ကန်တော့၍ ဆရာတော်ထံမှ သီလယူကာ တရားနာကြသည်။ မလာသဖူး အလာထူးသည့် မင်းသားသည် တခုခုလိုနေပြီကို ဆရာတော် ရိပ်မိနေ၏။
" အရှင်မင်းသား ကျုပ်ဆီကြွလာတာ တစုံတရာ လို၍ မဟုတ်သည်လော "
" မှန်ပါ့ဘုရား။ မဂ်လာအိမ်တော်ဆောက်ရန် မြေနေရာကောင်းနှင့် အချိန်အခါကောင်းကို စီရင်ပေးပါဦး ဘုရား "
မပိုင်ဆရာတော်မှ အဝေးဆီကို ကြည့်လျက် တစုံတရာကို လေးလေးနက်နက် စဥ်းစားနေပြီး အတန်ကြာမှ မဂ်လာအိမ်တော် ဆောက်ရန် နေရာကောင်းကို ညွှန်လေသည်။
" အိမ်း ကျိုက်အသုတ် ဘုရားနဲ့ မလှမ်းမကမ်းမှာ ဘုရားတဆူရှိတယ် ထိုဘုရားနှစ်ဆူကြား မြေနေရာသည် ရှေးရှေးမင်းတို့ နန်းတည်ရာဖြစ်လို့ မဂ်လာအိမ်တော်ဆောက်ရန် သင့်သော မြေဖြစ်ပါတယ်အရှင့်သား ။ "
မြေနေရာကို မပိုင် ဆရာတော်ကပြောလျှင် မင်းကံစီသည် တစုံတရာကို ရေရွတ်လျက် လက်ချောင်းများချိုးကာ တွက်နေသည်။
" ကျိူက်အသုတ်ဘုရားအနီး နေရာ၊ ဒီနေရာ၊ ဒီအရပ်နှင့်နဲ့ မင်းသားရဲ့ နေ့နံတို့ကို စစ်ဆေးထောက်ချင့်သော် ဗေဒင်ပညာအရ တြိကိန်းရတဲ့နေရာ ဖြစ်တာကြောင့် ရန်အပေါင်းကို အောင်မည့်နေရာ ဖြစ်ပါတယ်မင်းသား "
မပိုင်ဆရာတော်ရွေးပေးသော နေရာကို မင်းကံစီကပါ စစ်ဆေးတွက်ချက်၍ ထောက်ခံပေးလေသည်။
" အရှင်ဘုရား၊ ဒဂုန်မှာ အကောင်းဆုံး လက်သမားကို သိပါသလားဘုရား "
" သိရုံတင်လား မင်းသားရယ်။ ဒဂုံမှာ နာမည်ကြီးတဲ့ လက်သမားဆရာကြီး မမွေ့ကလောဆိုတာ ကျုပ်ရဲ့ ဒကာရင်းဘဲ။
" ဟဲ့ ပသုန်ဓမိတ်။ မမွေ့ကလောကို သွားခေါ်ချေစမ်း "
" မှန်ပါ့ဘုရား "
က္ကတြပသုန်ဓမိတ်သည် ဆရာတော်ကို ရှိခိုးပြီး ချက်ချင်း ကျောင်းပေါ်မှ ဆင်းသွားလေသည်။ ဆရာတော်နှင့် မင်းသားတို့သာ စကားစမည်ပြောလျက် ကျန်ခဲ့ရာ ခဏအကြာတွင် က္ကတြပသုန်ဓမိတ်နှင့်အတူ လက်သမားဆရာကြီး မမွေ့ကလောပါ ပါလာချေတော့သည်။
မမွေ့ကလောသည် ဆရားတော်အားဦးချပြီး မင်းသားကိုပါလှည့်၍ ရှိခိုးလိုက်သည်။ မင်းသားရော ဆရာတော်ပါရှိနေသဖြင့် တစုံတရာ အရေးရှိပြီကို မမွေ့ကလော ရိပ်စားမိသည်။
အပိုင်း ၃၆ ဆက်ရန်
#ရဲဘုန်းသွင်
Telegram မှာလည်း စာဖတ်လို့ ရပါပြီဗျ။
https://t.me/yebhonethwin
#ဗညားနွဲ့ #မပိုင်ဆရာတော်
#မင်းကံစီ
#အပိုင်း၃၅
#ဟံသာဝတီနေထွက်ချိန်
#TheSunriseofHANTHARWADY
Keep Reading