ရဲဘုန်းသွင်
မင်းသားဗညားနွဲ့ ဒဂုံ၌ပုန်ကန်ခြင်း
ဆင်ဖြူရှင်မင်းတရားသည် နာမကျန်းဖြစ်နေသော်လည်း အမိန့်တော်ကား ပြင်းထန်လှသည်။ မနက်ညီလာခံသည်ယခင်အခါများထက်ပို၍ မှူးမတ်များစုံညီနေသည်။ ထို့ပြင် သန်လျင်မှ ခေတ္တရောက်နေသော သန်လျင်စား အမတ်ဒိန်ပါ ညီလာခံတက်လေသည်။
မှူးမတ်သေနာပတိအားလုံး ညီလာခံခန်းမအတွင်း ဘုရင်မင်းမြတ်ထွက်တော်မူအလာကို စောင့်နေကြသည်။ သမိန်မရူးမှာကား မုန်သုန်၍ မျက်မှောင်ကျုံ့လျက် ဘီလူးတစ်ကောင်ပမာ ပလ္လင်တော်ခြေရင်းတွင် ဓားကိုင်ကာ ရပ်နေသည်။
ပုံမှန်ညီလာခံ ကျင်းပချိန်အထိ ဘုရင်မင်းမြတ်မှာ ထွက်တော်မူမလာသေး၊ စောင့်နေရသော မှူးမတ်များလည်း တယောက်မျက်နှာ တယောက်ကြည့်၊ တချို့ကလည်း တီးတိုးစကားဆို၍ မင်းသားဗညားနွဲ့ ပဲခူးမှထွက်သည့်အကြောင်းတို့ တစွန်းတစ ပြောနေကြသည်။ အတန်ကြာသောအခါ ဆင်ဖြူရှင်မင်းတရား ထွက်တော်မူမလာဘဲ အမတော် မဟာဒေဝီသာ ထွက်လာလေသည်။
" မောင်မင်းတို့ အရှင်သခင်၊ ဆင်ဖြူရှင် မောင်တော်ဘုရား အနာသည်းနေလို့ ဒီနေ့ညီလာခံ ထွက်တော်မမူနိုင်တော့ဘူး။ ငါ့ကိုပဲ အရေးအားလုံးလွဲလိုက်တယ် "
မဟာဒေဝီမှာ မှူးမတ်များကို အကဲခတ်ကြည့်လိုက်သည်။ အားလုံး ခေါင်းငုံလျက်သာ ခစားနေကြသည်။
" မောင်မင်းတို့ အမတ်ကြီးများကို ခေါ်သည်ကား အခြားမဟုတ်၊ အပသုန်ငယ်ပြေးသည်ကို လိုက်၍ မိအောင်ဖမ်းကြရန် ဖြစ်သည်။ "
မင်းသားဗညားနွဲ့ ပြေးသည်ဟူသော မဟာဒေဝီစကားကြောင့် အမတ်တချို့ လှုပ်လှုပ်ရွရွဖြစ်သွားပြီး အချင်းချင်း စကားဆိုနေကြသည်။ ရုတ်တရက် မင်းသားဗညားနွဲ့ကို ဖမ်းရမည်ဟူသော အရေးအတွက် အားလုံးဝန်လေးနေကြသည်။ ထို့ကြောင့် မည်သူမှ တစုံတရာမလျှောက်ရဲချေ။ ထိုအခါ မှူးမတ်များတွင် အကြီးဆုံးဖြစ်သော အမတ်ကြီးဇိပ်ဗြဲက ထ၍အရေးဆိုသည်။
" ယခု လိုက်စေလိုပါကလည်း လိုက်၍ရပါသည်။ သို့သော်ငြား ယခုမူ ကျွန်ုပ်တို့ချည်းသား ဖြစ်ပါသည်။ အားထားရသူများလည်း အခြားသို့ ရောက်နေ၍ ဟံသာဝတီတွင် မရှိ။ ဆင့်ခေါ်လျှင်လည်း ၄/၅ ရက်ကြာမှရောက်မည်။ ယခုအချိန်ဆိုလျှင် မင်းသားဗညားနွဲ့လည်း ဒဂုန်သို့ ရောက်လောက်ပြီ။ ဒဂုန်သားတွေလည်း သူ့လူတွေချည်း ဖြစ်လောက်ပြီ။ ဟံသာဝတီသားတို့သည်လည်း မင်းသားဗညားနွဲ့ကို လိုသူမရှိဟု မဆိုနိုင်။ ကျွန်ုပ်တို့ ဆင်ကောင်း၊ မြင်းကောင်းများဖြင့် လိုက်သော် မင်းသားထွက်တိုက်ပါက ကျွန်ုပ်တို့လူများမှာ ကျွန်ုပ်အမိန့်မနာခံဘဲ၊ မင်းသားဗညားနွဲ့ထံ ခိုဝင်သွားလျှင် မခက်ပါလော။ ထိုသို့ဖြစ်လျှင် မင်းသားဗညားနွဲ့ကို အင်အားစုပေးသည်နှင့် မတူသလော။ "
အမတ်များအားလုံး ခေါင်ငြိမ့်လျက် အမတ်ကြီးဇိပ်ဗြဲစကားကို ထောက်ခံကြသည်။ အမတ်ကြီးမှာ မင်းသားဗညားနွဲ့အတွက် အချိန်ဆွဲလိုသည့်သဘောနှင့်သာ ပရိယာယ်ပြု လျှောက်တင်ခြင်း ဖြစ်လေသည်။ မဟာဒေဝီသည် အမတ်ကြီးဇိပ်ဗြဲစကားကို သဘောမတွေ့၍ မျက်မှောင်ကျုံ့ကာကြည့်သည်။ မဟာဒေဝီ၏ ဆန္ဒမှာ ချက်ချင်းလိုက်ဖမ်းစေလိုသည်။
" အမတ်ကြီးဇိပ်ဗြဲ လျှောက်သည်လည်း သင့်တော်ပါသည်ဘုရား။ ကျွန်ုပ်တို့ ဒီကိစ္စကို ပေါ့ပေါ့လျောလျော့မတွက်ဘဲ သေချာပိုင်နိုင်မှ လုပ်ဆောင်သင့်ပါတယ်ဘုရား "
အမတ်ကြီးဇိပ်ဗြဲစကားကို မင်းဇွဲတနုန်ကလည်း ထောက်ခံလေသည်။
" အပသုန်ကျွန်ငယ် ဘောမွန်က မြို့ပြင်ထွက်ပြီး သူရဲ၊ သူခက်တွေ စုရုံးနေသည်မှာ ကြာပြီ။ သူ့ခြေလှမ်းမမှန်သည်ကို ငါသံသယဖြစ်သည်။ ယခုမူ မောင်မင်းတို့ အပသုန်ပြေးသည်ကိုပင် မသိကြ။ မောင်မင်းတို့ မှူးမတ်တွေ ဘဇာပြုနေကြသလဲ "
မဟာဒေဝီသည် လိုရာမရောက်သဖြင့် ဒေါသထွက်ကာ မှူးမတ်များကို ပြစ်တက်ကြိမ်းမောင်းပြီး ခပ်သုတ်သုတ် ထပြန်သွားလေသည်။ မှူးမတ်များလည်း ခေါင်းကိုငုံ့၍သာ ငြိမ်ခံနေကြရသည်။ မည်သို့မျှမတတ်နိုင်ကြချေ။ ဤသို့ဖြင့် ညီလာခံမှာ ရေရေရာရာ ဆုံးဖြတ်ချက်မကျဘဲ ပြီးဆုံးသွားခဲ့တော့သည်။
~~~~~~~~~
နေထန်းတဖျားသို့ရောက်ချိန်တွင် ဒဂုန်အနီး စောမင်းကံကြီး အရပ်သို့ ရောက်၍ ခရီးထထောက်နား စခန်းချကြသည်။ ထိုအခါ မသိုက်သည် လက်ခေါက်မှုတ်၍ အချိန်းအချက် ပြုလိုက်သည်နှင့် သစ်ပင်တောအုပ်များကြားမှ လက်ခေါက်မှုတ်သံများ ပြန်၍ ကြားရသည်။ မသိုက်က နောက်တကြိမ်ထပ်၍ လက်ခေါက်မှုတ်လိုက်ပြီး ခဏအကြာတွင် ဓားတလက်ကို သိုင်းလွယ်ထားပြီး လှံတစ်ချောင်းစီ ကိုင်ထားသော သူရဲတို့ အလျှိုလျှိုထွက်လာကြသည်။
အချို့မှာလည်း မွန်ဆံဖြတ်နှင့် အချို့သည်ကား သျှောင်ကို ထုံးထားကြသည်။ စစ်ဝတ်စုံမရှိ၍ သာမာန်အရပ်သားကဲ့သို့ အဝတ်အစားပုံစံမျိုးစုံ ဖြစ်နေသည်။ သို့သော်အားလုံးမှာ သန်မာထွားကြိုင်းပြီး ဓားတလက် လှံတချောင်းစီ ရှိကြသည်။ အားလုံး စုံညီသောအခါ မင်းသားက ဒဂုံသို့ ဝင်ရန် အစီအစဥ်ကို ပြောလေသည်။
" မောင်မင်းတို့ ကျုပ်တို့ မွန်းလွဲချိန်မှာ ဒဂုံကိုရောက်လိမ့်မယ်။ ကျုပ်တို့ထွက်လာတဲ့ အကြောင်းကို ဒဂုန်သားတွေ မသိလောက်ကြသေးဘူး။ ဒါကြောင့် အခုအခံမရှိ ကြိုကြလိမ့်မယ် "
မင်းသား၏ မျက်လုံးတို့မှာ သိမ်းငှက်ကဲ့သို့ စူးရှတောက်ပနေပြီး အသံမှာလည်း သြဇာအာဏာသံအပြည့်နှင့် ဖြစ်သည်။
" သို့ပေမယ့် အားလုံးသတိရှိကြပါ။ ဒဂုန်ရောက်တာနဲ့ ကျုပ်က အရီးတော်ရဲ့ ကျွန်တွေကိုခေါ်မယ်။ ကျုပ်က " ဇပ် " လို့ အမိန့်ပေးတာနဲ့ မောင်မင်းတို့က ရောက်လာတဲ့ ကျွန်အားလုံးကို ခုတ်၊ တချက်ထဲနဲ့ ကိစ္စအပြတ်ရှင်းလိုက်။ "
" အမိန့်တော် အတိုင်းပါဘုရား "
စိတ်ဓာတ်တက်ကြွနေသော သူရဲ ၃၀ တို့၏ သံပြိုင်ထွက်လာကြသည်။ ထို့နောက် မနက်စာအတွက် ပြင်ဆင်စားသောက်ကြပြီး ဒဂုန်သို့ဆက်၍ ချီကြသည်။
မွန်းလွဲ ၃ ချက်တီးကျော်တွင် ဒဂုန်သို့ ရောက်ကြသည်။ ဒဂုန်သားတို့မှာ မင်းသားဗညားနွဲ့ ပုန်စားသည်ကို မသိကြ၍ ဆင်ဖြူရှင်၏ သားတော်ကြွလာသည်ဟုဆိုကာ ဆီးကြိုကြသည်။
မင်းသားဗညားနွဲ့လည်း မြို့တွင်းသို့ဝင်ကာ မြို့တွင်းရှိ စံအိမ်သို့ သွားကြသည်။ မင်းသားသည် အိမ်တော်ပေါ်တက်သည်နှင့် သူရဲ ၃၀ တို့က ခြံဝန်းတွင်လည်းကောင်း အိမ်တော်ပေါ်တွင်လည်းကောင်း အသီးသီး နေရာယူကြသည်။ ထို့နောက် မင်းသားလည်း မဟာဒေဝီ၏ ကျွန် ၁၈ ယောက်ကိုဆင့်ခေါ်သည်။
ညနေစောင်းအချိန်တွင် မဟာဒေဝီ၏ ကျွန်များ ရောက်လာသည်။ သို့သော် ၁၇ ယောက်သာရောက်လာပြီး ၁ ယောက် ရောက်မလာသေးပေ။ မဟာဒေဝီ၏ကျွန်များသာမက သူးဌေးသူကြွယ်များ၊ မြို့မျက်နှာဖုံးလူကြီးများနှင့် နီးစပ်သော မြို့သူမြို့သားများပါ လာရောက်ဖူးကြသည်။ ကွမ်းတစ်ယာညက်ခန့်ကြာမှ သဘော်ကောက်ဝန် ဟူသောလူသည် ပြောင်ရောင်သောအဝတ်အထည်များနှင့် ရွှေမြိတ်နားပါသော ပုဆိုးကို ဝတ်ကာ ရောက်လာသည်။ ကျန်သော ကျွန် ၁၇ ယောက်တို့သည် မင်းသားအား ရှိခိုးကြသော်လည်း ထိုသူက ရှိမခိုးချေ။
" ယခု အဝဘုရင်သည် ဆင်မြင်းအလုံးအရင်းဖြင့် စစ်ချီလာသည်မှာ သာယာဝတီသို့ရောက်ကြောင်း သတင်းအခိုင်အလုံရသည်။ သို့ကြောင့် မြို့ရိုး ကျုံးမြောင်းတို့ကိုပြင်ဆင်ရန် ခမည်းတော်ဘုရားက ငါ့ကို ဒဂုန်ဆင်းစေ၍ ကျုံး၊ မြို့ရိုးတို့ကို ပြင်စေဖို့ မိန်လိုက်တယ်။ သို့ကြောင့် မင်းတို့ကို ငါခေါ်ရခြင်း ဖြစ်တယ် "
အင်းဝစစ်ချီလာသည်ဟု ကြားသဖြင့် ဒဂုံသားတို့ ထိတ်လန့်သွားကြသည်။ မင်းသားမှာတော့ တည်တည်ငြိမ်ငြိမ်သာ မလှုပ်မရှက်ရှိနေသည်။ သူရဲ သုံးဆယ်တို့ကလည်း ဓားကို ကျစ်နေအောင်ကိုင်လျက် မင်းသားကို ကြည့်ကာ မင်းသားအမိန့်ပေးမည့်အချိန်ကို စောင့်နေကြသည်။ အားလုံးသည်လည်း စိတ်လှုပ်ရှားနေကြသည်။
" ဇိပ် "
ရုတ်တရက်မင်းသား၏ အမိန့်ပေးသံနှင့်အတူ စစ်သူရဲတို့၏ ဓားများဓားအိမ်အတွင်းကျွတ်ကာ မြောက်တက်သွားပီး မဟာဒေဝီကျွန်များ ဇက်ကို မျက်တမှိတ်အတွင်း ပိုင်းချလိုက်သည်။
" ချွင်.... ဇွပ်....ဒုတ်..."
" အား.....ဘုတ်... ဘုတ်...ဘုတ် "
ဓားအိမ်မှ ဓားထုတ်သံများ၊ ဓားနှင့်ခုတ်သံ၊ ကြောက်ရွံ့အော်ဟစ်သံ၊ မျက်လုံးမျက်အပြုးသား သွေးသံရဲရဲဖြင့် ပြုတ်ကျလာသော ခေါင်းပြတ် ၁၇ ခု၊ အရိုးကြိုးပြတ်သကဲ့သို့ သွေးများပန်းထွက်လျက် ကြမ်းပေါ်လဲကျလာသော အသက်မဲ့သည့် ခန္ဓာကိုယ်များနှင့် အိမ်တော်တခုလုံး သွေးများပေကျံသွားတော့သည်။ ရောက်နေသော မြို့မိမြို့ဖအားလုံးလည်း ထိန့်လန့်လျက် ကြက်သေသေနေမိကြသည်။
ထိုသို့ခုတ်သည့်အခိုက် သဘော်ကောက်ဝန် မဒေ့သည် မခုတ်မိဘဲ အိမ်အောက်သို့ ခုန်ချကာပြေးသည်။ သို့သော် ဝတ်ဆင်လာသော ရွေမြိတ်အနားနှင့် တောင်ရှည်ပုဆိုးမှာ ကြမ်းနှင့်ငြိနေပြီး ပြေးမလွတ်တော့ဘဲ ဖမ်းမိလေသည်။ မင်းသားကျွန် မနွန်က ဖမ်းမိသည်နှင့် ချက်ချင်းဓားဖြင့်ခုတ်သည်။ မင်းသားထံပါလာသော သမိန်မရူးကျွန် မပဂိုးကလည်း ထပ်ခုတ်ကြသည်။
" ဒုတ်...."
ခုတ်ချလိုက်သောဓားသည် မဒေ့၏ ဇက်ပေါ်သို့ထိကာ သားရေတုံးကို ခုတ်သည့်နှယ် ပြန်၍ ကန်ထွက်လာသည်။ မဗဂိုးလည်း မိမိဓား၊ မိမိလက်ကို မယုံနိုင်သဖြင့် အံသြစွာကြည့်လျက် ကိုင်ထားသောဓားနှင့် ကြမ်းကို ခုတ်ချလိုက်သည်။ အိမ်တော်ရှိခင်းထားသော ကြမ်းရော ဆင့်ပါ ပြတ်ထွက် သွားလေသည်။
" ဟား......ဟား.....ဟား..... မင်းတို့ဓားလောက်နဲ့ ငါ့ကိုခုတ်ရမယ်ထင်နေလား....."
မဒေ့သည် ဓားပြီးသဖြင့် လှောင်ပြောင်ကာ ရယ်မောနေသည်။ ထိုအခိုက် မနွန်သည် ဓားနှင့် မခုတ်တော့ဘဲ ဓားနှောင့်နှင့် ငယ်ထိပ်ကို အားကုန် ထုချလိုက်သည်။ ထိုအခါမှာ မဒေ့မှာ ကြမ်းပေါ်လည်းကျသွားပြီး နှားခေါင်းမှသွေးများထွက်လာကာ ဆန့်ငင်ဆန့်ငင်ဖြစ်နေသည်။ အသက်ငင်နေသော မဒေ့ကို နောက်တချက် ဓားနှောင့်နှင့်ထုကာ ကိစ္စပြီးစေလိုက်သည်။
မြို့သူမြို့သား အားလုံးလည်း မျက်စိတမိတ်အတွင်း ရုတ်တရက်ဖြစ်သွားသော မြင်ကွင်းကြောင့် မင်းသားဗညားနွဲ့ ပုန်စားသည်ကို သိသွားကြပြီး ကြောက်ရွံနေကြသည်။
" မောင်မင်းတို့အားလုံး ငါ့ဘက်နေမည်လော။ သူ့ဘက်နေမည်လော "
" ပဲခူးစစ်ကို အရှင့်သား မနိုင်ချေသော် ကျွန်ုပ်တို့ ဘေးမရောက်သလော "
" အရှင့်သား မနိုင်ရင် ကျုပ်တို့ မခက်ပြီလော "
" ဇပ် "
" ဇပ် " မင်းသားအမိန့်၊ ဓားအိမ်နှင့် ဓားနှင့်တိုက်သံ၊ ဓားနှင့်ခုတ်သံ၊ အာမေဋိတ်သံများ ထွက်လာပြီး ပြန်၍မေးကြသော လူနှစ်ယောက်မှာ သူရဲ နှစ်ယောက်၏ ဓားချက်အောက်တွင် ခေါင်းနှစ်ကိုယ် နှစ်ပိုင်းကွဲလျက် ဇီဝိန်ချုပ်သွားတော့သည်။ မင်းသား၏ အမျက်ဒေါသနှင့်အတူထွက်လာသော အသံ ခြသေ့်ဟိန်းသံကဲ့သို့ ကျယ်လောင်လှသည်။
" မင်းတို့ ဘေးရောက်မှာ ကြောက်ကြသလော "
" မကြောက်ပါဘုရား၊ အရှင့်သားဘက်မှာ နေကြောင်းပါ ဘုရား "
မျက်စိရှေ့တွင် လူ ၂၀ စလုံးကို ခေါင်းဖြတ် သတ်လိုက်သည့်အတွက် မြို့သူမြို့သားအားလုံးသည် ကြောက်လန့်၍ မင်းသားဘက်သို့ ဝင်ကြသည်။ မည်သူမှ အတွန့်မတက်ရဲတော့ပေ။ အိမ်တော်ပေါ်တွင် ခေါင်းပြတ်များ၊ အလောင်းများ သွေးအိုင်ထဲတွင် ပုံနေပြီး ကြောက်မက်ဖွယ်ရာ အတိဖြစ်နေသည်။ မင်းသားကိုကြောက်၍ အလောင်းတို့ကို မည်သူမျှမယူရဲ၊ မသဂြိုလ် ရဲကြချေ။
မင်းသားသည် ဤသို့ ပြတ်သားလိမ့်မည်ဟု လက်ပွန်းတတီးနေခဲ့သူ မသိုက်ပင် မတွေးမိခဲ့။ မင်းသားလုပ်ရပ်ကို ကြည့်၍ ကြောက်ရွံမိသလို၊ အနည်းငယ်ထိန်လန့်နေမိသည်။
" မင်းကံစီ၊ မင်းသားလုပ်ရပ် မှန်ရဲ့လား "
မသိုက်သည် မင်းသားလုပ်ရပ်အား မင်းကံစီမည်သို့ သဘောရှိနေသည်ကို သိချင်သည်။ မေးရန်လည်း မင်းသားကြား၍ မိမိကိုယ်ပါ အမျက်ရှမည်ကို ကြောက်သည်။ ထို့ကြောင့် မင်းကံစီအနား ကပ်ခါ ခပ်တိုးတိုးမေးသည်။ မင်းကံစီမှာလည်း မသိုက်စိတ်အတွင်း ဘာဖြစ်နေသည်ကို ရိပ်မိသည်။
" မှန်တယ် မသိုက်။ စစ်အတွင်းမှာ ကြားဆိုတာ မရှိဘူး။ သတ်ရဲလား၊ သေရဲလား ဒါကိုပဲ ရွေးရလိမ့်မယ်။ ကိုယ်တိုင်က မသတ်ရဲရင် ကိုယ်တိုင်သူများသတ်တာ ခံရလိမ့်မယ်။ ဒါကြောင့် မသေရဲရင် သတ်ရဲရမယ်ကွ။ ဒီလိုမှမဟုတ်ဘဲ မပြတ်မသားလုပ်နေရင် ဘယ်လိုလုပ်အရေးတော် အောင်တော့မလဲ။ ကျုပ်တို့ ပဲခူးမှာ မသေချင်လို့ ဒဂုန်ကိုလာကြတာ မဟုတ်လား။ ဒါကြောင့် ကျုပ်တို့ရှင်သန်ရေး၊ မဟာဒေဝီတို့လို လူမသမာတွေ ကျဆုံးရေးအတွက် ကျုပ်တို့ သတ်ရဲရလိမ့်မယ်။ အရေးတော်ပုံတစ်ခုမှာ အနည်းနဲ့ အများတော့ စတေးရမယ်၊ ဆုံးရှုံးခံရမယ်။ စွန့်လွတ်ကြရမယ်ကွ။ ဒီအထဲမှာ အသက်တွေ စတေးရမယ်၊ ဥစ္စာပစ္စည်းတွေ ဆုံးရှုံးရမယ်။ ဇနီးမယား သားသမီးတွေကို စွန်လွတ်ကြရလိမ့်မယ်။ ဒီလိုမှ စတေးမခံနိုင် အဆုံးရှုံးမခံနိုင်ရင် အရေးတော်ပုံ အောင်မှာမဟုတ်ဘူး။ ဒီလို စတေးကြတဲ့ အရာရာကလည်း ကိုယ်ကျိုးအတွက် မဖြစ်စေနဲ့။ ကိုယ့်တိုင်းပြည်၊ ကိုယ်ပြည်သူပြည်သား ကောင်းစားဖို့အတွက်ပဲ ဖြစ်ရမယ်။ ဒီတော့ မင်းသားလုပ်ရပ် မှားတယ်လို့ မဆိုသာဘူး "
ခပ်အုပ်အုပ် ပြန်ဖြေသော မင်းကံစီ၏အသံသည် အနည်းငယ် တုန်ရီနေသည် ထင်ရသော်ငြား မာန်ပါနေသည်။ မင်းကံစီ၏ အဖြေစကားကြားရတော့မှ မသိုက်လည်း သံသယကင်းသွားတော့သည်။
~~~~~~~~~~~~~
ကပ္ပိယ က္ကတြပသုံဓမိတ်မှာ ကုန်းပြင်ကျယ်တွင် ကျွန်းသစ်များဖြင့် ဆောက်ထားသော ကျောင်းအိုတစ်ခုဆီ ခပ်သွက်သွက် လျှောက်လာနေသည်။ ကျောင်းလှေကားမှတက်လိုက်လျှင် ကျောင်းပေါ်တွင် သင်ပြူးဖျာခင်းလျက်ထိုင်ကာ ရှေ့တွင် ကြေးကွမ်းအစ်နဲ့ ထွေးခံချလျက် ကွမ်းကို တမြုံ့မြုံ့ဝါးနေသော ရဟန်းတပါးကို မြင်လိုက်ရသည်။ ဒဂုန်မြို့၏ သံဃရာဇာ မပိုင်ဆရာတော်၊ ကွမ်းစားရန်အတွက် ကွမ်းသီးတို့ကို ကွမ်းညှပ်ဖြင့် ညှပ်နေချေသည်။ က္ကတြပသုံဓမိတ်လည်း ဆရာတော်ကား ခပ်သွက်သွက် ဦးချပြီး မင်းသားဗညားနွဲ့ အကြောင်းလျှောက်လေသည်။
" ဆရာတော်ဘုရား၊ မင်းသားဗညားနွဲ့ ပုန်စားပြီး၊ ဒဂုန်ကိုရောက်နေပါပြီဘုရား "
" ဟေ ဟုတ်ကလား။ မဟာဒေဝီရှုပ်တာနဲ့ တနေ့ဒီလိုဖြစ်လိမ့်မယ်လို့တော့ ငါတွေးမိသား "
" မှန်ပါ့ဘုရား၊ မဟာဒေဝီကျွန်တွေလည်း သတ်ပစ်လိုက်ပါပြီ။ တုတ်ပြီး၊ ဓားပြီးတယ်လို့ နာမည်ကြီးပြီး သဘော်ဆိပ်မှာ မင်းမူနေတဲ့ သဘော်ကောက်လည်း ဓားနှောင့်နဲ့ ထုသတ်လိုက်ကြပါတယ်။ မြို့သူမြို့သားတွေလည်း ကြောက်လို့ မင်းသားဖက် ဝင်ကုန်ကြပါပြီဘုရား။ "
" အိမ်း... သည်ကောင် မဒေ့လည်း မဟာဒေဝီမြောက်စားလို့၊ မာန်တက်ပြီး ကိုယ့်လူမျိုးခြင်း ခေါင်းပုံဖြစ်နေတာ၊ မြို့သူမြို့သားတွေတော့ ကြိတ်ပျော်နေမယ်ဟ "
" မှန်ပါ့ဘုရား "
" သည်တော့ အလောင်းတွေ သဂြိုလ်ပြီးပြီလား "
" မင်းသားကိုကြောက်လို့ ဘယ်သူမှ ယူပြီး မသဂြိုလ်ရဲကြပါဘူး ဘုရား "
" မင်းသား အမျက်ပြေလောက်ရင် မင်းသွားပြီး ခွင့်တောင်း သဂြိုလ်ချေ။ ငါကြွဦးမယ်လည်း ပြောခဲ့ "
" မှန်ပါ့ဘုရား ညနေစောင်းရင် သွားပြီး ခွင့်တောင်း သဂြိုလ်ပါ့မယ်ဘုရား "
" အေး..... အေး.."
မကိုင်ဆရာတော်သည် ဝါးနေသောကွမ်းဖတ်များကို ထွေးခံအတွင်း ထွေးထုတ်လိုက်သည်။ ကပ္ပိယမှာ ကြောက်လန့်နေသော်လည်း ဆရာတော်မှာ ကြိုတင်ခန့်မှန်းမိဟန်ဖြင့် ကြားရသည့်သတင်းအတွက် အလွန်အမင်း အံသြမနေတော့ချေ။
ညနေစောင်းအချိန်တွင် က္ကတြပသုန်ဓမိတ်လည်း အလောင်းတို့အား တောင်ယူသဂြိုလ်ရန် မင်းသားထံပြန်လာခဲ့သည်။ မင်းသားမှာလည်း က္ကတြပသုန်ဓမိတ်သည် ဒဂုန်မြို့၏ သံဃရာဇာ မပိုင်ဆရာတော်၏ သာဝကမှန်းသိသဖြင့် ချေငံစွာ ဆက်ဆံသည်။
" အရှင့်သားတော်ဘုရား။ ဤကျွန်တို့မှာ သူတို့မိုက်ပြစ်၊ သူတို့ကံကြမ္မာအလျှောက် စီရင်ခံခဲ့ရပါပြီဘုရား။ သူတို့အလောင်းများကို ဖုတ်ကျည်းသဂြိုလ်ခွင့်ပြုပါ ဘုရား "
အပိုင်း ၃၅ ဆက်ရန်
#ရဲဘုန်းသွင်
Telegram မှာလည်း စာဖတ်လို့ ရပါပြီဗျ။
https://t.me/yebhonethwin
#ဗညားနွဲ့ #သမိန်မရူး
#မဟာဒေဝီ #မင်းကံစီ
#အပိုင်း၃၄
#ဟံသာဝတီနေထွက်ချိန်
#TheSunriseofHANTHARWADY
Keep Reading