ဇွဲ
'' မရေမရာ ပဟေဠိတွေနဲ့ အသေအချာ အဖေမသိတောင်မှ လူတိုင်းမှာ အမေရှိကြပါတယ် ''
မေမေနေကောင်းပါရဲ့လား.......
သမီးမှာ မေမေ့ကို ပြောချင်တဲ့စကားတွေ အများကြီးရှိတယ်။ခဏလောက် နားထောင်ပေးပါနော်။
မေမေမှတ်မိဦးမှာပေါ့၊သမီးငယ်ငယ်က အမှားတစ်ခုခုလုပ်မိရင် စိတ်ရှည်လက်ရှည်နဲ့ ဆုံးမစကားတွေပြောခဲ့တာလေ။အဲ့တုန်းက မေမေ့ဆုံးမစကားတွေနားထောင်ရတာ နားငြီးလိုက်တာလို့ တွေးခဲ့ဖူးတယ်။မေမေနဲ့ဝေးပြီး အပြင်လောကကြီးရောက်မှ ကိုယ့်ကိုဆုံးမပဲ့ပြင်ပေးမယ့်သူထက် ချောက်ထဲတွန်းချမယ့်သူတွေ၊လမ်းမှားရောက်နေတာသိရင်တောင် မတားပဲ မြှောက်ပင့်ပေးမယ့်သူတွေက ပိုများကြောင်း သိခဲ့ရတယ်။အဲ့လိုလူတွေကြားမှာ ရှင်သန်ရတာ အရမ်းပူလောင်တာပဲမေမေရယ်။မေမေ့ရဲ့ ဆုံးမသံလေးတွေနဲ့ ဆူညံခဲ့တဲ့ ဟောဒီအိမ်ကလေးရဲ့အရိပ်က ဒီကမ္ဘာမြေပေါ်မှာ အအေးချမ်းဆုံးအရိပ်တစ်ခုဆိုတာ မသိခဲ့ရဘူး။သမီးလေ အမေ့ရဲ့ဆုံးမစကားတွေကို အရမ်းတမ်းတမိတာပဲ။
နောက်ပြီး ငယ်ငယ်တုန်းက မေမေရိုက်တာခံရရင် သိပ်စိတ်ဆိုးတာပဲ။အဲ့အချိန်တုန်းက မေမေက သမီးကိုရိုက်ပြီးရင် အရင်ငိုချတတ်တယ်နော်။မေမေငိုတာမြင်ရတော့ သမီးကြောင့် မေမေတို့အရှက်ကွဲရလို့ ငိုတယ်ထင်မိခဲ့တာ။အခု သမီးကိုယ်တိုင် မိခင်တစ်ယောက်ဖြစ်ခဲ့ရပြီး သား၊သမီးတွေကို စကားနဲ့ဆုံးမ,မရလို့ ရိုက်နှက်ဆုံးမရတဲ့ အချိန်ရောက်မှ မေမေဘာကြောင့် ငိုရသလဲဆိုတာ သိလာခဲ့ရတယ်။မိဘဆိုတာ သား၊သမီးဘဝမနာဖို့ သူတို့အသည်းအနာခံပြီး ရိုက်နှက်ဆုံးမရတာပါလားဆိုတာ သိခဲ့ရပြီမေမေရယ်။သမီးတင်ပါးပေါ် တုတ်ကျတဲ့နာကျင်မှုကြောင့် ကျရတဲ့မျက်ရည်ထက် အသည်းနာလို့ ကျခဲ့ရတဲ့ မေမေ့မျက်ရည်တွေမှာ နာကျင်မှုတွေ ပိုပါနေမှန်း သိခဲ့ရရင် လိမ်လိမ်မာမာနေခဲ့မှာပေါ့။
အခုလေ သမီးကို မလိမ်မညာဖို့ အမြဲဆုံးမခဲ့တဲ့ ဖေဖေနဲ့မေမေက ဒီကမ္ဘာပေါ်မှာ အကြီးဆုံးလူလိမ်ကြီးတွေဆိုတာ သိလာခဲ့ရပြီ။မိသားစုထမင်းဝိုင်းတိုင်းမှာ ဖေဖေက ဝက်သားဆို အဆီမှကြိုက်တာ၊မေမေက ကြက်သားဆို အရိုးမှ ကြိုက်တာ၊ငါ့သမီးလေးကတော့ လှလှပပလေးဖြစ်အောင် အသားတွေများများစားရမယ်တဲ့။အဲ့တာ ဖေဖေနဲ့မေမေ သမီးကိုညာခဲ့ကြတာမလား။အခုဆို သမီးလည်း ကြက်သားဆို အရိုးပဲ စားတတ်တော့တယ်။မေမေ့မြေးတွေရဲ့ ထမင်းပန်းကန်ထဲ အသားတုံးတွေမြင်နေရရင် သမီးစားရတာထက် ပိုအရသာတွေ့နေမိတယ်။အဲ့တော့မှ မိဘတွေလည်း အသားစားတတ်ပါလား၊သူတို့သားသမီးလေးတွေ ကောင်းကောင်းမွန်မွန်လေး စားစေချင်ကြလို့သာ မကောင်းတဲ့ အဆီနဲ့အရိုးကို အရသာရှိသယောင် စားပြခဲ့ကြတာပါလားဆိုတာသိခဲ့ရတယ်။
တစ်ရက်တစ်ရက် နေထိုင်စားသောက်ရတာလည်း မလွယ်ပါဘူးမေမေရယ်။ငယ်ငယ်က '' အမေရှိရင် ငွေရှိတယ် '' ဆိုပြီး လိုချင်တာပူဆာခဲ့တယ်။စားချင်တဲ့မုန့် လက်ညှိုးထိုးလိုက်ရုံနဲ့ စားနိုင်ခဲ့တယ်။အဝတ်အစားဆို တခြားကလေးတွေနဲ့ တန်းတူဝတ်နိုင်ခဲ့တယ်။တစ်ခါတစ်လေ အိမ်မှာပိုက်ဆံပြတ်နေတဲ့အချိန်နဲ့ကြုံလို့ ပူဆာတဲ့ပစ္စည်းမရခဲ့ရင် '' လူကြီးဖြစ်မှ ကိုယ့်ပိုက်ဆံနဲ့ လိုချင်တာတွေ အကုန်ဝယ်ပစ်မယ် '' လို့ တွေးခဲ့ဖူးတယ်။တကယ်တမ်း ကိုယ့်ဝင်ငွေနဲ့ရပ်တည်ရတဲ့အချိန်ရောက်တော့ တစ်လကို အင်္ကျီတစ်ထည်တောင် လတိုင်းဝယ်မဝတ်နိုင်ဘူး။တစ်လအသုံးစရိတ်မလောက်မှာစိုးရိမ်လို့ စားချင်ရဲ့နဲ့ ကျောခိုင်းခဲ့ရတဲ့ စားစရာတွေဆို အများကြီးပေါ့မေမေရယ်။အဲ့အချိန်ရောက်မှ တွေးမိတယ်။သမီးငယ်ငယ်က လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့တဲ့ ဖေဖေနဲ့မေမေ ဘယ်လောက်ပင်ပန်းကြလိမ့်မလဲလို့။မေမေတို့အလှည့်တုန်းက တာဝန်ကျေခဲ့ပေမယ့် သားသမီးလုပ်စာလေးထိုင်စားပြီး ဘီးဆံပတ်ကြီးနဲ့ ဘုရားခန်းမှာထိုင်ကာ ဘုရား၊တရားလုပ်ရမယ့်အချိန်မှာ တာဝန်မကျေတဲ့ သားသမီးကြောင့် ကိုယ့်ဝမ်းစာ ကိုယ်ရှာစားနေကြရတယ်။အဝေးကနေ ဖုန်းဆက်မေးတိုင်း '' အမေတို့အတွက် မပူနဲ့၊သမီးတို့သာ နေကောင်းအောင်နေကြ '' လို့ အမြဲပြောနေခဲ့တဲ့ မေမေတို့ တကယ်ရော အဆင်ပြေခဲ့ကြရဲ့လား။
သမီးရဲ့မျက်နှာလေးလည်း ကြည့်ပါအုန်းမေမေရယ်။သူများတွေကပြောကြတယ်။သမီး အပျိုတုန်းက သိပ်လှတာပဲတဲ့၊အခုတော့ ပင်ပန်းလို့ထင်တယ်၊မျက်နှာလေးကျသွားတယ်တဲ့။ပင်ပန်းတာပေါ့မေမေရယ်။အရင်က ခြေမွှေးမီးမလောင်၊လက်မွှေးမီးမလောင် နေခဲ့ရတဲ့ မေမေ့သမီးက အခုတော့ လင်ယောက်ျားဝေယျာဝစ္စ၊သားသမီးဝေယျာဝစ္စ၊အိမ်ဗာဟီရတွေနဲ့ နားရတယ်လို့မှမရှိတော့တာ။ငယ်ငယ်က အမေ့သီချင်းသံလေးနားထောင်ရင်း ခေါင်းအုံးပေါ် ခေါင်းကျတာနဲ့ အိပ်ပျော်ခဲ့တဲ့ မေမေ့သမီးက အခုဆို တစ်နေကုန်ပင်ပန်းပြီး ညရောက်တော့လည်း မိသားစုအတွက်ပူရ၊စားရေးသောက်ရေးပူရ၊ကိုယ့်ဘဝရှေ့ရေးပူရနဲ့ အိပ်ရေးပျက်ခဲ့တဲ့ညပေါင်း မနည်းတော့ဘူးလေ။
သမီးလေ တိမ်တွေညိုရင် မေမေ့ကို အရမ်းလွမ်းတာပဲ၊တိမ်တွေကို ကြည့်ရင်း တိမ်တွေပြိုသလို သမီးရဲ့ ရွှေမြင့်မိုရ်ကြီး ပြိုသွားမှာကို အရမ်းစိုးရိမ်မိတယ်။အရင်က မေမေ မရှိတော့မယ့်နေ့ရက်တွေအကြောင်း မတွေးမိတော့ မေမေမရှိပဲ ဖြတ်သန်းရမယ့်နေ့ရက်တွေက ကြောက်စရာကောင်းမယ်မှန်းမသိခဲ့ဘူး။အဲ့တာတွေသိလာရပြီးနောက်ပိုင်း မေမေမရှိတော့မှာကို အရမ်းကြောက်တာပဲ။
အိမ်ထောင်ကျလို့ အမျိုးသားနောက် လိုက်သွားတဲ့နေ့က နှုတ်ဆက်စကားပြောနေတဲ့ မေမေ့မျက်နှာပေါ်က သမီးကို စိတ်မချတဲ့အရိပ်အယောင်တွေ သမီးမြင်ခဲ့ပါတယ်။အဲ့နေ့က မေမေ့မျက်နှာလေးကြည့်ပြီး နှုတ်ဆက်စကားဆိုရင်း ထွက်သွားခဲ့ရပေမယ့် အခု မေမေ့အိမ်ကို သမီးပြန်လာတဲ့အချိန် '' မေမေရေ....'' လို့ အော်ခေါ်လိုက်ရင် မေမေ့ရဲ့ '' မေမေတို့ရှိတယ်သမီးရေ၊ဝင်ခဲ့လေ '' ဆိုတဲ့အသံလေးမကြားရမှာ အရမ်းစိုးရိမ်နေခဲ့တာ။ဒီရောက်တော့ မေမေ့အသံလေးကြားရပြီး မေမေ့ရင်ခွင်ထဲ ခိုလှုံလိုက်ရမှ စိတ်အေးသွားတော့တယ်။မေမေ့ရင်ခွင်ထဲက ထွက်ခွာသွားပြီးနောက်ပိုင်း လျှောက်ခဲ့ရတဲ့လမ်းတွေကလည်း ကြမ်းတမ်းလိုက်တာ၊ခိုဝင်မိတဲ့အရိပ်တိုင်းကလည်း ပူလောင်မှုတွေ ရောယှက်နေတယ်။မြင်ရတဲ့ အပြုံးတွေကလည်း ဟန်ဆောင်အပြုံးတွေက ခပ်များများပဲ မေမေရဲ့။ဟောဒီ ကမ္ဘာမြေလောကကြီးမှာ မေမေ့ရင်ခွင်ဟာ အအေးချမ်းဆုံးနဲ့ မေမေ့အပြုံးက အလှဆုံးပဲသိလား။
ဖြစ်နိုင်မယ်ဆို သမီးကို မေမေ့မေတ္တာရိပ်အောက်မှာ ခိုလှိုခွင့်ပြုပြီး မေမေ့လက်ရာလေးစားရင်း ကမ္ဘာပေါ်က အလှဆုံးအပြုံးတစ်ပွင့်ကို တဝကြီးထိုင်ကြည့်ခွင့်ပေးပါနော်။မေးမယ့်သာ မေးရတာပါ။မေမေက သမီးဆန္ဒကို ဘယ်တုန်းက ငြင်းဆိုခဲ့ဖူးလို့လဲ။
သမီးမေးတဲ့ မေးခွန်းတိုင်းကို မေမေက မစဥ်းစားပဲ အဖြေပေးတတ်ပေမယ့်၊မေမေ့ကို ထုတ်ပြောဖို့တောင် မစဥ်းစားခဲ့မိတဲ့ စကားတစ်ခွန်း မေမေ့ကို ပြောချင်တယ်။
'' ❤ အများကြီးချစ်တယ် မေမေ ❤ ''
စာရေးသူ - ဇွဲ
ဆောင်းပါးနံပါတ် (၁၀)
6/10/2024 (Sun)
ကျန်းမာရွှင်လန်းကြပါစေ။
စာဖတ်ပရိသတ်များအား ကျေးဇူးအထူးတင်ရှိလျှက်.....
Keep Reading