A Loon Kha
ဖွားဖွား
======
🎶ရခိုင်ရိုးမ တောင်တန်းနဲ့... ဆက်နေတဲ့ ချင်းတောင်တန်း🎵
"အမေ့...! သမီး ကလေးမြို့ ကျောင်းကို အပြောင်းအရွှေ့ကျတယ်.. ကိုမောင်အေးကလဲ အဲ့မှာ တာဝန်ကျတယ်..."
ခင်စန်းရီ ရင်မောရပြန်ပြီ။ သမီးဖြစ်သူ မီးဖွားထားတာမှ တစ်လခွဲရှိသေးတယ်။ တာဝန်ကျရာ သွားမယ်ဆိုတော့ ကလေးကို ဘယ်လို လုပ်ပ။
"ကလေးက နို့စို့လေး ရှိသေးသယ်။ ညည်း ဒီကလေးကို ဘယ်လိုလုပ်မလဲ"
"အို...ကလေးဂိုပါ သမီး ခေါ်သွားမှာပေါ့တော့..."
"ဟော်သော်...! "
ကြားရသလောက် ကလေးမြို့သွားတဲ့လမ်းက အတော်ဆိုးသတဲ့။ လမ်းအတက်တွေက မတ်စောက်ကြီးတွေ။ တစ်လခွဲသားလေး ခေါ်သွားဖို့ဆိုတာ ခင်စန်းရီ စဉ်းစားရပြီ။ အိမ်မှာ ထားမယ်ဆိုရင် ကလေး နို့ငတ်မှာ။ နို့ဗူးတိုက်မွေးရအောင်ကလည်း က မိခင်နို့တိုက်တာလောက် အဟာရဖြစ်မှာ မဟုတ်ဘူး။ ရပ်ကွက်ထဲက ကလေးအမေတွေဆီ နို့လှည့်စို့ဖို့ရာကလည်း သူတို့ သားသမီးပြီးမှ ကိုယ့်မြေးစို့ရမှာ။ ကိုယ်သာ မျက်နှာငယ်ခံခဲ့ရပေသိ။ ကိုယ့်မြေးတော့ မျက်နှာအငယ်မခံနိုင်ပါဘူး။ အငယ်မ နီလာ့ကို့ အမေမြကြည်နဲ့ ထားခဲ့လို့ရတယ်။ ကလေးက မရဏဖွား... ငယ်ငယ်ရွယ်ရွယ်နဲ့ သေတတ်တယ်လို့ ပြောထားတာ။ ဗေဒင်ကို သီတာ မယုံပေသိ ငါယုံတယ်။
ခင်စန်းရီ ကလေး မျက်နှာလေး တစ်ချက်ကြည့်ပြီး...
"သီတာ... ငါပါ လိုက်မယ်အေ.. ညည်းတို့ လင်မယားနှစ်ယောက်က အလုပ် လုပ်နေရင်... ငါ့မြေးကို ပစ်ထားကြမှာ.. ငါပါ လိုက်ခဲ့မယ်အေ..."
"အမေက ပင်ပန်းမှာပေါ့။ ကလေး ကို သမီးတို့ ထိန်းနိုင်ပါသယ်"
" ငါ့မြေးကို ငါ စိတ်မချဘူး။ လိုက်မယ်အေ။ လယ်ထဲဆင်း ပျိုးနုတ်လိုက်၊ လမ်းဘေး အကြော်ရောင်းလိုက် လုပ်လာသဲ့ကောင်မပါအေ။ နင့်ခရီး ဘယ်လောက် ကြမ်းမှာလဲ "
သီတာ ခေါင်းလေးညိမ့်ပြတော့ မြေးဖြစ်သူရဲ့ နဖူးလေးနမ်းရင်း ဆုတွေတောင်းမိတယ်။
"ငါ့မြေးကြီး ဘေးမသီ ရန်မခပါစီနဲ့"
*******************************
မဟာမြိုင်တောဆိုတာကြီးက သစ်ပင်ကြီးတွေနဲ့ အုပ်ဆိုင်းပြီး ရာသီဥတုက အေးကိုက်နေတာ။ လမ်းကလည်း တောလမ်းမို့ ချိုင့်ခွက်တွေက စီလို့။ တောစောင့်နတ် တောင်စောင့်နတ်တွေကလဲ ပေါမှပေါ။ အပြောမတတ်ရင် နတ်ကိုင်တယ်။ မဟာမြိုင်တောကို ဖြတ်ရမှာဆိုတော့လမ်းခရီးအကြောင်းသွားဖူးသွားစရှိသူတွေကို လိုက်မေးထားရသေးတယ်။ ကြားရတဲ့ သတင်းက ကားပေါ် မြွေပါးကင်းပါး ဝင်လာတတ်သတဲ့။ စပါးအုံးမြွေကြီး ကားပေါ်ပါလာလို့ ကားသမားတွေ ပြာယာခတ်ကြဖူးတယ်။ လသားအရွယ် ကလေးအတွက် ရင်လေးမိတာအမှန်။ စိတ်ကို တင်းထားပြီး ကလေးကိုသာ ထွေးထားလို့ ခင်စန်းရီ ဒီမြေးဦးကို အချစ်ဆုံးပဲ။
စီးရမယ့်ကားက ကုန်တင်ကားကြီး။ TE eleven ခေါ်တဲ့ တီအီး ၁၁ ကားပေါ့... အစိမ်းရောင် ကုန်ကားကြီးရဲ့ နောက်ခန်းက လိုက်ရမှာ... ကုန်တွေက အပြည့်...။ အဲ့ကုန်တွေပေါ် ထိုင်လိုက်ရမတဲ့။ သီတာက ကလေးကို ခြင်းကြားလေးထဲထည့် အပေါ်ကနေ စောင်နဲ့ အုပ်ထားပေးတယ်။
မဟာမြိုင်တော ဖြတ်တော့ စိမ့်ခနဲပဲ။ ပတ်ပတ်လည်လည် အပင်ကြီးတွေ မိုးလို့။ ရှေ့ကြည့်လည်း တော၊ နောက်ကြည့်တော့လည်း တော။ ဘေးမှာ ချောက်ကမ်းပါးတွေ။ ခင်စန်းရီ အနွေးထည်ထူထူဝတ် ဘုရားစာပဲ တွင်တွင်ရွတ်တယ်။ လမ်းကြမ်းလို့ ကားဆောင့်ရင် ခြင်းလေးပဲ တွင်တွင်ဖက်ထားတယ်။ ခြင်းလေးကို ခဏခဏဖွင့်ကြည့်ရသေးတယ်။ ကလေး သေသွားမှာစိုးလို့။ ကလေးလေးက အမောစို့နေရင် ကားဆရာကြီးရယ် ဖြေးဖြေးမောင်းပါလို့ အော်ရသေး။
"လူကလေး မသေပါစီနဲ့။ သေချင်းသေ ငါပဲ သေပါရစီတော် " ဆိုပြီး ခြင်းကလေးဖက်ပြီး ငိုလိုက်ရတာ။ မကြာပါဘူး ကလေးမြို့ရောက်တယ်။
ရောက်လည်းရောက်ရော ကလေးက တက်သလိုဖြစ်သွားလို့ ချက်ချင်းပဲ ဆေးရုံတင်လိုက်ရတယ်။
"နင်က တက်သာ။ လိန်တွန့်နေသာပဲ။ ကလေးမြို့ ရောက်ရောက်ချင်း ဆေးရုံပြေးရသယ်။ ဆေးရုံက ဆရာမတွေ ကယ်လို့ မသေတာ။ နင့်မေ အကြင်နာတရားမရှိဆိုပြီး ငါ ငေါက်သေးသယ်။ "
မေမေ့အမေ (ကျွန်တော့်အဖွား) က ကလေးမြို့ခရီးကို အဲ့လို ပြန်ပြောပြဖူးတယ်။
************************
ဆေးရုံက ဆင်းတော့ အစိုးရကပေးတဲ့ ဝန်ထမ်းအိမ်ယာလေးမှာ ဖေဖေရယ် မေမေရယ် ၊ မေမေ့ အမေရယ် ၊ ကျွန်တော်ရယ် လေးယောက်ပေါ့။
အိမ်နောက်ဖေးမှာ ဇီးပင်ကြီး ရှိသတဲ့။ မေမေနဲ့ ဖေဖေ အလုပ်သွားရင် မေမေ့ အမေနဲ့ပဲ နေရစ်ခဲ့ရတာ။
ကျွန်တော် ပထမဦးဆုံး စကားစပြောတဲ့ စကားလုံးက "ဇီးသီးကောက်" တဲ့။
အိမ်နောက်ဖေးမှာ မေမေ့ အမေနဲ့ ဇီးသီးကောက်ကြရင်း တတ်တဲ့ စကား။ ဘယ်သူ ဘာမေးမေး ဇီးသီးကောက်ပဲ ဖြေတာ။
"သီတာ.. ညည်းသားက ထူးတော့ ထူးတယ်။ ခက်ရာခက်ဆစ်ကျ တတ်သယ်။ ပီတာမှ။ "
"အမေကလဲ မေမေတော့ ခေါ်တတ်မှာဘာ။ သားသား ခေါ်ကြည့် မေမေလို့ "
ကလေးက တခစ်ခစ်ရယ်ရင်း
"ဇီးသီးကောက်.." တဲ့။
သားမိနှစ်ယောက် ကလေးမြူရင်း ရီလိုက်ရတာ။ ဖေဖေကလဲ ဘေးကနေကြည့် ရီလို့။ ဇီးသီးကောက်ရဲ့ ဖေဖေပေါ့....
***********************
နောက်ထပ်တတ်တဲ့ စကားက မိုးတွေသည်းတဲ့အချိန် အိမ်ခန်းထဲ ဖားကပြုတ်တွေ ဝင်တယ်။ ဖားတွေ ဝင်တယ်။ ဖားဖား လို့ မေမေ့အမေက ရုတ်တရပ်သင်ပေးတော့ ကလေးက ထရီပြီး ခေါ်တယ်။
"ဖွားဖွား" တဲ့။
"ဟဲ့ သီတာ... ငါ့ခေါ်သာ ဖွားဖွားတဲ့။ သား ထပ်ခေါ်ပါအူး"
"ဖွားဖွား ..!!!"
"သီတာ... မောင်အေး ကြားလား.. ဖွားဖွား တဲ့ ပီသာအေ..."
မေမေ့ အမေ ကျွန်တော့်ဖွားဖွားမှာ အဖေ နဲ့အမေ နာမည် မခေါ်ပဲ သူ့ကိုအရင် စခေါ်လို့ ပျော်နေလိုက်တာ။
ဟုတ်တယ်။ မေမေ့အမေကို ကျွန်တော် "ဖွားဖွား" လို့ ခုထိခေါ်တုန်းပဲ။ တမျိုးလုံးက သူ့ကို ဒေါ်ဒေါ်နဲ့ မေကြီးပဲ ခေါ်ကြတာ။
ကျွန်တော့် " ဖွားဖွား" ကို တခြားလူတွေက ကျွန်တော်ခေါ်သလို " ဖွားဖွား" လို့ လိုက်ခေါ်ရင် သိပ်ကိုသဝန်တိုတာပဲ။
(ဆက်လက်ရေးပါဦးမည်)
A Loon Kha
Keep Reading