A Loon Kha
အသက် ၁၂၀ ရှည်စေသော်ဝ်
===================
🎶 လူကလေး တီတာတာ မေမေ့ အနားလာ..🎵 ဖေဖေ မေမေ သူ့စကား တူတူရေ... ဝါး🎶🎶
ဆောက်လုပ်ရေး ဝန်ထမ်းတွေအတွက် ပေးထားတဲ့ ဝန်ထမ်းအိမ်ရာက အိမ်ကလေးမှာ ဖေဖေရယ် မေမေရယ် ဖွားဖွားရယ် ကျွန်တော်ရယ်... လေးယောက်တစ်ဘဝပေါ့။ မေမေက ကလေးမြို့ အမှတ်(၃) ကျောင်းမှာ မူလတန်းပြဆရာမ အနေနဲ့ တာဝန်ကျတယ်။ ဖေဖေက ဆောက်လုပ်ရေးဌာနမှာ အင်ဂျင်နီယာအဖြစ် တာဝန်ကျ။ သူတို့ ရုံးသွား ကျောင်းတက်ကြရင် ဖွားဖွားနဲ့ ကျွန်တော်က နှစ်ယောက်တည်းပဲ အိမ်မှာကျန်နေရစ်ပေါ့။
မိခင်နို့က မပြတ်သေးတော့ ကလေးနို့ဆာလို့ငိုရင် ဖွားဖွားက ကလေးပွေ့ပြီး မေမေ့ကျောင်းဆီကို ပြေးရတာကလည်း နေ့တိုင်းခဏခဏ။
ဝန်ထမ်းအိမ်ရာဆိုတာက ဒီခေတ်လို ကွန်ဒိုတိုက်ခန်းမဟုတ်ဘူး။ သစ်သားအိမ်ကလေးတွေ ငါးလုံးတန်း၊ လေးလုံးတန်း ဆောက်ပေးထားတာ။ အပေါ် ခေါင်မိုးက ကတ္တရာပုံးခွံအဟောင်းတွေနဲ့ မိုးပေးထားတယ်။ နေ အရမ်းပူရင် အမိုးပေါ်က ကတ္တရာစီးတွေ အောက်ကြမ်းပေါ် စီးကျလို့။ အမိုးကလည်း လုံတာမဟုတ်ဘူး။ မိုးရွာလို့ မိုးယိုရင် ယိုတဲ့နေရာ သံချောင်ပုံးကလေးနဲ့ ခံထားရတာ။ နို့မဟုတ်ရင် ကြမ်းပြင်တစ်ခုလုံး စိုရွှဲရောပဲ။
ဘဝတူမိသားစုတွေကလည်း တစ်ဝန်းထဲနေကြတော့.. ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းဆိုသလို သူ့အိမ် ကိုယ်တက်၊ ကိုယ့်အိမ် သူတက် ခင်လိုက်မင်လိုက်ကြတာ။ ဆောက်လုပ်ရေး ဝန်ထမ်းအိမ်ရာထဲက ရှိသမျှ ကလေးတွေထဲ ကျွန်တော် အငယ်ဆုံးပဲ။ လေးဖက်ထောက်သွားလိုက်၊ တောက်တဲ့တောက်တဲ့နဲ့ လမ်း မလျှောက်တတ် လျှောက်တတ် ကလေးလေးဆိုတော့ အားလုံးက သတိထားမိကြတယ်။ ချစ်လိုက်ကြတာ တုန်လို့။
ဘယ်သူက စထွင်တဲ့ နာမည်လည်း မသိပါဘူး။
"ဖိုးသားလေး ရှိလား၊ ဖိုးသားလေး ဘယ်မှာလဲ ။" လို့
လာမေးကြတာများတော့ မေမေရော ဖေဖေရော ဖွားဖွားရော သူတို့ခေါ်ကြသလို ကိုယ့်သားကိုယ် ဖိုးသားလေးလို့ပဲ ခေါ်ရတော့တယ်။
"သီတာ ဖိုးသားလေးကို နို့ဖြတ်လို့ရလောက်ပြီနော်။ နင့်နို့ကို မစို့လောက်သော့ဘူး။ မနေ့ကဆို ထိုင်းက လာသဲ့ နစ်စတယ် (Nestle) ဆန်မှုန့်ကို ရေကျက်အေး နွေးနွေးကလေးနဲ့ ဖျော်တိုက်သာ။ နို့ကို မဆာဘူး။ ဆာတိုင်း အဲ့သာပဲ စားနေတော့သာ။ "
ကလေးက အသက် ၂နှစ်ပြည့်မှ နို့ဖျက်ရမယ်ဆိုပေသိ အမေခင်စန်းရီက အဲ့လိုပြောတော့ သီတာ ပိုအဆင်ပြေတာပေါ့။ ကလေးက ဆန်မှုန့်ပဲစားရင် အမေ သူ့ကျောင်းထိ နေ့တိုင်းလာပြီး တကူးတက နို့တိုက်စရာမလိုတော့ဘူး။ အမေခင်စန်းရီလည်း သွားရလာရ သက်သာတယ်လေ။ နို့မို့ဆို တစ်ရက်ကို လေးငါးခေါက် ကျောင်းနဲ့အိမ် ကလေးချီသွားရ ပြန်ရတာ အမေ့ခမျာ မသက်သာဘူး။
"ဒါဆိုလဲ.. ဆန်မှုန့် တိုက်ကြည့်သာပေါ့ အမေရယ်..."
တကယ်လည်း ဆန်မှုန့်ပဲ တွင်တွင်စားပါတယ်။ အတော်ကို ဆိုးဝါးတဲ့ ကျွန်တော်ပါပဲ။ တစ်လအတွင်း Nestle ဆန်မှုန့်ဗူး ၁၄ ဗူး ကုန်ပါသတဲ့။ ဆန်မှုန့်ဗူးတွေဆို သားသား အသက်ကြီးလာတဲ့အခါ ပြရအောင်ဆိုပြီး ဖေဖေက ဆာလာအိတ်နဲ့ ထုတ်သိမ်းထားတယ်။ တကယ်လည်း အရွယ်ရောက်တဲ့အချိန်ကျ ပြပါသေးတယ်။ အဲ့ဒါ မင်းစားထားတဲ့ ဆန်မှုန့်ဗူးခွံတွေတဲ့။ ဆာလာအိတ်နဲ့အပြည့်ပဲ။ ၇အိတ်လောက်ရှိတယ်။
ဂျာအေးနဲ့ သီတာကတော့ ဆန်မှုန့်ဗူးဖိုး ရအောင် ကုန်ကြုံးရှာပေတော့ပေါ့။ ကျွန်တော် ထမင်း စစားတတ်တဲ့အရွယ်ထိတောင် ထမင်းစားလိုက်၊ Nestle ဆန်မှုန့် ကို ကြိတ်လိုက်နဲ့။
ကလေးကို ဝန်ထမ်းအိမ်ရာဝိုင်းထဲက လူတွေက ချစ်တော့ Nestle ဆန်မှုန့်ဗူး ဝယ်ထားကြတယ်။ ဆန်မှုန့်ဗူးနဲ့ မျှားခေါ်ရင် ပါသွားပါလေရော။ ညနေကျမှ ဘယ်အိမ်ရောက်နေလဲဆိုပြီး ဖေဖေနဲ့ မေမေက လိုက်ရှာရတာ အမော။
"ဆန်ပြုတ်... ဆန်ပြုတ်ရေ... လာဟေ့၊ မုန့်မုန့်စားရအောင်..."
ဆိုရင် ကော့တော့ကော့တော့နဲ့ ပါသွားပြီ တနေကုန်...။
"အမေ... ကျမ သားနာမည် 'ဆန်ပြုတ်' သဲ့တော်။ အိမ်ရာက လူတွေ ဝိုင်းခေါ်ကြသာ"
" ညည်းသား နာမည်ကိုက စုံလို့။ ကလေး နောင်ရေး ဗေဒင် ကျမ်းဂန်ဘာညာစစ်ရအောင် ရွာက ငါ့အဖေ့ ဘိုးကျော့ခင်ဆီ ဇာတာဖွဲ့ခိုင်းဦးမယ်။ သူ့ဆီ ကြေးနန်းရိုက်စမ်းအေ့။"
အဲ့အချိန်က မြောင်ကို အမြန်ဆက်သွယ်စရာဆိုလို့ ကြေးနန်းနဲ့ စာတိုက်ကပဲ ဆက်သွယ်လို့ရတာ။ မကြာပါဘူး တစ်လလောက်နေတော့ ဘိုးကျော့ခင်ဆီက ဇာတာ တစ်စောင် လူကြုံနဲ့ ရောက်လာတယ်။ ဖတ်ကြည့်တော့ ဇာတာအဆုံးမှာ
"မောင်ထိန်လင်းအောင် အသက် (၁၂၀) ရှည်စေသော်ဝ်" တဲ့။
"အမေ.... ကျမသား နာမည် 'ထိန်အောင်လင်း' ဖြစ်သွားပြန်ပြီတော်"
ခင်စန်းရီ ခေါင်းတစ်ချက်ကုတ်ရင်း... ပုခတ်ထဲက ကလေးသာ စိုက်ကြည့်နေမိတော့တယ်။ ကလေးက ပုခတ်ထဲမှာ ကစားစရာ ပလုတ်တုတ်ကြီးကို ကိုက်လို့။
****************************
ကလေးမြို့က ဗေဒင်ဆရာဆီ ဇာတာလေးကိုင်လို့ ခင်စန်းရီတို့ ပြေးရပြီ။ နေ့သင့်နာမ်သင့် အတည်တကျနာမည်လေးတော့ လိုတယ်။ ဇာတာနာမည်အတိုင်း နဝင်းက ကိုက်ပါ့မလား။ အဖေဘိုးကျော့ခင်က ရာသီခွင်လိုက်အောင် ဇာတာက နာမည်တမျိုး အပြင်နာမည်ကျတမျိုး မှည့်တတ်တယ်။ မြေးဦးလေးအတွက် နာမည်တခု အရေးကြီးတယ်။ ဇာတာလေးကိုင် ဆရာ့ကိုပြတော့...
"စနေသား... မရဏဖွားပဲ။ နေ့သင့်နံသင့် မှည့်ရင် မကောင်းဘူး။ ခိုက်တတ်တယ်။ စနေနာမ်ဆို တ, ထ, ဒ, ဓ, န ပါအောင်လည်း မှည့်ရတယ်။ နာမည်မှာ နေ့နာမ် အဆင်းအတိုင်းမှည့်မှ နဝင်းကြေတာ။ တနင်္ဂနွေကနေ နောက်ပြန် စနေပြန်တက်တာမျိုး မမှည့်ကောင်းဘူး။ စနေဆိုရင် စနေ, သောကြာ, တနင်္ဂနွေ, တနင်္လာ, အင်္ဂါ စသဖြင့် မှည့်ရတယ်။ မရဏဖွားဆိုတော့ နေ့နာမ်ထိပ်က ထား မမှည့်သင့်ဘူး။ အဲ့တော့ သောကြာနာမ် စမယ်။ သ, ဟ ပေါ့။ နောက်ခါ စနေက တ, ထ, ဒ ,ဓ, န။ တနင်္ဂနွေနာမ်က အ, ဥ, ဧ, ဩ , ဣ ဆိုတော့ကာ။ 'ဟိန်းထက်အေး' လို့ တွင်စေ။ "
ဗေဒင်ဆရာ ပေးတဲ့ နာမည်လေး ပါးစပ်ရွတ်လို့ အိမ်ပြန်လည်းရောက်ရော။
"သီတာ..မောင်အေး နင့်သားနာမည်ရပြီ။ ဗေဒင်ဆရာက ပေးလိုက်သယ်.. 'ဟိန်းထက်အေး' သဲ့တော်..."
မေမေရော ဖေဖေရော ပြုံးလို့ ပျော်လို့။ ဖွားဖွားက ကလေး ကောက်ပွေ့ပြီး
"သားသား ... သားနာမည် 'ဟိန်းထက်အေး' သဲ့နော်။ မှတ်ထား..လူလေး 'ဟိန်းထက်အေး' ရေ...။ ဟဲ့... သီတာ ညည်းဖေကြီး ဘိုးကျော့ခင်ကို သံကြိုးရိုက်လိုက်စမ်း။ သူ့ရဲ့ မြစ်ကလေးနာမည် ဟိန်ထက်အေးလို့...."
"ဟုတ် အမေ..."
ခင်စန်းရီနဲ့ မြေး... ခင်စန်းရီရဲ့အဖေ ဘိုးကျော့ခင်နဲ့ကျ မြစ်တော်တာပေါ့။ သားရယ်၊ မြေးရယ်၊ မြစ်ရယ်၊ တီရယ်၊ တွတ်ရယ် လို့ မြန်မာ့ဆွေမျိုးစပ်ပုံက ရှိသေးတော့။ ခင်စန်းရီရဲ့ မြေးဦးလေး။ ခင်စန်းရီရဲ့ အဖေ ဘိုးကျော့ခင် နဲ့ အမေ မြကြည်ရဲ့ မြစ်ဦးကလေးပေါ့။ သူ့ မြစ်ကလေးရဲ့ နာမည်ကိုသိရင် သူတို့လည်း ပျော်ကြဦးမှာ။
ခုတော့ ကလေးကို သားမိတတွေ ဝိုင်းမြူကြတော့ တခစ်ခစ်ရီလိုက်တာ... လူကလေးက ချစ်စရာ။
*********************************
တစ်လလောက်ကြာတော့ ဂျာအေး ကလေးချီပြီး ဒေါကြီးမောကြီးနဲ့ အိမ်ထဲ ဝင်လာတယ်။ ကလေးကလဲ ရှိုက်ကြီးတငင်ငင် မျက်ရည်နဲ့ မျက်ခွက်။
" အမေနဲ့ သီတာကလဲ မဟုတ်သေးပါဘူးဗျာ "
မောင်အေး ဒေါသထွက်တာ ခုတခါပဲမြင်ဖူးတယ်။ ခင်စန်းရီက ကလေးမျက်ရည်စလေးတွေ သုတ်ပေးရင်း အကျိုးအကြောင်း မေးရတယ်။
"အာ... ကလေး ရုံးခေါ်သွားတာ။ ထမင်းစားချိန်ရောက်တော့ ထမင်းချိုင့်ဖွင့်စားကြရင်း ရုံးက စာရေးမတွေက 'ဟိန်းထက်အေး' ကို ဟင်းထည့်ပေး ဟင်းထည့်ပေးနဲ့ ဝိုင်းစကြလို့... ကလေးက ငိုပါလေရောလား။ အဲ့တာ မနည်းချော့ ခေါ်လာရတယ်။ 'ဟိန်းထက်အေး' နာမည်ကတော့ ဟုတ်သေးဘူး။ တခြားနာမည် လုပ်ကြပါဦး.."
ဗုဒ္ဓေါ... ကြံကြံဖန်ဖန် ဝိုင်းစကြတော့ သီတာ လည်း ခေါင်းကျိန်းရပြီ။
"အမေ... သူတို့ပြောသာလဲ ဟုတ်သာပဲ... ဝိုင်းစကြလို့ ကလေး စိတ်မချမ်းသာဖြစ်နေအုန်းမယ်။ တခြား နာမည်ပြောင်းကအောင်..."
ဒေါ်ခင်စန်းရီ က ကလေးကို ချော့ရင်း...
"အေးဟယ်။ ပြောင်းကြသာပေါ့...ငါလဲ စဉ်းစားပါဦးမယ်အေ "
တစ်ပတ်လောက်နေတော့ မောင်အေး ပြုံးစိပြုံးစိနဲ့ စကားဆိုပြန်တယ်။
"ခုအိမ်ပြန်လာတော့ ဗီဒီယိုရုံရှေ့ကနေ ဖြတ်ပြန်လာတာ။ နေထက်လင်း ဇာတ်ကား ပိုစတာကြီးတွေ့မိလို့... အဲ့တာ စဉ်းစားမိတာလေးပါ... ဆန်ပြုတ်ရဲ့ နာမည်ကို 'နေထက်ဦး' လို့ ပေးရင်ကော။ သီတာနဲ့ အမေ ဘယ်လိုလဲ။ "
သီတာ ကတော့ ဟင်းထည့်ပေး ထက်စာရင် တော်သေးတာပေါ့ဆိုပြီး လက်ခံတယ်။
ခင်စန်းရီကလည်း သူတို့ 'နေထက်ဦး' ဆိုတော့လည်း 'နေထက်ဦး' ရုံပေါ့လေ။
"လူကလေးရေ ... မင်းနာမည် နေထက်ဦး တဲ့ဟ ။ သီတာရေ... ငါ့အဖေ ဘိုးကျော့ခင်ဆီ သံကြိုး ထပ်ရိုက်လိုက်ဦး။ သူ့မြစ်က 'နေထက်ဦး' ဖြစ်သွားပြန်ပြီလို့... "
"ဟုတ် အမေ..."
**********************************
ကလေးမြို့မှာ 'နေထက်ဦး' ခေါ်လိုက် 'ဖိုးသားလေး' ခေါ်လိုက်ကြ 'ဆန်ပြုတ်' ခေါ်လိုက်ကြနဲ့ ။ ဘယ်လိုခေါ်ခေါ် မုန့်စားရမယ်ဆို ပါသွားပြီ။
"ဆန်ပြုတ်ရေ.... ဆန်ပြုတ် ဘယ်ရောက်သွားလဲ..."
"ထမင်းအိုးထဲ နေမှာပေါ့။ "
မေမေက ကျွန်တော့်ကို အိမ်ရာထဲ လိုက်ရှာရင် အိမ်နီးချင်းတွေက ဝိုင်းဝိုင်းစကြတာ။ မေမေ့လည်း ဆရာမလေးဆိုပြီး လူတိုင်းက ချစ်ကြတယ်။
တရက် ကလေးမြို့ကို တောင်တန်းသာသနာပြု ဆရာတော် အရှင်ဥတ္တမသာရ ဆရာတော်ဘုရားကြီး ကြွလာပြီး ကလေးမြို့မှာ သုံးရက်တိတိတရားဟောတယ်။ ရေဆူဆရာတော်ဘုရားလို့ နာမည်ကြီးတယ်။ သူနှုတ်က ဂုဏ်တော်ကွန်ချာရွတ်လိုက်ရင် ဘေးနားထားတဲ့ ပရိတ်ရေအိုးတွေ ဆူကြပွက်ကြလာသတဲ့။
အထက်အမိန့်အရ အစိုးရဝန်ထမ်းတွေ စီမံခန့်ခွဲရေးပိုင်းမှာ တာဝန်ပေးခံရတော့ ဖေဖေက ဆရာတော်ဘုရားနဲ့ နီးနီးကပ်ကပ် ဖူးမျှော်ခွင့်ရခဲ့တယ်။ ရင်းနှီးခဲ့ရပြီး ဆရာတော်ကြီးကို မြို့အကြောင်း၊ ရွာအကြောင်း လျှောက်တင်မိရင်း
ဖေဖေ့ မိသားစုအကြောင်း ပါ ဖွင့်ဟမိတော့... သားဖြစ်သူနာမည် "နေထက်ဦး" လို့ သိလိုက်ခါရှိသေး ဆရာတော်ကြီးက
"ဒကာကြီး..နေ့လည် ဆွမ်းစားပြီးတဲ့အချိန် ကလေးကို ဘုန်းဘုန်းဆီ ခေါ်ခဲ့" တဲ့။
ဖေဖေ 'ဂျာအေး' ခမျာ... အိမ်အပြေးအလွှားပြန်၊ သီတာရယ် ခင်စန်းရီရယ် ကို ပြော။ တမိသားစုလုံး ကားငှားပြီး ဆရာတော်ကြီးရှေ့ ဦးခိုက်ရင်း ကလေးကိုပြရတယ်။ ဆရာတော်ကြီး ဆွမ်းစားပြီးခါစအချိန်နဲ့ ကွက်တိလေး ရောက်လာလို့ တော်ပါသေးရဲ့။ ဆရာတော်ကြီးက ကျွန်းကုတင်ကြီးပေါ်မှာ ထိုင်နေရင်း ကျွန်တော့်ကို ခေါ်တယ်။
"လူကလေး ရှေ့တိုးဆိုတော့... "
ကလေးက နားမလည်ဘူး။ ဖေဖေနဲ့ မေမေကြား ငုတ်တုတ်။
ဆရာတော်ကြီးရှေ့ ဖေဖေက ချီပြီး ပို့ပေးမယ်အလုပ်။ ဆရာတော်ကြီးက လက်ကာပြတယ်။ ပြီးတော့ အချိုပွဲကပ်ထားတဲ့ထဲက ငှက်ပျောသီးလေးတစ်လုံး ကိုင်ပြလိုက်တော့ ကလေးက မတ်တပ်ရပ်ပြီး ကော့ကော့ ကော့ကော့နဲ့ ဆရာတော်ကြီးဆီ လမ်းလျှောက် သွားယူတယ်။ ဆရာတော်ကြီးက ပြုံးပြီး ကလေးရဲ့ လက်ဖဝါးလေးကြည့်တယ်။ ပြီးတော့ မိန့်တော်မူတယ်။
"နေထက်ဦး ဆိုတာ အတိတ်နိမိတ်မကောင်းဘူး။ နေဆိုတာ သူရိန်နေမင်းကို ဆိုတယ်။ အရမ်းပူသကွဲ့။ သူ့ထက် ဦးရင် နေထက်တောင် ပိုပူတဲ့သဘောဆောင်တယ်။ ကလေး ကြည့်ရတာ အေးတယ်။ မျက်လုံး မျက်ခုံးမှာ ငြိမ်းချမ်းခြင်းသဘောကို ဆောင်နေတယ်။ မျက်တောင်တွေ ကော့နေတယ်။ "
"တင်ပါ"
" လက္ခဏာမှာ ကံလမ်းကြောင်းလို့ ခေါ်တဲ့ ကံထီးရိုးက အတော်ရှည်တဲ့ကလေး... လက်ဖဝါးထိပ်က စတဲ့ ကံလမ်းကြောင်းဟာ... ထူးထူးခြားခြား နောက်လက်ဖမိုးထိ ပါနေတယ်။ ဘေးမှာ ရာဇမတ်ကွက်တွေ ခြံရံထားတယ်။လက်ချောင်း အရင်းတိုင်းမှာ ကံကို ထောက်မယ့် သံကွင်းစွပ်တွေနဲ့၊ လက်ဆစ်မှာ ဆံမှုန်စေ့တွေရှိတယ်၊ ဇောတိကလို သူဌေးဖြစ်မယ့်လူ။ လက်ဝါးမှာ အဖြတ်ကျွန်းတွေ ရှိနေသေးတယ်။ ကံလမ်းကြောင်းမှာလည်း အဖြတ်တွေရှိနေတယ်။ ခက်ခက်ခဲခဲကို ရဲရဲရင့်ရင့် ရင်ဆိုင်ရဲမယ့် သူ။ အစွဲကြီးမယ့်သူ၊ ခြူချာမယ့်သူ။ ဉာဏ်ပညာလည်း ကြီးမယ့် ကလေး... အဲ့တော့ နေထက်ဦးဆိုတာ ထက်..."
"တင်ပါ ဘုရား။"
ဆရာတော်ကြီးက မျက်လုံးမှိတ်ပြီး ခဏ စဉ်းစားလိုက်တယ်။
"စနေသား လူကလေး။ ဒီအရွယ်လေးနဲ့ ငှက်ပျောသီးမြင်တော့ အကြောက်အရွံမရှိ ထယူရဲတယ်။ ထက်တယ် မြက်တယ်။ ရဲရင့်တယ်။ အေးချမ်းတဲ့ မျက်လုံးနဲ့ ဆိုတော့။ 'ထက်သူရအေး' လို့ တွင်စေချင်တယ်။ 'ထက်' ဆိုတာ ထက်မြက်တယ်။ 'သူရ' ဆိုတာ ရဲစွမ်းသတ္တိကို ကိုယ်စားပြုတယ်။ 'အေး' ဆိုတာ သူ့ရဲ့ မျက်လုံးတွေပဲ။ အဲ့ မျက်လုံးကို မြင်ရင် လူတိုင်း အေးချမ်းလိမ့်မယ်။ ရှေးပါရမီကံမှာ သူ့မျက်လုံးမြင်တာနဲ့ လူတဖက်သား အေးချမ်းစေအောင် လုပ်နိုင်မယ့် ကလေး.. နဝင်းအရ ကည့်မယ်ဆို... 'ထက်သူရအေး' တဲ့..... ထ သ ရ အ။ စနေ, သောကြာ, ဗုဒ္ဓဟူး, တနင်္ဂနွေ ပေါင်းထားတာ.. ၇..၆..၄..၁ ပေါင်းရင် ၁၈ ရတယ်.။ ၁ နဲ့ ၈ ထပ်ပေါင်းရင် ၉... ။ ကိုးနဝင်းကိုက်တယ်။ 'ထက်သူရအေး' လို့သာ အမည်ပေးလိုက်တော့..."
ဆိုပြီး ထက်သူရအေး လို့ သုံးကြိမ်ခေါ်လို့ ဆရာတော်ကြီးက ကျွန်တော့်ခေါင်းကို သုံးကြိမ်တိတိ ခေါင်းကို သပ်ပေးတယ်။
တမိသားစုလုံး လက်အုပ်ချီပြီး
"သာဓု ....သာဓု....သာဓု..."
အပြန်လမ်းမှာ ခင်စန်းရီက သီတာ လှမ်းပြောလိုက်သေးတယ်။
"သီတာရေ.. အဖေ ဘိုးကျော့ခင်ဆီ သံကြိုးရိုက်စမ်းဦးဟဲ့။ မြစ်နာမည်က ထက်သူရအေး ဖြစ်သွားပြီလို့"
"ဟုတ် အမေ..."
"တကတည်း.. ညည်းကလဲ တဟုတ်ဟုတ်နဲ့.."
"အာ့ဆို... မဟုတ် အမေ့..."
"တယ်...!!"
'ထက်သူရအေး' ကတော့ ဆရာတော်ဘုရား စွန့်ပေးလိုက်တဲ့ ငှက်ပျောသီးကို ဝါးရင်း ဟိုကြည့် ဒီကြည့်။
(ဆက်လက်ရေးသားပါဦးမည်)
A Loon Kha
Keep Reading