ပြာလဲ့ရီဝေ
Words make you think.
Music makes you feel.
A song makes you feel a thought.
E.Y. Hurburg
ဒီစာလေး ဖတ်မိတော့ တော်တော် စိတ်ကျေနပ်မိပါသည်။ တော်တော် မှန်တဲ့ ဖွင့်ဆိုချက်ပဲလို့ တွေးမိပါတယ်။ Words ကို စကားလုံး စာသားအဖြစ် ဘာသာပြန်မိပါတယ်။ Music ကို တေးသွားသံစဉ်လို့ ဘာသာပြန် တွေးယူမိပါတယ်။ စကားလုံးစာသားများက တွေးတောမှုကို ပြုစေသည်တဲ့။ တေးသွားသံစဉ်များက ခံစားမှုကို ဖြစ်ထွန်းစေသည်တဲ့။ အင်မတန် မှန်သည့် ဖွင့်ဆိုချက်လို့ တွေးမိပါသည်။ ကျွန်မတို့က တေးသွားသံစဉ်ရဲ့ လှုံ့ဆော်မှု သက်သက်နဲ့ကို ခံစားချက်တွေ ဖြစ်ကြရတယ်မလား။ တက်ကြွမြူးတဲ့ သံစဉ်ဆို စိတ်တွေ မြူထူးနိုးကြားလာတက်တယ်။ လွမ်းဆွေးရတဲ့ တီးလုံးဆိုရင်လည်း အကြောင်းမရှိတောင် ဆွေးမိလွမ်းမိတဲ့ ခံစားချက် ဖြစ်မိတယ်။ ငြိမ်းချမ်းတဲ့ သံစဉ်တွေကြောင့်လည်း အေးချမ်းသွားသလို ခံစားရတာတွေလည်း ရှိတယ်။ သံစဉ်နဲ့တင်ကို ခံစားချက်တို့ လှုပ်ရှားယိမ်းနွဲ့ကြရတယ်။ page တစ်ခုမှာ ဖတ်လိုက်ရပါတယ်။ Gaho ဆိုတဲ့ Start ဆိုတဲ့ ကိုရီးယား ost song။ အဲ့ဒီ သီချင်းနားထောင်ရင်း အဲ့ဒီ တီးလုံး ရောက်ရင် လက်သီးတွေဆုပ်မိပြီးတောင် အားတက်ပြီး အားအင်တွေ ရတက်တယ်တဲ့။ ဟုတ်တယ်။ ကိုယ်လည်း အတူတူပဲ။ အဲ့ဒီ တီးလုံး တော်တော် တက်ကြွစေတာ။ မိုတီတအား ဖြစ်စေတယ်ပေါ့။ ဒါပေမယ့် စာသားအဓိပ္ပာယ် မသိဘူးလို့ ပြောပြထားပါတယ်။ ဒါက သံစဉ်သက်သက်နဲ့ကို ခံစားချက်တွေကို ခြယ်လှယ်နိုင်စွမ်းကြောင်း ဖော်ပြနေတာပါပဲ။ တရုတ်သီချင်း၊ ကုလားသီချင်း ၊ ထိုင်း စသော နိုင်ငံခြား သီချင်းတွေကို စာသား နားမလည်ဘဲနဲ့ကို ကြိုက်မိနေတာ သံစဉ်က နှလုံးသားကို ဖမ်းစားသွားနိုင်သောကြောင့်လို့ ထင်ပါတယ်။
စကားလုံးတွေ စာသားတွေ။ သူတို့ကတော့ ဦးနှောက်ကို သွားကြတဲ့သူတွေ။ တွေးတောမှုကို ပြုစေတယ်။ တွေးခေါ်မှုကို ပြုစေတယ်။ စာသားလေးကို ရွတ်ဆိုညည်းရင် ဦးနှောက်အတွေးထဲ စိမ့်ဝင်သွားတယ်။ အားတက်စရာ၏ အကြောင်းအရာ၊ လွမ်းစရာ၏ အကြောင်းခံ ၊ ဇာတ်လမ်းလေး၏ ဇာတ်ကွက်ကလေးတွေကို ဦးနှောက်ထဲမှာ သိရှိ တွေးတောသွားစေပါတယ်။ စာသားစကားလုံးလေးတွေက ဦးနှောက်ကို တွေးခေါ်မှု ပေးကြတာပေါ့။
Song ဆိုတဲ့ သီချင်းကတော့ အတွေးတစ်စကို ခံစားခိုင်းတော့တာပေါ့။ ခံစားချက်ပဲ သီးသန့်မဟုတ်။ အတွေးချည်းပဲ မဟုတ်။ တွေးတောခံစားစေတော့တယ်။ ဦးနှောက်နဲ့ နှလုံးသားလေး အတူတူတွဲဖက်ဖြစ်ကြတယ်။ ဦးနှောက်ရဲ့ တွေးတော နားလည်မှုကြောင့် ခံစားချက်တွေဟာ ပိုမိုပြီး ရှင်းလင်းပြတ်သားသွားတယ်။ သီချင်းတွေဟာ အတွေးစလေးတွေကို တွေးရင်း လိုက်ခံစားစေတော့တာပါပဲ။
E.Y. Hurburg ရဲ့ အဆိုကလေးကို ဘာသာပြန်ချင်မိတယ်။
စကားလုံးများသည် တွေးခေါ်စေစွမ်း၏။
တေးသွားသံစဉ်များသည် ခံစားစေစွမ်း၏။
သီချင်းတစ်ပုဒ်ကတော့ အတွေးတစ်စကို ခံစားစေစွမ်း၏။
Keep Reading