Hazel
အရွယ်ရောက်လာလေ ပိုနားမလည်နိုင်လေပဲ။
ငယ်ငယ်က နားမလည်ခဲ့တဲ့အရာတွေကို ကြီးလာတဲ့အခါ နားလည်လာမှာလို့ ထင်ခဲ့တာ။ အခုဆို အသက် (၂၀) ဆိုတဲ့ အရွယ်ကိုတောင် ရောက်နေပြီ။ လူတိုင်းကို နားလည်ပေးဖို့ ခက်တယ်ဆိုတာတော့ သိလာတယ်။
မိသားစုဝင်တစ်ယောက်ချင်းစီကို နားလည်ပေးဖို့ ကြိုးစားကြည့်တယ်။ အဆုံးထိရောက်အောင် မလုပ်နိုင်ခဲ့ဘူး။ ငါ့ကြောင့် ပိုဆိုးသွားတယ်ဆိုပြီး အားနာရတာတွေ၊ နောင်တရတာတွေ များလာတယ်။
ချစ်သူကိုလည်း အမြဲနားလည်ပေးနိုင်ဖို့ ကြိုးစားကြည့်တာပဲ။ တကယ်တော့ နားလည်ပေးချင်ယောင်ဆောင်တာပါ။ ကိုယ်ဖြစ်စေချင်တဲ့ ပုံစံအတိုင်းဖြစ်မလာရင် စိတ်ပျက်သွားတယ်။ အမြဲတမ်းနားလည်ပေးနိုင်ဖို့ မဖြစ်နိုင်မှန်းသိလာရပါတယ်။
သူစိမ်းတွေကိုတောင် နားလည်ပေးဖို့ ကြိုးစားကြည့်သေးတယ်။ စိတ်ကောင်းဝင်နေတုန်းတော့ နားလည်လွယ်သလိုပါပဲ။ စိတ်အဆင်မပြေတဲ့ခါကျ ဘယ်သူကမှ ကိုယ့်အနားအမြဲမရှိနိုင်ပါဘူးဆိုပြီး အပြစ်တင်နေသေးတာ။
ကိုယ့်ကိုယ်ကို နားလည်ဖို့ကတော့ နောက်ဆုံးမှ ကြိုးစားကြည့်ခဲ့တာပါ။ ကိုယ်ဘာတွေမှားမှား ကိုယ့်ကိုယ်ကို ခွင့်လွှတ်မယ်။ ကိုယ့်ကိုယ်ကို ချစ်မယ်၊ ကိုယ်အကောင်းဆုံး ရှင်သန်မယ်ပေါ့ကွာ။
ကိုယ်နားလည်ဖို့ ကြိုစားကြည့်ခဲ့တဲ့ထဲမှာ နားလည်ရအခက်ဆုံးက ကိုယ်ပဲသိလား။ ကိုယ်ဘာလိုချင်နေမှန်း ကိုယ်သေချာမသိဘူး။ ကိုယ့်အနာဂတ်အတွက်လည်း ဘာပလန်မှ မရှိဘူး။
ကိုယ်မလုပ်သင့်ဘူးလို့ ခဏခဏသတိပေးခဲ့တာတွေကိုလည်း ထပ်ခါထပ်ခါ လုပ်နေမိတယ်။ ကိုယ်တော်တော်ဆိုးပါတယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုချစ်ရမှန်းတောင် မသိတော့တဲ့ထိပါပဲ။
ကိုယ်ကြိုးစားကြည့်ပါဦးမယ်လေ။ ကိုယ့်ကိုယ်ကို နားလည်ဖို့၊ မိသားစုဝင်တွေကို နားလည်ပေးနိုင်ဖို့၊ ချစ်တဲ့သူတွေကို နားလည်ပေးနိုင်ဖို့ပေါ့။ တကယ်ရော ကြိုးစားကြည့်သင့်ရဲ့လားဟင်။
ကိုယ့်အတွေးတွေထဲ ရှုပ်ထွေးနေတာပဲ သိလား။ ကိုယ်ခဏလောက် အနားယူမှရမယ်။ နောက်ရက်တွေကျ ကိုယ်အဖြေရှာတွေ့၊ မတွေ့ လာပြန်ပြောမယ်နော်။ နားပြီ။
နားမလည်ခြင်းများစွာဖြင့်.....
ဟေဇယ်လ်
Keep Reading