Leo Nann
တစ်ခါတုန်းကပေါ့... ကျွန်းကြီးတစ်ကျွန်းနဲ့ ပင်လယ်ကမ်းစပ်ကြားကသဲပြင်ကြီးပေါ်မှာ အတော်လေးကိုကြီးမားတဲ့ချိုင့်ခွက်ကြီးတစ်ခုရှိသတဲ့။လေပြင်းမုန်တိုင်းတွေတိုက်တဲ့အခါ ကျွန်းပေါ်မှာရှိတဲ့သစ်ရွက် တွေဟာအဲ့ချိုင့်ခွက်ကြီးထဲကိုကြွေကျကုန်ကြတယ်။
ဒီလိုနဲ့ အဲ့ချိုင့်ကြီးမှာ အရွက်စိုအရွက်ခြောက်တွေအစုံစုဖုံးကုန်ပြီး ရေတောင်မစိမ့်နိုင်တော့တဲ့အထိ ဖြစ်သွားတာကြောင့် ဒီရေတက်ပြီးသွားတဲ့အခါမှာ ရေအိုင်ပေါက်စလေးအဖြစ်ကျန်ရစ်တော့တာပေါ့။အဲ့ရေအိုင်ဆီကို ဒီရေနဲ့အတူ ငါးပေါက်ကလေး၂ကောင်ပါလာသတဲ့။ နောက်တော့ ရာသီဥတုအကူးအပြောင်းဖြစ်သွားတာကြောင့်
ဒီရေတွေဟာလည်း အဲ့နေရာကိုထပ်မရောက်လာတော့ဘဲရေအိုင်ငယ်လေးနဲ့ ပင်လယ်ကြီးဟာ သပ်သပ်စီလိုဖြစ်သွားခဲ့ပါတယ်။ဒီတော့ ငါးပေါက်လေးနှစ်ကောင်က ပိတ်မိလျက်သားကျန်ရစ်နေခဲ့တာပေါ့။ပထမအစမှာတော့ ဒီငါးနှစ်ကောင်ဟာအိုင်ထဲက သစ်ရွက်ဆွေးတွေမှာ ကပ်တွယ်နေတဲ့ရေညှိတွေကိုစားသောက်ရင်း အသက်ဆက်ခဲ့ကြတယ်။အချိန်တွေကြာလာတာနဲ့အမျှ အိုင်ထဲကရေတွေဟာ တဖြည်းဖြည်းလျော့လာပြီးခမ်း စပြုလာတယ်။ဒီလိုနဲ့ငါးနှစ်ကောင်အတွက် စားကျက်ဟာ တစ်နေ့တခြားကျဥ်းမြောင်းလာတယ်။ငါးနှစ်ကောင်ကလည်း အသက်ရှင်သန်ရေးအတွက် ဆွေးနွေးကြတာပေါ့။
ပထမငါးက"ရေခမ်းရင် ငါတို့သေကြရတော့မယ်၊ဆုတောင်းနေရုံကလွဲရင် ဘာမှမတတ်နိုင်တော့ဘူး"ဆိုပြီးတော့ စိတ်အားငယ်စွာပြောသတဲ့။ဒုတိယငါးကတော့ "စိတ်အေးအေးထားပြီး အချိန်အခါကောင်းကိုစောင့်လို့ ကြိုးစားရင်ငါတို့အသက်ရှင်နိုင်ပါတယ်ကွာ၊အားမလျှော့ပါနဲ့"လို့ပြောပြောရှာတယ်။ပထမငါးလေးကတော့ သေမဲ့အရေးကိုတွေးရင်းစိတ်ဓာတ်ကျကာ အစာမစားနိုင် ဖြစ်ပြီး တမှိုင်မှိုင်တတွေတွေနဲ့ဖြစ်နေတော့တာပေါ့။
ဒုတိယငါးလေးကတော့ ရှိသမျှရေညှိတွေကိုရှာဖွေစားသောက်ပြီး ဘာလုပ်သင့်လဲဆိုတာကိုအကြံထုတ်နေသတဲ့။ပထမငါးကတော့ အစာငတ်ပြီး သေဆုံးသွားတာပေါ့။ဒုတိယငါးက အားသုံးပြီး ရေပြင်ထက်ကို ခုန်ကြည့်လိုက်တော့ အဲ့ဒီရေအိုင်နားမှာပဲ ပင်လယ်ကြီးရှိနေသေးတာကိုသိသွားတာသတဲ့။ နောက်ပြီး"ငါရအောင်သွားမယ်"ဆိုတဲ့စိတ်နဲ့ ရေအိုင်ငယ်ထဲကနေ ခုန်ထွက်လိုက်တယ်။သို့ပေမဲ့ သဲပြင်ကြီးကခံနေတဲ့အတွက် လွန့်လွန့်လူးနေအောင်ခုန်နေရတော့တယ်။အဲ့လိုနဲ့ ဒီငါးကလေးကလက်လျှော့ပြီး ရေအိုင်ငယ်လေးထဲကို တရွေ့ရွေ့လေးပြန်ခုန်လာရတယ်။ငါးကလေးက သူ့အကြံမအောင်မြင်ခဲ့ပေမဲ့ ဇွဲတော့မလျှော့ဘူးတဲ့။ဒီတစ်ခါမရရင် နောက်တစ်ခါရအောင်လုပ်မယ်ဆိုပြီး အားပြန်မွေးတာပေါ့။ နောက်တစ်ခေါက်ထပ်ခုန်တဲ့အခါမှာလည်း
ပင်လယ်ရေဆီမရောက်ပြန်ပါဘူးတဲ့။ကြိုးစားရင်း ကြိုးစားရင်းက ၄ကြိမ်မြောက်တဲ့အခါမှာတော့ အားကုန်သုံးပြီး ခုန်ထွက်လိုက်တာ ပင်လယ်ထဲထိပြန်ရောက်နိုင်ခဲ့တာပေါ့။
ဒီဖြစ်ရပ်မှာ ငါးကလေးက ဇွဲမလျှော့သင့်ကြောင်းကို သက်သေပြခဲ့တာပါပဲ။ပထမငါးကလေးလိုသာ ကြောက်ရွံ့ပြီး စိတ်ဓာတ်ကျနေခဲ့မယ်ဆိုရင် အသက်ရှင်ခွင့်လည်း ရမှာမဟုတ်ပါဘူး။
ဒီဇာတ်လမ်းလေးကနေ စာဖတ်သူတွေထံ ပေးချင်တဲ့ messageကတော့ လောကဓံနဲ့ကြုံလာရင် စိတ်အားမငယ်လိုက်ဖို့ပါပဲ။ပြဿနာတွေကြုံလာတိုင်း စိတ်ကိုအေးအေးထား၊ဉာဏ်ကိုလွှာသုံးပြီး ဖြေရှင်းတတ်ဖို့လည်း လိုပါတယ်နော်။တစ်ခါရှုံးသွားတိုင်း အဲ့အရာကို လက်လျှော့လိုက်ဖို့မတွေးပါနဲ့။နောက်တစ်ခါပြန်ကြိုးစားပါ။
မေးခွန်းရှိရင် အဖြေရှိသလို ပြဿနာရှိရင်လည်း ဖြေရှင်းနည်းဆိုတာရှိစမြဲပါ။
စာဖတ်သူလေးတို့ဟာ
ဒုတိယငါးကလေးလို ဇွဲမလျှော့တမ်း
ဘဝရဲ့အချိုးအကွေ့တွေကို ရင်ဆိုင်နိုင်ဖို့
သတ္တိရှိရပါမယ်နော်။
စိတ်ခွန်အားဟာ အရာရာပါပဲ။
ဒါကြောင့် စိတ်ခွန်အားရှိအောင်နဲ့ဘာတွေပဲဖြစ်လာပါစေ ရင်ဆိုင်နိုင်စွမ်းရှိအောင် မိမိရဲ့စိတ်ကိုပျိုးထောင်ထားရပါမယ်ရှင့်။
-------------------------------------------------
အဆုံးထိဖတ်ပေးခဲ့ကြတဲ့စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။
အားလုံးကိုအစဥ်လေးစားလျက်...
Leo Nann
(24.12.2024)
Keep Reading