မြ (စံကားဝါမြေ)
လူတွေက ပြောကြပါတယ် "အတိတ်ကို တွေးကြည့်ပြီး ခံစားမနေနဲ့။ အတိတ်ဆိုတာ ပြီးခဲ့တဲ့အရာပဲ။ ပြန်တွေးနေလို့လည်း ဘာမှမထူးတော့သလို ကျူးလွန်ခဲ့မိတဲ့အမှားတွေကလည်း ပြန်ပြင်လို့မှ မရတော့တာ။" ဆိုပြီးတော့ အမျိုးမျိုး ပြောကြပါတယ်။
သူတို့ပြောတာလည်း ဟုတ်ပါတယ်။ သို့သော် မြတို့တွေက အတိတ်ဆိုတဲ့အရာကို ပြန်မြင်ယောင်ကြည့်ပြီးတော့ "အမှားတွေကို သင်ခန်းစာယူပြီး ပိုကောင်းအောင်လုပ်မယ်၊ လေ့လာသင်ယူခဲ့တာတွေကို အသုံးချသွားမယ်၊ အမှတ်တရလေးတွေကို သိမ်းဆည်းထားမယ်" စသဖြင့် မြတို့ရဲ့ အနာဂတ်ဘဝ ကောင်းမွန်ရေးအတွက် လုပ်လို့ရတာပေါ့ရှင်။
ဒါ့ကြောင့် 2024 နှစ်ကုန်တဲ့အခါ စာဖတ်သူလေးဒီနှစ်မှာ "ဘာတွေ လေ့လာသင်ယူခဲ့သလဲ?၊ ဘာသင်ခန်းစာတွေ ရလိုက်သလဲ?၊ လူမှု့ဘဝ အတွေ့အကြုံတွေက ဘယ်လိုရှိသလဲ?" အစရှိတဲ့ ရင်ဆိုင်တွေ့ကြုံ ဖြတ်သန်းခဲ့မှုတွေအပေါ် မကောင်းတာကိုရှောင်၊ ကောင်းတာကိုဆောင်ပြီး နောင်အနာဂတ်အတွက် ကောင်းမွန်ပြီး မှန်ကန်တဲ့ ရွေးချယ်မှုတွေနဲ့ ရှေ့ဆက်လိုက်ကြရအောင်နော်။
စာဖတ်သူလေးကိုယ်တိုင် "ငါ (၂၀၂၄)မှာ ဘာတွေ လေ့လာသင်ယူခဲ့သလဲ?၊ ဘာအတွေ့အကြုံတွေ ရလိုက်သလဲ?၊ ဘာပစ္စည်းတွေ ဝယ်မိလဲ?၊ မုန့်ဖိုးရော စုမိခဲ့လား?" အစရှိသဖြင့် စဉ်းစားကြည့်လိုက်ပါ။ ပြီးရင် ကိုယ်ကြိုးစားခဲ့တာတွေအတွက် ဂုဏ်ယူပြီး မိမိကိုယ်ကို ဆုချလိုက်ပါရှင်။
စာဖတ်သူလေးက တစ်ခုခုကို လေ့လာသင်ယူခဲ့တယ်ဆိုရင် "ငါ ဘာကို လေ့လာခဲ့တယ်၊ အချိန်တွေ အလကားမဖြစ်ခဲ့ဘူး၊ (၂၀၂၄)မှာ အများကြီးမဟုတ်ရင်တောင်မှ အကျိုးရှိခဲ့ပါတယ်။" အတွေ့အကြုံပိုင်းမှာဆိုရင် မြအတွက်က လုပ်ငန်းခွင် အတွေ့အကြုံလေးတွေ ရလိုက်တာပေါ့ရှင်။
ပစ္စည်းဝယ်တဲ့အခါ "မလိုအပ်တာတွေ ဝယ်မိခဲ့တာလား? ပိုက်ဆံကို ဖြုန်းခဲ့မိသလားပေါ့။" အဲ့တာတွေကို "ငါ (၂၀၂၅)မှာ ဆင်ခြင်မယ်၊ မလိုအပ်ရင် မဝယ်ဘူး၊ လိုအပ်မှ ချွေတာသုံးစွဲပြီး ဝယ်မယ်၊ မဖြုန်းမိအောင် သတိထားမယ်" စသဖြင့် သုံးသပ်လို့ရတာပေါ့ရှင်။
မုန့်ဖိုးစုတာက ကိုယ်က ဝင်ငွေမရှိသေးလို့ မစုခဲ့မိရင်လည်း ကိစ္စမရှိပါဘူး။ "(၂၀၂၅)မှာ ကိုယ့်အတွက် မုန့်ဖိုးက တစ်နေ့ (၅၀၀)ကျပ် ရတယ်ဆိုရင် (၁၀၀)လောက်ပဲ ပုံမှန်လေး စုသွားပါ။" ဒါက မြ အနည်းဆုံးပမာဏကို ပြောပြတာပါရှင်။ ခုခေတ်အချိန်အခါမှာ မုန့်ဖိုး (၅၀၀)ခေတ်တော့ မဟုတ်တော့ပါဘူး။
ဆက်လက်ပြီး စာဖတ်သူလေးသာမက လူအားလုံးမှာ အဆင်မပြေမှုတွေလည်း သောင်းခြောက်ထောင်ရှိခဲ့ကြပါတယ်။ စာဖတ်သူလေးမှာ အဆင်မပြေမှုကြုံလာခဲ့ရင် "ငါတစ်ယောက်ထဲ အဆင်မပြေဖြစ်နေတာ၊ သူများတွေကျ အမြဲအဆင်ပြေနေတာပဲ" လို့ မတွေးမိပါစေနဲ့။ လူတိုင်းမှာ စိတ်ညစ်စရာ၊ စိတ်ပင်ပန်းစရာ၊ အခက်အခဲပေါင်း သောင်းခြောက်ထောင်က တောင်လိုပုံနေပါတယ်။
မြလည်း အမြဲပျော်ရွှင်ပြီး အဆင်ပြေနေတာ မဟုတ်ပါဘူး။ အဆင်မပြေမှုတွေလည်း အများကြီးပါ။ ဒါ့ကြောင့် အဲ့ဒီအခက်အခဲတွေကို မြနဲ့တူတူ (၂၀၂၅)ခုနှစ်မှာ အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်ကြမယ်နော် စာဖတ်သူလေးတို့ရေ....
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
31.12.2024(Tuesday)
Keep Reading