dawna
အရွယ်အပိုင်းအခြားတစ်ခုသို့ရောက်လာသောအခါ သိခဲ့သမျှ အသိအမျိုးမျိုးသည် ပို၍ အံ့ဩစရာဖြစ်လာသည်။ အသိတစ်ခုအပေါ် အမြင်ပေါင်းစုံဖြင့် ချဉ်းကပ်ဖို့ သင်ကြားခဲ့ရသည်။ ကျွန်တော့်အဖို့ သိခြင်းသပ်သပ်သည် စစ်မှန်ခြင်းမဟုတ်။ အသိကို အသိသတိအဖြစ် ချဉ်းကပ်နိုင်ဖို့ အားထုတ်ခြင်းသာလျှင် မှန်ကန်သော အမြင်တစ်ခုဖြစ်မည်။
ကျွန်တော်သည် မကြာခဏ တွေဝေတတ်သည်။ ကြည်လင်သော အသိအမြင်မရှိ၊ တွေဝေလျက် အရာရာကို တထေရာတည်း မြင်လာသည်။ နတ္ထိဆန်လာ၍ ဘာလုပ်လုပ် အချည်းနှီးဖြစ်သလို အားအင်ဆုတ်ယုတ်ကာ နှယ်နှယ်ရရ ဘာမလုပ်နိုင်ရှိတတ်သည်။ ဤသည်မှာ ကြည်လင်သော အသိသတိမရှိခြင်းကြောင့်ဟု တပ်အပ်သိလာသည်မှာလည်း ကြာမြင့်လှပြီမဟုတ်ပေ။
သမ္မာသတိသည် မှန်ကန်သော အမြင်ဟု ကျွန်တော် နားလည်သည်။ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းကို ကျွန်တော် ဆည်းပူးအပ်သည်။ သို့ရာတွင် ဘယ်အရာသည် မှန်ကန်၍ ဘယ်အရာသည် မှားသည်ဟု ကျွန်တော် ပိုင်းခြားနိုင်သနည်း။ စိုးရွံ့သော စိတ်သည် ဒုက္ခပေးနေသည်။ တွေဝေမှုကို ကျောခိုင်းဖို့ အချိန်တန်လာပြီ မဟုတ်ပါလား။
ဒေါန
ဗုဒ္ဓဟူး။
Keep Reading