တင်ညွန့်
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရှိသည်။ သူက ယခုအချိန်တွင် သူဌေးကြီးတစ်ယောက် ဖြစ်နေပြီ။ သူရော ကျွန်တော်ပါ ၁၀တန်း မအောင်မီကအလုပ်အတူတူ တွဲလုပ်ဖူးသည်။ အလုပ်ဆို၍ ကြီးကျယ်သော အလုပ်ကြီးမဟုတ်။မှောင်ခိုအလုပ်ဖြစ်သည်။ ကျွန်တော်တို့ ပဲခူးနှင့်မန္တလေး အစုန်အဆန် ရထားဖြင့်သွားကာ မှောင်ခိုကုန် ကူးခဲ့ကြသည်။ ၁၉၇၄ ခုနှစ်လောက်ကဖြစ်သည်။
နောက်တော့ကျွန်တော်က ၁၀တန်းအောင်သွားသည်။ ကျွန်တော့်သူငယ်ချင်းက ၁၀ တန်းမအောင်ပါ။ သူနှင့် ကျွန်တော် စပ်တူစပ်ဖက် အလုပ်လုပ်သဖြင့် အကျိုးအမြတ်တွေ ခွဲကြသည်။ တစ်ယောက် နှစ်သောင်းစီ ရကြသည်။ ကျွန်တော်က မှောင်ခို ဆက်မလုပ်တော့။ တက္ကသိုလ် ဆက်တက်ရန်ဖြစ်သည်။ သူငယ်ချင်းကတော့ ကုန်စုံဆိုင်တစ်ဆိုင် စဖွင့်သည်။ ကျွန်တော်က ကျွန်တော်ရသည့် ငွေတွေနှင့် ပညာဆက်သင်သည်။
ယခုတော့ကျွန်တော်ကပညာတတ် ငမွဲ ကျောင်းဆရာအငြိမ်းစား၊ စားရေးသူ တစ်ယောက်အဖြစ် အသက် မွေးနေသည်။. ကျွန်တော့် သူငယ်ချင်းကတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို လုပ်နေသည့် သူဌေးကြီးတစ်ယောက်ဖြစ်နေပြီ။သူ့မှာ ကြွယ်ဝမှုပေါင်းက မပြောနိုင်လောက်အောင်ပင်။
သူနှင့် ကျွန်တော် မကြာသေးမီက ချိန်းပြီး ရန်ကုန်မြို့ထဲတွင် ထမင်းစားကြသည်။ ချစ်တီးဆိုင်တွင် ဖြစ်သည်။ ပြီးတော့ ကျွန်တော်တို့ ကော်ဖီဆိုင်တစ်ဆိုင်ထိုင်ကာ အေးအေးဆေးဆေး စကားပြောကြသည်။
ယခုကျွန်တော်ရေးမည့်အကြောင်းအရာများသည် သူနှင့်ကျွန်တော်ပြောဆိုဆွေးနွေးခဲ့ကြသော အကြောင်းများ ဖြစ်ပါသည်။
ယနေ့ခေတ်တွင် လူတွေအဘယ်ကြောင့်ကြွေးတင် နွံနစ် ကျွန်ဖြစ်နေကြရသနည်း။
သူတို့သည် အနာဂတ်အတွက် ရှင်သန်ရပ်တည်ခြင်းမရှိ၊ ယနေ့ဆိုသည့် ပစ္စုပ္ပန်ကာလတိုလေးအပေါ်တွင် သာယာမွေ့လျော်နေကြသောကြောင့်ဖြစ်သည်။ ထို မျက်မှောက်ပျော်တွေက ပြောကြသည်။
“မနက်ဖြန်ဆိုတာ တွေးမနေနဲ့ ... သူ့ဘာသာသူ ဖြစ်သွားလိမ့်မယ်”
ထိုစကားသည် အလွန်မရေရာသော တွေးခေါ်မြော်မြင်မှုဖြင့် ပြောဆိုသော စကားများဖြစ်သည်။ သူတို့က
“ယနေ့စားသောက်ရဖို့အရေးကြီးတယ်။ ယနေ့စားနေတာ မနက်ဖြန်အတွက် အားဖြစ်တယ်” ဟုလည်း ဆိုကြပြန်သေးသည်။ သူတို့က မနက်ဖြန်ကို အမှန်တ ကယ်ရှိနေသည်ဟု ယူဆကြသောကြောင့်ဖြစ်သည်။
မနက်ဖြန်ဆိုတာ တကယ်ရှိသလား တွေးကြည့်ရအောင်ပါ။
မနက်ဖြန်တွင် ခြေထောက် သို့မဟုတ် လက် တစ်ခုခု ဆုံးရှုံးသွားလျှင် ဆိုသည့် အတွေးမျိုး တွေးဖူး ပါသလား။ကားတိုက်ပြီးမသေဘဲ ကိုယ်ခန္ဓာတစ်ခုခု ချွတ်ယွင်းကာ ဘဝပျက်သွားလျှင်ဆိုသည့် အတွေးမျိုးကို မည်သူမျှ မတွေးဘဲ အသက်ရှင်နေကြသည်။
မနက်ဖြန်တွင် ဘာမျှ မလုပ်နိုင်တော့သည့် ဒုက္ခတိဘဝရောက်သွားလျှင်သင်သည် မည်သို့ ရပ်တည် ရှင်သန် မည်နည်း။အနာဂတ်ကို ထိုသို့သောအသိမျိုးဖြင့်တွေးပြီး ရင်ဆိုင်ရန် အသင့်ပြင်ဆင်သင့်သည်။
လူကတစ်ခုခုမဖြစ်ဘဲ ရှင်သန်နေသည်ဆိုလျှင်လည်း အသက်မကြီးတော့ပြီလော။ အိုမင်းမစွမ်းဘဝကို မရောက်တော့ပြီလော။ လူဆိုသဖြင့် တစ်နေ့ အိုရမည်၊ နာရမည်၊ သေရမည်သာဖြစ်သည်။
အိုနာသေဘေးအတွက် သင်ဘာတွေပြင်ဆင်ထားပြီးပြီနည်း။
ဘဝတွင်အလုပ်နှင့်ရင်းနှီးမြှုပ်နှံမှုတို့သည်အရေးကြီးသည်။ လူတိုင်း ဘဝနောင်ရေးအတွက် ရင်းနှီးမြှုပ်နှံှံမှု တစ်ခုခု လုပ်ရမည်ကို မေ့နေကြသည်။ လက်ထဲငွေရှိလျှင် သုံးဖြုန်းလိုက်ရန်သာ သိကြပြီး အနာဂတ်အတွက် ဘာတွေ ရင်းနှီးမြှုပ်နှံရန်လိုသည်ဆိုခြင်းကို မေ့နေကြသည်။
ကျွန်တော့် သူငယ်ချင်းက ငွေကိုရင်းနှီးမြှုပ်နှံပြီး အလုပ်ကိုကြိုးစားကာ ယနေ့ သူဌေးကြီးတစ်ယောက်ဖြစ် နေသည်။
ကျွန်တော့် သူငယ်ချင်းနှင့် ကျွန်တော် ကွဲကွာသွားသည်မှာ နှစ်ပေါင်း ၅၀ ခန့်ရှိပြီ။
“မင်းက အလုပ်မလုပ်တော့ဘူး ကျောင်းဆက်တယ်မယ်ဆိုပြီးတော့ အမြတ်တွေခွဲပေးဖို့ပြောတော့ ငါ စိတ်မကောင်း ဖြစ်သွားတယ်။ ငါက ကျောင်းဆက်မတက်နိုင်တော့ဘူးလေ”
“အဲဒါကြောင့်လည်း မင်းက ခုလို သူဌေးဖြစ်နေတာပေါ့ကွာ...ငါမင်းခုလိုဘဝမျိုးရောက်သွားတာ အားကျနေတာ”
“ငါက မင်းကို ပိုပြီးအားကျတာ”
“ဘာဖြစ်လို့လဲ”
“မင်းကပိုက်ဆံမချမ်းသာပေမယ့်ပညာချမ်းသာတယ်လေကွာ။ မင်းစာတွေအများကြီးရေးနိုင်တာပဲ။ ငါက အဲဒီလို ဘဝမျိုးကို အားကျတာ”
နောက်ဆုံး ကျွန်တော်တို့ ကောက်ချက်ချကြသည်။
ကျွန်တော်တို့ နှစ်ယောက်ရှိသည့် ငွေလေးကို အကောင်းဆုံး ရင်းနှီးမြှုပ်နှံနိုင်ခဲ့ကြသည်။ ကျွန်တော်တို့အနာဂတ် အတွက် သူက ငွေကို ငွေဖြစ်အောင်ပြန်လုပ်ပြီး ချမ်းသာသည်။ သူက ပိုက်ဆံချမ်းသာသူ။ ကျွန်တော်ကတော့ရှိသည့်ငွေလေးကိုပညာဆက်သင်ရင်း ပညာချမ်းသာအောင်လုပ်သည်။ ကျွန်တော်က ပညာချမ်းသာသူ။
ကျွန်တော်တို့ ကိုယ့်ဘဝကို ကိုယ်ကျေနပ်ကြသည်။ သူက ပိုက်ဆံချမ်းသာပြီး သားတွေသမီးတွေနှင့် သူ့ အိုနာသေဘေးအတွက် ဘာတစ်ခုမျှ စိုးရိမ်စရာမလိုအောင် ရှာဖွေစုဆောင်းပြီးပြီ။ ကျွန်တော်က ပိုက်ဆံ မချမ်းသာသော်လည်း ကိုယ်တတ်သည့် ပညာဖြင့် စိတ်အချမ်းသာဆုံးဖြစ်အောင် နေထိုင်နိုင်ခဲ့သည်။ ပညာဖြင့် ထမင်းမငတ်အောင်၊ အောက်ကျနောက်ကျဘဝမျိုးမရောက်အောင်၊ လူချစ်လူခင်ပေါများအောင် နေထိုင်တိုင်ခဲ့သည့်အတွက်ကျွန်တော်ကျေနပ်သည်။
“ကိုယ်စိုက်တာကိုယ်ပြန်ရိတ်ရသည်”ဆိုသည့် စကားပုံရှိသည်။
စပါးစိုက်လျှင် ဆန်စားရမည်။
မြက်စိုက်မိလျှင် နွားကမြက်စားပြီး လူကငတ်သွားလိမ့်မည်။
တင်ညွန့်
Keep Reading