ဆောင်းဦးနွေ
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက
ကုသိုလ် ,ဥစ္စာ, ကျန်းခန့်သာ၍၊
ပညာတန်ခိုး တမျိုးမျိုးမှ၊
ထိုနေ့အတွက် ကျိုးမထွက်၊
သက်သက်ဝမ်းနည်းဖွယ်။
လို့မိန့်တော်မူတာမှတ်သားနာယူဖူး၏။
ကျန်းမာသန်စွမ်းနေသောလူတစ်ယောက်ကနေ့စဉ်ဘဝမှာ ကုသိုလ်, စီးပွါးရေးအကျိုးအမြတ်,အသိပညာ အတတ်ပညာ ,တစ်ခုခုမှမရရှိဘူးဆိုရင် ထို့နေဟာ အင်မတန်ဝမ်းနည်းဖွယ်ကောင်း၏ ဟု မေတ္တာရှေ့ထားပြီးမိန့်တော်မူထားတာဖြစ်၏။ဆရာတော်ဘုရားကြီးကို "နှစ်ဆယ်ရာစု၏ အရှင်မဟာဗုဒ္ဓဃောသ"ဟုတင်စားထားကြ၏။
အေဒီ ၅ရာစုလောက်က သီဟိုရ်ပြည်(သိီရိလင်္ကာ)၌ မြတ်စွာဘုရားဟောကြားခဲ့သောပိဋကတ်သုံးပုံကို အဋ္ဌကထာကျမ်းပေါင်းများစွားစီရင်တော်မူခဲ့သော အရှင်မဟာဗုဒ္ဓဃောသ ဟူသောမထေရ်တစ်ပါးရှိခဲ့ဖူး၏။ ထိုအရှင်၏ကျေးဇူးကြောင့် မြန်မာ့နိုင်ငံ၏ သာသနာသည်ပိုပြီးတောက်ပခဲ့လေ၏။ ယခုအရှင်ဇနကာဘိဝံသသည်လည်း ခေတ်နှင့်လျော်ညီစွာ နှောင်းလူတွေ ပိဋကတ်စာပေသင်ယူလေ့လာတဲ့အခါ နားလည်လွယ်အောင် ဘာသာဋီကာပေါင်းများစွာကို ရေးသားစီရင်ခဲ့၏။ ထိုကြောင့်နှစ်ဆယ်ရာစု၏ အရှင်မဟာဗုဒ္ဓဃောသဟုတင်စားကြတာဖြစ်၏။ ဒေါက်တာသန်းထွန်းကလည်း နှစ်တစ်ရာအတွင်း အတော်ဆုံး ဘုန်းကြီး, ရှင်ဘုရင်, လူပုဂ္ဂိုလ်, ရွေးချယ်ခဲ့ရာ၊ဘုန်းကြီးထဲမှာ အရှင်ဇနကာဘိဝံသ၊ရှင်ဘုရင်ထဲမှာ ဘိုတော်ဘုရား၊ လူပုဂ္ဂိုလ်ထဲမှာ ဗိုလ်ချုပ်အောင်းဆန်းဟု ရွေးချယ်ခဲ့၏။ဆရာတော်ဘုရားကြီးသည် စာပေကျမ်းဂန်အတော်နှံ့စပ်သည့်အလျောက် ၊ နိုင်ငံသူနိုင်ငံသားတို့ကို ရခဲ့သောလူ့ဘဝမှာ ဘုရားသာသာနာနှင့်တွေ့ကြုံခိုက် အချည်းနှီးမဖြစ်အောင် နေ့စဉ်ဘဝကိုတန်ဖိုးရှိစွာ ဖြန်သန်းစေချင်၏။ ထိုကြောင့်လည်း ဘာသာရေးကျမ်းပေါင်းများစွာရေးသားခဲ့၏။ ဆရာတော်ဘုရားကြီး၏ နိုင်ငံကျော်အဆိုအမိန့်ဖြစ်တဲ့ "စိတ်ကောင်းရှိဖို့ပထမ"ဆိုတဲ့ ဩဝါဒစကားဟာ အင်မတန်မှန်ကန်၏။ စိတ်ကောင်းမရှိရင် လူတစ်ယောက်သည် မည်မျှချမ်းသာကြွယ်ဝပြီးအောင်မြင်နေစေကာမူ ဘဝကူးမကောင်းမှာသေချာ၏။ ဘုရားအဆူဆူတို့မိန့်တော်မူခဲ့သော "မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထား"ဆိုတဲ့ ဩဝါဒနှင့်ညီ၏။ ဆရာတော်ဘုရားကြီး၏ ဩဝါဒကိုနာယူပြီး နေ့တိုင်းညအိပ်ယာဝင်တဲ့အခါ "ငါဒီနေ့ ကုသိုလ်,ပညာ, ဥစ္စာ,သုံးခုထဲက ဘာရခဲ့လည်းလို့"စဉ်းစားဖြစ်၏။ ဘာမှမရခဲ့သေးရင်တော့ ဘာဝနာလေးတစ်ခုခု မိနစ်အနည်းငယ်ပွါးပြီးမှ အိပ်ဝင်ယာဝင်၏။ တစ်နေ့တာအတွက် ဝမ်းနည်းမှုကင်းဝေးကြပါစေ။
Keep Reading