Leo Nann
တချို့က စာတွေတော့ဖတ်ကြပါရဲ့။သို့ပေမဲ့ ဖတ်တိုင်းအကျိုးမရှိဖြစ်နေတတ်ပါတယ်။
ဖတ်သာဖတ်လိုက်ရပေမဲ့ အသိဉာဏ်ကို အထောက်အပံ့ဖြစ်မလာစေတဲ့စာပေတွေအများကြီးပါပဲ။ဒါကြောင့် ဖတ်ရကျိုးလည်းနပ်ပြီး အချိန်ကုန်ရတာတွေအတွက်လည်းတန်ဖိုးရှိသွားစေဖို့ လီယိုဖတ်ဖူးသမျှ စာအုပ်တွေထဲကတစ်အုပ်ကို ညွှန်းပေးသွားပါမယ်ရှင့်။
ဒီတစ်ခါမှာတော့ လီယိုကစာဖတ်သူတွေအတွက်
ဆရာမ မိုးမိုးအင်းလျားရေးသားထားတဲ့ "ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား"ဆိုတဲ့ ပညာပေးဝတ္ထုလေးကို reviewအနေနဲ့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။
ခေါင်းစဥ်လေးကို ဖတ်ကြည့်ရုံနဲ့ မိန်းကလေးငယ်တစ်ဦးရဲ့ အချစ်အကြောင်းဖြစ်လိမ့်မယ်ဆိုပြီး
ရိပ်စားမိကြမှာပါ။
ဒီဝတ္ထုလေးက ဆရာမ မိုးမိုးအင်းလျားရဲ့
လက်ရာကောင်းလေးတစ်ခုဖြစ်ပြီး
ပညာပေးစာပေဆိုလည်းမမှားပါဘူး။
ဒီစာအုပ်မှာဇာတ်အိမ်တည်ထားတဲ့အကြောင်းအရာတွေဟာ လောကမှာ အမှန်တကယ် ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်တွေလို့လည်း
ယူဆလို့ရပါတယ်။ဆရာမ မိုးမိုးအင်းလျားရဲ့ စာဖတ်သူတွေအပေါ်ထားရှိတဲ့စေတနာ အငွေ့အသက်တွေကိုလည်းခံစားရမှာပါ။
ဒီဝတ္ထုလေးကို လီယိုရဲ့ မြန်မာစာဆရာမနဲ့ အရေးအသားတွေအကြောင်း
ဆွေးနွေးကြရာမှ ဆက်စပ်မိပြီး တီချယ်ကဖတ်ဖို့ညွှန်းပေးခဲ့တာပါ။
တီချယ်ကအညွှန်းကောင်းလွန်းတာကြောင့် မဆိုင်းမတွပဲဖတ်ဖြစ်ခဲ့ပါတယ်။
အထူးသဖြင့် အချစ်အကြောင်းကို မသိနားမလည်သေးတဲ့ လူငယ်လေးတွေအနေနဲ့ ပိုပြီးဖတ်သင့်တယ်လို့လည်း ထင်မြင်မိပါတယ်။
စာမြည်းအနေနဲ့ ဇာတ်လမ်းအသွားအလာလေးကို အကျ ဥ်းချုံး ဖော်ပြပေးသွားပါမယ်ရှင့်။
တက္ကသိုလ်တက်ခါစ လူငယ်လေးတွေမှာ
ဖြစ်လေ့ရှိတဲ့ ပုံစံလေးတွေကို ဝတ္ထုထဲမှာ ပုံဖော်ထားတာလည်းတွေ့ရပါတယ်။
ဝတ္ထုထဲက
စုဆိုတဲ့ အမျိုးသမီးငယ်လေးဟာ တစ်အိမ်လုံးမှာအငယ်ဆုံးသမီးလေးဖြစ်ပြီး
မျက်စိအောက်မှာ အရိပ်တကြည့်ကြည့်နဲ့
သည်းသည်းလှုပ်အချစ်ခံရတဲ့ မိတဆိုး သူဌေးသမီးလေးပါ။သူမဟာ စိတ်ကူးယဥ်ဆန်တဲ့မိန်းကလေးဖြစ်ပြီး
ကဗျာတွေ၊စာတွေ ရေးရတာကို ကြိုက်နှစ်သက်သူကလေးပေါ့။အစ်ကိုတွေကြားမှာ ကြီးပြင်းလာခဲ့ရပြီး
မိသားစုရဲ့အဆုံးအမတွေနဲ့ အမြဲထိတွေ့နေရသူလေးလည်းဖြစ်တယ်။
တင်းလွန်းလျှင်ပြတ်ဆိုသလိုပဲ စုတစ်ယောက် စာရေးဆရာတစ်ယောက်နဲ့ တိတ်တိတ်ကလေး ခိုးတွဲတော့တာပေါ့။
နောက်ပိုင်းမှာ အိမ်က ရိပ်မိသွားပြီး
စုကို သူမဖေဖေက တည်တည်ငြိမ်ငြိမ်ပဲ
သတိပေးတာပေါ့။စုလည်းအတော်လေးရှက်သွားပြီး စာရေးဆရာကို အဆက်အသွယ်ဖြတ်ခဲ့တယ်။
နောက်တော့ အဲဒီစာရေးဆရာဟာ ရုတ်တရက် မိန်းမထယူသွားတဲ့အခါ
စုတစ်ယောက်ပထမဆုံးအကြိမ် အသည်းကွဲတယ်လို့ပြောရမယ်။ စာတစ်ရွက်၊ဖိတ်စာတစ်စောင်လောက်တောင်ရောက်မလာဘဲ
သူမ မသိခင်မှာလက်ထပ်သွားခဲ့သူကို
သူမနားမလည်နိုင်ခဲ့ပါ။သူမကသာ
ခံစားနေရပေမဲ့ တစ်ဖက်သူက မည်သို့ရှိမည်မသိတဲ့ ခံစားချက်ကြီးက အဆိုးဆုံးဖြစ်နေခဲ့တာပေါ့။နောက်တော့ နေမင်းဆိုတဲ့ ဂျစ်ကန်ကန် အမျိုးသားလေးနဲ့
ချစ်ကျွမ်းဝင်ပြီး ခပ်မြန်မြန်လက်ထပ်ပစ်ခဲ့ပါတယ်။
သူမကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့ အချိန်အတောအတွင်းမှာ သေချာမစဉ်းစားဘဲ လုပ်ချင်ရာတွေလုပ်မိသွားခဲ့ပါတယ်။နေမင်းက မိခင်ကြီးတစ်ဦးပဲရှိတော့တဲ့ ခပ်နွမ်းနွမ်း အသိုက်အမြုံထဲက လူငယ်တစ်ဦးပါ။
သူတို့၂ဦးဟာအိမ်ကသဘောတူလို့မဟုတ်ဘဲ အားလုံးကဝိုင်းတားကြတဲ့ကြားက ခိုးပြေးခဲ့တာပါ။စုဟာ သူမကို ရတနာတစ်ပါးလို တခမ်းတနားထားတဲ့ရပ်ဝန်းကို ကျောခိုင်းပြီး ဆင်းရဲတွင်းထဲကိုခုန်ဆင်းခဲ့တော့တာပေါ့။
စုဟာ နေမင်းအပေါ်မှာ"ဒီကောင်လေးကို ငါပြုပြင်နိုင်ပါတယ်"ဆိုတဲ့အတွေးနဲ့
ဆိုးသမျှကို သည်းခံပေးတဲ့သဘောရှိပါတယ်။လွမ်းရေးထက်ဝမ်းရေးခက်တယ်ဆိုတဲ့ စကားရှိတယ်မဟုတ်ပါလား။
စုတို့၂ယောက်ရဲ့ အိမ်ထောင်ရေးဟာ ကြပ်တည်းခက်ခဲပြီး အဆင့်အတန်းချင်းမတူတဲ့အသိုင်းအဝိုင်း၂ခုကလည်းပေါင်းစည်းလို့မရတာကြောင့် အဆင်မပြေမှုတွေနဲ့ပဲကြုံခဲ့ရတယ်။ဒီအပိုင်းမှာလီယိုအနေနဲ့ စုကိုချီးကျူးလိုစိတ်ဖြစ်မိတာလေးရှိပါတယ်။စုက သူမ ရွေးချယ်ထားတဲ့နေမင်းအပေါ်မှာ စိတ်ရှည်သည်းခံနိုင်ပြီး သတ္တိရှိတဲ့မိန်းမတစ်ဦးဖြစ်တာကတစ်ကြောင်း၊ငယ်ရွယ်
ပေမဲ့သစ္စာရှိတဲ့အမျိုးသမီးတစ်ဦးဖြစ်တာကတစ်ကြောင်းရယ်ကြောင့် သဘောကျမိသလိုလိုပါ။
ချို့တဲ့သူတွေဆို နှိမ်ချင်ကြတဲ့လူ့ဘောင်အသိုက်အဝန်းကို "စု"တစ်ယောက် အချစ်တစ်ခုတည်းနဲ့ ဘယ်လိုတွန်းကန်သွားမလဲဆိုတာတွေကိုလည်း
ဖတ်ရှုရမှာဖြစ်လို့ စိတ်ဝင်စားစရာလည်းကောင်းပါတယ်။
အဆုံးသတ်မှာ စုတစ်ယောက်ရင့်ကျက်လာခဲ့သလို
နေမင်းကရော ရင့်ကျက်လာပါ့မလားဆိုတာတွေကို
ဖတ်ရှုရမှာပဲဖြစ်ပါတယ်။
ဝတ္ထုစာပေအမျိုးအစားကို ဖတ်ရတာ မကြိုက်တဲ့လူငယ်တွေပါ ဖတ်ကြည့်ဖို့ထိုက်တန်တဲ့စာအုပ်ကောင်းလေးဖြစ်ကြောင်း ဝေမျှပေးလိုက်ရပါတယ်နော်။
ဝတ္ထုရဲ့ဇာတ်အိမ်ဟာ ဒီဘက်ခေတ်မျိုးဆက်မဟုတ်ဘဲ
အရင်ခေတ်ဆန်ဆန်ဖွဲ့တည်ရေးသားထားတာကြောင့် ဒီနေ့ခေတ်လူငယ်တွေမှာ မတွေ့ရနိုင်တဲ့ အတွေးအခေါ် အယူအဆတွေကိုပါ သိရှိရမှာဖြစ်ပါတယ်။
လီယိုအနေနဲ့ ဒီစာအုပ်ကိုစဖတ်တဲ့အချိန်
ကိုယ်တိုင်ကလည်း "စု"ဆိုတဲ့ ဇာတ်ကောင်နေရာမှာစီးမျောမိသွားခဲ့တဲ့အထိ ဇာတ်အိမ်က ခိုင်မာပီပြင်တာကိုလည်းတွေ့ရပါတယ်။
တက်သစ်စ စာရေးဆရာတွေအနေနဲ့ အတုယူသင့်တဲ့ အရေးအသားလို့လည်း
ဆိုရမှာပါ။
တစ်အုပ်လုံးကိုဖတ်အပြီးမှာ ဒီစာတွေကနေ လီယိုရလိုက်တဲ့ messageတစ်ခုကတော့
"ချစ်ခြင်းမေတ္တာကို ထိတွေ့တဲ့အခါ နှလုံးသားနဲ့အတူ ဦးနှောက်ကိုပါ အသုံးချဖို့လိုတယ်" ဆိုတာပါပဲ။
စာဖတ်သူလေးတို့ကရော ဘယ်လို သင်ခန်းစာတွေရလာမလဲဆိုတာသိရဖို့အတွက် ဖတ်ကြည့်လိုက်ကြတော့နော်။
အချစ်အကြောင်းကို
သေချာနားမလည်သေးရင်၊လောကဓံကို ခံနိုင်မယ့် အရည်အချင်းမရှိသေးရင်
မစမ်းကြည့်ဖို့နဲ့ မရူးမိုက်ကြဖို့လည်း
အကြံပေးလိုက်ပါရစေနော်။
-------------------------------------------------
စာဖတ်သူလေးတို့အနေနဲ့ ဒီဝတ္ထုလေးကို
ဖတ်လိုတယ်ဆိုရင် လီယိုဆီမှာ pdf fileရှိကြောင်း သတင်းကောင်းပါးလိုက်ပါရစေရှင့်။
လီယိုရဲ့ telegram acc:@nanthirihlai မှာ လာယူလို့ရပါပြီနော်။
အဆုံးထိဖတ်ပေးခဲ့ကြတဲ့စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်။
အားလုံးကိုအစဉ်လေးစားလျက်.... Leo Nann
Keep Reading