တင်ညွန့်
ကျွန်တော်နေထိုင်သည့် ပတ်လည်တွင် ချောင်ကြားထဲက လူသားတွေ များလှသည်။
လူနေချောင်ကြား၊ စိတ်နေလည်း ချောင်ကြားတွေဖြစ်ကုန်ပြီ။
ထိုသူများကို ချောင်ကြားထဲက မည်သို့ ဆွဲထုတ်ကြမည်နည်း။
သူ့အမည်က “စိုးချစ်”။ သို့သော် သူ့ကို တစ်လမ်းလုံးက “ဇိုးချစ်” ဟုသာခေါ်ကြသည်။ လူကမိုက်တိမိုက်ကမ်း။ ထောင်ထဲလည်း အကြိမ်ကြိမ်ရောက်ဖူးသည်။ အကြိမ်ကြိမ်လည်း ပြန်လွတ်လာသည်။ တစ်ကြိမ်ပြန်လွတ် လာတိုင်း အမှတ်တိုးပုံရသည်။ နောက်တော့ လူမိုက်ခေါင်းဆောင်ဖြစ်လာသည်။
ဇိုးချစ် ထောင်ကျနေစဉ် သူ့မိန်းမက အခြားလင်နောက်လိုက်သွားသည်။ ဤရပ်ကွက်တွင် မနေရဲသဖြင့် ထွက်ပြေးသွားသည်။ ဘယ်ကို ရောက်မှန်းမသိ။ ဇိုးချစ်က ထောင်ထဲတွင် လူသတ်မှုနှင့် တစ်နှစ်သာ နေခဲ့ရသည်။ ဘယ်ပုံဘယ်နည်း လွတ်ငြိမ်းထဲပါလာသည်မသိ။
ပြန်လွတ်လာတော့ သူ့မိန်းမ ထွက်ပြေးသွားမှန်း သိသော်လည်း အေးအေးဆေးဆေးပင်။ ဘယ်ပုံဘယ်နည်း ပိုက်ဆံတွေ သုံးနိုင်သည်မသိ။ ရပ်ကွက်ထဲတွင် ဆေးရောင်းသလိုလို သတင်းတွေ ထွက်နေသည်။ သို့သော် ဇိုးချစ်က အားလုံးကို ပိုင်သည်ဟုဆိုသည်။
ဇိုးချစ်တစ်ယောက် ခင်ရီဆိုသည့် ကောင်မလေးနှင့် တွဲသည်။ ခင်ရီက တစ်ခုလပ် တစ်လင်ကွာဖြစ်ပြီး သမီးလေးတစ်ယောက်ရှိသည်။ သမီးလေးက ၈ တန်းကျောင်းသူလေးဖြစ်သည်။
ဇိုးချစ် မိန်းမဖြစ်လာသော ခင်ရီသည် ရပ်ကွက်ထဲတွင် ပေါ်ပေါ်ထင်ထင် ချဲရောင်းသည်။ ရွှေတွဲလွဲ ငွေတွဲလဲ တွေဖြစ်လာသည်။ ဆိုင်ကယ်ကို အတွဲမပါဘဲ စီးခွင့်ရသည့် အတန်းစားထဲတွင် ဇိုးချစ်တစ်ယောက်ပါသည်။ ဘေးတွဲမပါ၊ ဦးထုပ်မပါ၊ လိုင်စင်မပါလျှင် ဆိုင်ကယ်တွေကို ဖမ်းသည်ဆိုသော်လည်း ဇိုးချစ်ကို ဖမ်းမည့်သူ တစ်ဦးမျှမရှိ။
တစ်နေ့တွင် ဇိုးချစ်နှင့် သူ့မိန်းမတို့ အကြီးအကျယ် စကားများကြသည်။ သူ့မိန်းမက ယခင်လင်ကြီးနှင့် ပြန်ဆက်သွယ်သောကြောင့်ဟုဆိုသည်။ မိန်းမကို ထိုးကြိတ်ထားသည်မှာ ရစရာမရှိ။ မျက်နှာတွေ ဖူးယောင် ကုန်တော့သည်။ မကြာပါ ခင်ရီတစ်ယောက် ကြွက်ဆေးတွေသောက်ပြီး သေသည်။ သူ့ဘာသူ သောက်သလား၊ အတင်းအတိုက်ခံရသလားမသိ။ ခင်ရီတစ်ယောက် သေသွားသည်။
ခင်ရီသေသွားသည့်အခါ သူတို့သမီးလေး မိခင်မဲ့ ကျန်ခဲ့သည်။ ပထွေးဖြစ်သူနှင့် တစ်အိမ်တည်းနေရန် မသင့်ဆိုကာ ခင်ရီ့မိဘတွေက လာခေါ်သည်။ သို့သော် သမီးဖြစ်သူက မလိုက်။ အဘယ်မှာလျှင် လိုက်နိုင် ပါအံ့နည်း။ ဇိုးချစ်နှင့်ရထားသော ကိုယ်ဝန်က ထိုကလေးဗိုက်ထဲတွင် သုံးလခန့် ရှိနေပြီ။ ထိုကိစ္စကြောင့်ပင် လင်မယားချင်း ပြဿနာတက်သည်ဟု ယူဆကြသည်။
မကြာမီဇိုးချစ်က မယားပါသမီးကို တရားဝင်မယားအဖြစ်တွဲသည်။ ထိုကောင်မလေးတွင် ကိုယ်ဝန်အရင့်အမာ ဖြစ်လာသည်။ နောက်တော့ သားလေးတစ်ယောက်မွေးသည်။ အရွယ်နှင့်မလိုက် ကလေးတစ်ယောက်အမေ ဖြစ်နေသော ထိုကလေးမလေးကလည်း ဇိုးချစ်ထိုးသမျှ ငိုယိုပြီး ခံနေရရှာသည်။
ဇိုးချစ်တစ်ယောက် အရက်ဆိုင်တွင် ရန်ဖြစ်ပြီး အရိုက်ခံရသည်။ သူ့ကို ရိုက်လိုက်သူကို နောက်တစ်နေ့တွင် ဓားနှင့်လိုက်ခုတ်သည်။ ထိုသူ ပွဲချင်းပြီးသေသည်။ ဇိုးချစ်ကိုလည်း လာဖမ်းသွားကြသည်။
ရပ်ကွက်ထဲတွင် ကလေးတစ်ယောက်နှင့် ယောင်လည်လည် ကျန်ခဲ့သူမှာ ဇိုးချစ် မယားပါသမီး၊ ခင်ရီ့သမီး ဖြစ်သည်။ ကလေးကို ရင်ခွင်ပိုက်ပြီး မနက်ဆိုလျှင် လျှောက်သွားနေသော ထိုကလေးမလေးကို တွေ့နေရသည်။
နောက်တော့ သူချီထားသော ကလေးပျောက်သွားသည်။ သူ့အဘိုးအဘွားတွေဆီကို သွားပို့ထားသည်။ ကလေးမချီရတော့သော ထိုကလေးမလေးမှာ လှတပတလေး ပြန်ဖြစ်လာသည်။ နောက်တော့ ဟိုယောကျ်ားခေါ် လိုက်၊ သည်ယောကျ်ားခေါ် လိုက်ဘဝကို ရောက်သွားသည်။
ချောင်ကြားထဲတွင် ဘဝပေါင်းများစွာသည် သူ့စနစ်အတိုင်း ရှင်သန်နေကြသည်။
ပညာလည်းမတတ်၊ ဆင်းရဲတွင်းကလည်းနက်၊ ရှာဖွေစားသောက်ရလည်း ခက်သဖြင့် ယောက်ျား မိန်းမ ဖြစ်သလို လုပ်စားပြီး ရပ်တည်နေကြသည်။
တိုင်းပြည်က ဆင်းရဲတွင်းက ထွက်နိုင်ရန်နေနေသာသာ လူတွေကပါ ဆင်းရဲတွင်းထဲကရော၊ ဘဝနွံထဲကရော ရုန်းထွက်နိုင်ရန် အခြေအနေတွေ မရှိကြ။ နစ်ပြီးရင်းနစ်နေကြရသော ဘဝတွေမှာ ပညာလည်းမသင်နိုင်၊ အသိလည်းမရှိ၊ ကယ်ရာမဲ့ ကူရာမဲ့ ဘဝတွေနှင့် ဖြစ်ချင်တိုင်းဖြစ်နေကြရသည်။
တင်ညွန့်
Keep Reading