မောရိသျှ
လိုချင်စိတ်က မရည်ရွယ်ဘဲ ဆိုးကျိုးသက်ရောက်မှုတွေ များစွာ ဖြစ်စေတတ်ပါတယ်၊ တစ်ခုခုကို လိုချင်လေလေ၊ အဲဒီအရာကို မရမချင်း အတင်းရယူဖို့ ကြိုးစားလိုစိတ် ဖြစ်လေလေပါ။ လိုချင်စိတ်ကြီး လာလေလေ၊ အဲဒီအရာရဲ့ ဆွဲဆောင်မှု ခံရလေလေဖြစ်ပါတယ်။
စိတ်ခံစားချက်တွေ ပြင်းထန်လာတာနဲ့အမျှ လိုချင်စိတ် လောဘတွေကို ချုပ်တည်းဖို့ ခက်ခဲလေလေ ဖြစ်ပါတယ်။ အလိုလောဘကြီးတဲ့ စိတ်ခွန်အားက အင်မတန် စွမ်းအားကြီးပါတယ်၊ ထိန်းချုပ်ရ အင်မတန် ခက်ပါတယ်။ ဝန်းကျင်ကလူတွေအတွက် အမြင်ကတ်စရာကောင်းပါတယ်။ ရွံ့ကြောက်ဖို့လည်း ကောင်းပါတယ်။ ချုပ်တည်းရခက်တဲ့ ခံစားချက်တွေက လူကို စိတ်ခွန်အား သေးနုပ်သလို ဖြစ်စေနိုင်ပါတယ်။ တန်ဖိုးမရှိတဲ့ လူလိုဖြစ်သွားစေတတ်တယ်၊ စက်ဆုပ်ဖွယ်လူမျိုး ဖြစ်စေတတ်ပါတယ်။
လိုချင်တာဟူသမျှကို ကျောခိုင်း ဆန့်ကျင်တတ်တဲ့ အကျင့်မျိုး မွေးမြူပါ။ မကြိုက်တဲ့ပုံစံ၊ မလိုချင်တဲ့ ဟန်ပန်မျိုး ပေါ်လွင်အောင် သရုပ်ဆောင်ကောင်းပါစေ။ ဒီလိုအမူအကျင့်မျိုးက ရန်သူတွေအတွက် အင်မတန် စိတ်ရှုပ်ဖို့ကောင်းစေနိုင်ပြီး၊ နားလည်ရခက်ခဲစေတတ်ပါတယ်။ ဖြစ်ချင်တာနဲ့၊ လိုချင်တာတွေကို ခန့်မှန်းလို့ မရရင်၊ ရန်သူတွေက ကိုယ့်အပေါ် ဆွယ်သလို၊ မျှားသလိုမျိုး လုပ်ချင် လုပ်လာပါလိမ့်မယ်၊ အဆုံးစွန် ပြောရရင် နာကျင်ခံစားရအောင် လှည့်ကွက်တွေသုံးပြီး ချောက်တွန်းတာမျိုးတွေတောင် လုပ်ချင် လုပ်ကြပါလိမ့်မယ်။ ရန်သူတွေဘက် သည်းသည်းလှုပ်သွားပြီး၊ ကိုယ်နဲ့ပတ်သက်တာတွေအပေါ် တတမ်းသသ ဖြစ်နေကြပြီဆိုရင်၊ ကျေနပ်လိုက်ပါ။ သူတို့ဘက်က ဆွဲဆောင်တာမအောင်မြင်ဘဲ၊ ကိုယ့်ဘက်က တဖက်လှည့်နည်းနဲ့ သူတို့ရဲ့ အာရုံကို လှည့်စားနိုင်လိုက်ပါပြီ။ သူတို့ဘက်က အန္တရာယ်ပြုချင်ရင်တောင် သူတို့ အခြေအနေက ကိုယ့်လက်ခုပ်ထဲက ရေလို ဖြစ်သွားတဲ့အတွက်၊ စိတ်တိုင်းကျ ခြယ်လှယ်နိုင်မှာပါ။
မသိချင်ယောင်ဆောင်တာ၊ မကြိုက်သလိုဟန်ဆောင်တာ၊ မလိုချင်သလိုဟန်ပြတာတွေက မင်းဘုရင်တွေ ကျင့်သုံးလေ့ရှိတဲ့ အခွင့်အာဏာတစ်မျိုးပါပဲ။ နေဘုရင်လို့ သမိုင်းမှာ မှတ်တမ်းတင်ခံရတဲ့ Louis XIV – Louis le Grand – le Roi Soleil - ပြင်သစ်ဘုရင်၊ စုဒ္ဒသမမြောက် လွိစ်ဆိုရင် အဲဒီလို အမြဲလုပ်လေ့ရှိပါတယ်။
တကယ်လို့ သူမကြိုက်တဲ့သူ ရှိလာရင်၊ သူ့ရှေ့ ရပ်နေတောင်မှ မရှိသလိုမျိုး ဆက်ဆံတတ်ပါတယ်။ မျက်လုံးချင်းတောင် မဆိုင်ဘဲ၊ တမင်သက်သက်ကြီး မသိချင်ယောင်ဆောင်တာမျိုးပါ။ ဒီလိုနည်းနဲ့လည်း တဖက်သားကို အနေရခက်အောင် လုပ်လို့ရပါတယ်။ အသိအမှတ်ပြုတာမျိုး မရှိဘဲ၊ မျက်နှာပြောင် တိုက်ခံရတာကို လူတိုင်း မုန်းပါတယ်။ အထူးသဖြင့် အဖတ်မလုပ်တာမျိုးဆိုရင် စိတ်သည်းပေါက်ပါတယ်။ လူကို ကိုယ်ထိလက်ရောက် တိုက်ခိုက်စရာ မလိုဘဲ၊ စိတ်အမူအကျင့်နဲ့ ပျက်စီးသွားအောင် တိုက်ခိုက်တဲ့ နည်းဖြစ်ပါတယ်။
မသိချင်ယောင်ဆောင်လိုက်ရုံနဲ့ အရှိန်အဝါတိုးမြင့်ပြီးသား ဖြစ်သွားတယ်။ ပေါင်းသင်းဆက်ဆံရေးတွေ၊ ထိတွေ့မှုတွေက အခြေအနေအမျိုးမျိုးအလိုက် သူ့နေရာနဲ့သူမှာ အကျိုးရှိတယ်ဆိုပေမယ့်၊ တစ်ခါတစ်လေမှာ မရှိသလောက် နည်းပါးတာက ပိုကောင်းပါတယ်။ အဖတ်လုပ်လောက်တဲ့ အဆင့်တောင် မရှိတဲ့ ရန်သူကို အရေးတယူလုပ်ပြီး ဂရုစိုက်ပြနေရင်၊ ကိုယ့်အဆင့်က အဲဒီ ရန်သူလောက်ပဲ ဖြစ်သွားတတ်တယ်။ စင်မြင့်ပေါ် ရောက်နေမှတော့ စင်အောက်က လူတွေကို ဂရုစိုက်နေစရာ မလိုပါဘူး။ ပလ္လင်ပေါ်မှာ အနေကျနေမှတော့၊ ကြမ်းပြင် လူတွေကို ဂရုစိုက်စရာ မလိုတော့ပါဘူး။ မသိသလိုနေပြီး၊ လျစ်လျူရှုထားလိုက်ခြင်းက ရန်သူရဲ့ အနေအထားကို တဖက်လှည့်အနေနဲ့ ချေဖြတ်လိုက်သလို ဖြစ်သွားပြီး၊ သူတို့ရဲ့ ဖြစ်တည်မှု၊ တည်ရှိမှုကို အသိအမှတ်မပြုတဲ့အတွက်၊ သူတို့ကို သဘောသဘာဝအားဖြင့် ဖျက်ဆီးလိုက်သလိုပါပဲ။ တန်းမတူရင် ဖက်မပြိုင်မိပါစေနဲ့။ အရေးမပါရင် အရေးလုပ်မနေပါနဲ့။
ဒီနေရာမှာ အထူးမှတ်ထားရမယ့် အချက်တွေ ကျန်ပါသေးတယ်။ ရန်သူကို အဖတ်မလုပ်တဲ့နည်းနဲ့ မသိချင်ယောင်ဆောင်ပြီး ဖျက်ဆီးလိုက်တိုင်း၊ ပစ်ပယ်ထားတာမျိုးတော့ မလုပ်ပါနဲ့။ လူသိထင်ရှား အနေအထားအရ မသိချင်ယောင်ဆောင်ပြီး၊ အများအမြင်ကို ကိုယ့်ဘက်ရောက်အောင် လုပ်ထားနိုင်တယ်ဆိုတိုင်း၊ ရန်သူရဲ့ အနေအထားက အောက်မှာပဲ အမြဲရှိနေမှာတော့ မဟုတ်ပါဘူး။ ဇာတ်နာပြပြီး အသနားခံပြလိုက်ရင်၊ ကိုယ့်အပေါ် အထင်လွဲလာနိုင်တယ်။
ဇာတ်နာပြတဲ့ ဇာတ်အိမ်ကောင်းနေခဲ့ရင်၊ လူထုရဲ့ အမြင်ကို ပြောင်းလဲသွားအောင် လုပ်ဖို့ မလွယ်တော့ဘူး။ ဆန့်ကျင့်ဘက်တွေကြီးပဲ ဖြစ်လိမ့်မယ်။ အမှားကို ဖာထေးသလိုမျိုး လိုက်မလုပ်ပါနဲ့။ အနာအဖေး သေးသေးလေးကို တုတ်ထိုးပြီး အကျယ်ချဲ့သလို ဖြစ်သွားလိမ့်မယ်။ ဒီလိုပြဿနာတွေနဲ့ ကြုံတွေ့လာရရင်၊ ပထမဆုံးသော ဖြေရှင်းနည်းက - အဲဒီပြဿနာတွေဟာ ကိုယ်နဲ့ မဆိုင်ကြောင်း သိသာအောင်လုပ်ပါ။ မသိချင်ယောင်ဆောင်ပြီး၊ ပစ်ပယ်ထားတာထက်၊ ပြဿနာကို အသိအမှတ်ပြသယောင်၊ ဟန်ဆောင်ပြပြီး၊ ကိုယ်နဲ့ လုံးဝ မပတ်သက်သလို အကြောင်းပြချက်ကောင်းနဲ့ ငြင်းဆန်ပါ။ ပြီးရင်၊ ပြဿနာအတွက် ဖြေရှင်းဖို့ နည်းလမ်း ပေးသလိုလုပ်ပြီး၊ ဇာတ်နာသူတွေဘက်ကို လိုက်ပြပါ။ ဇာတ်နာသူတွေကိုယ်စား ဇာတ်အိမ်ကို ဆွေပေးလိုက်ပါ။ ရန်သူတွေရဲ့ အမှားကို ပိုကြီးလေးတဲ့ အမှားဖြစ်သွားအောင် မွှေပေးပါ။ လူတွေရဲ့အမြင်မှာ ရန်သူတွေရဲ့ ဇာတ်နာမှုက မျက်ရည်ခံထိုးပြီး အမြတ်ထုတ်နေသလို ဖြစ်သွားအောင် နောက်ကွယ်ကနေ လံကြုပ်ဇာတ်လမ်းများစွာနဲ့ မီးလောင်ရာ လေပင့်ပေးလိုက်ပါ။ သူတို့ဆင်တဲ့ ကြိုးစင်ပေါ် သူတို့ကိုယ်တိုင် ပြန်တက်လိုက်ရပြီး၊ အဆုံးသတ်သွားပါလိမ့်မယ်။
အထူးမှတ်ထားဖို့က - မသိချင်ယောင်ဆောင်မှုက နေရာတိုင်းမှာ အလုပ်မဖြစ်ပါဘူး။ သေးနုပ်တဲ့အရာတွေ ကြီးလေးတဲ့ ပြဿနာပဋိပက္ခတွေ မဖြစ်သွားအောင် အခြေအနေတွေကို ကိုင်တွယ်တဲ့နေရာမှာသာ အသုံးကျပါတယ်။ ရှိရင်းစွဲ ပြဿနာ ပဋိပက္ခကြီးတွေကို မသိချင်ယောင်ဆောင်ပြီး၊ လျစ်လျူရှုထားရင်တော့၊ အပူမီး ကြီးသထက် ကြီးလာပါလိမ့်မယ်။ ပြဿနာဆိုတာက အေးစက်နေခိုက်မှာ ပြီးပြတ်သွားအောင် လွင့်ပစ်တဲ့အနေနဲ့ မသိချင်ယောင်ဆောင်ပြီး ဖြေရှင်းလိုက်ပါ။ ပါးနပ်မှုသာ အခရာကျပါတယ်။ အခြေအနေအားလုံးကို သေချာအောင် ဆန်းစစ်ပြီးမှ ရင်ဆိုင် ဖြေရှင်းပါ။ ဒဏ်ရာဆိုတာ သေးရင် သေးသလို ပျောက်ကင်းလွယ်ပါတယ်။ အဲတာကို ရေးကြီးခွင်ကျယ်လုပ်ပြီး ဆေးထည့်သလိုနဲ့ သွားမဆွမိပါစေနဲ့၊ ဒီအတိုင်း ပစ်ထားရင်ပဲ ပျောက်သွားပါလိမ့်မယ်။ မသိချင်ယောင်ဆောင်တဲ့ နည်းဆိုတာက နိုင်ငံရေးလောကမှာ အသုံးချမှု အများဆုံးသော ပြဿနာပဋိပက္ခကိုင်တွယ်နည်းဖြစ်တယ်။ ငြင်းလို့ရရင်၊ အပြတ်အသတ်ငြင်းပါ။ ငြင်းစရာ မလိုရင် ထောက်ခံပြပါ။ ထောက်ခံစရာ မလို၊ ငြင်းစရာ မလိုမှ မသိချင်ယောင်ဆောင်ပြီး ပစ်သာထားလိုက်ပါ။ အချိန်တန်ရင် အနည်ထိုင်ပြီး၊ ရေကြည်သွားပါလိမ့်မယ်။ ပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းပါ။
#မောရိသျှ
အာဏာစက် နည်းဥပဒေသ (၄၈) ရပ် - ရောဘတ်ဂရင်း
Keep Reading