တင်ညွန့်
ယခုပုံတွင် ဖော်ပြထားသော အမျိုးသမီးကြီးသည် သူတောင်းစားလည်းမဟုတ်၊ အိုးမဲ့ အိမ်မဲ့ ကလေကချေ တစ်ယောက်လည်း မဟုတ်ပါ။ သူ့အမည်က တာရာ ဟာလိုနင် (Tarja Halonen) ဖြစ်ပြီး ဖင်လန်ပြည်သူ့ သမ္မတနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
သူ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်ကာလတွင် ဖင်လန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပညာရေး အမြင့်မားဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
သူ့ကို ၁၉၄၃ ခုနှစ် ဒီဇင်ဘာ ၂၄ တွင် ဟယ်လင်စကီမြို့၌ မွေးဖွားခဲ့သည်။ ၁၉၉၅ မှ ၂၀၀၀ ပြည့်နှစ်အထိ ဖင်လန်နိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ဖင်လန် နိုင်ငံသမိုင်းတွင် ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာခဲ့သည်။
ထင်ရှားသည့်နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး လူအခွင့်အရေးတန်းတူညီမျှရှိရေး၊ အမျိုးသမီး အခွင့် အရေးများတိုးတက်ရေး၊ ဥရောပနှင့် ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံရေးနှင့် အလုပ်သမားများ အခွင့်အရေးတို့ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သည့် အမျိုးသမီးကြီးအဖြစ်ထင်ရှားသည်။
သမ္မတကြီးဖြစ်လာသော်လည်း ရိုးရှင်းတည်ငြိမ်စွာ နေထိုင်တတ်မှုကြောင့် သူ့ပြည်သူတွေကချစ်ကြသည်။ ဆင်းရဲသားများပပျောက်ရေးနှင့် လူ့အခွင့်အရေးတန်းတူညီမျှရရှိရေးတို့အတွက် ဆောင်ရွက်ပေးမှုကြောင့် ပြည်သူတွေက လေးစားကြသည်။
အောက်ဖော်ပြပါပုံတွင် သူသည် လမ်းဘေးလှေကားတွင် အိုးမဲ့အိမ်မဲ့တစ်ဦးပမာ ထိုင်နေပုံဖြစ်သည်။ သမ္မတ တာဝန်ကို စွန့်လွှတ်ခဲ့ပြီးနောက် သာမန်အဝတ်အစားဟောင်းတွေကိုဝတ်ကာ ဆင်းရဲသားများနှင့် ဒုက္ခသည်များ အပေါ်တွင် ကိုယ်ချင်းစာစိတ်ရှိစေရန် လမ်းဘေးလှေကားတွင် နာရီပေါင်းများစွာ ထိုင်ပြီး လှုံ့ဆော်ပေးခြင်းဖြစ်သည်။
တာရာ ဟာလိုနင်က
“ကျွန်မလည်း သူတောင်းစား သို့မဟုတ် ဒုက္ခသည်တစ်ဦးဖြစ်နိုင်တာပဲ။ ဒါပေမဲ့ ကံတရားက ကျွန်မကို သမ္မတ ဖြစ်လာစေခဲ့တယ်။ အဲဒါကြောင့်လည်း ကျွန်မဟာ ကံမကောင်း အကြောင်းမလှကြသူတွေနဲ့ တစ်သွေးတည်း တစ်သားတည်းဖြစ်စေပါတယ်” ဟုဆိုသည်။
တိုင်းပြည်ကို ခေါင်းဆောင်နေသောသူများ၏ နှလုံးသားထဲတွင် လူသားအချင်းချင်း စာနာစိတ် ကိန်းအောင်း နေသောအခါ နိုင်ငံနှင့် လူမျိုးလည်း တိုးတက်မြင့်မားသော အတွေးအမြင်တွေကိုဖြစ်စေပြီး နိုင်ငံတိုးတက် စေကြောင်း တာရာ ဟာလိုနင်က ကောင်းစွာသက်သေပြခဲ့သည်။
တင်ညွန့်
၇.၃.၂၀၂၅
Keep Reading