တင်ညွန့်
သေခါနီးအဘိုးတစ်ယောက် ဆေးရုံရောက်လာသည်။ လူနာက မှိန်းနေသည်။ ဆရာဝန်လေးက လူနာကို စမ်းသပ်လိုက်စဉ် သူက မျက်လုံးဖွင့်ကြည့်ပြီး
“ဆရာ … ကျွန်တော် သေတော့မှာပါ” ဟု ပြောလိုက်သည်။
“အဘိုး မသေပါဘူး … ကျွန်တော်အကောင်းဆုံး ကုပေးမှာ”
“ကျွန်တော် ဆေးရုံကိုလာချင်တာမဟုတ်ဘူး။ အတင်းခေါ်လာလို့သာ ရောက်လာတာ။ ဆရာ့ကို မေတ္တာရပ်ခံချင်တာတစ်ခုရှိတယ်”
“ဘာများလဲ”
“ကျွန်တော်ပြောတာ နားထောင်ပေးနိုင်မလား … ကျွန်တော့်ကို အချိန်ပေးနိုင်မလား”
ဆရာဝန်လေးက ခုံကိုဆွဲပြီး သူ့အနီးတွင်ထိုင်ကာ
“ပြောပါ … နားထောင်ပေးနိုင်ပါတယ်”
“ဆရာ ကျွန်တော် သေတော့မှာပါ။ ကျွန်တော်သိပါတယ်။ မသေခင် ပြောချင်တာတွေ နားထောင်ပေးပါ”
“ပြောပါ”
“ကျွန်တော့်ဘဝမှာ ဖြစ်ချင်ခဲ့တာတွေအများကြီး။ လုပ်ချင်ခဲ့တာတွေလည်း အများကြီး။ ဖြစ်ခဲ့ လုပ်ခဲ့ တာတွေလည်း အများကြီးပေါ့။ ဒါပေမဲ့ ဘဝတစ်လျှောက်လုံး ကျွန်တော်ဘာကို သတိထားမိသလဲဆိုတော့ ကျွန်တော် မပျော်ခဲ့တာပဲ။ ကျွန်တော် ပျော်ချင်တယ်။ ဒါပေမဲ့ ခုတော့ အချိန်တွေ နှောင်းသွားခဲ့ပြီ”
“မကြာခင် ရောဂါသက်သာပြီး ပျော်ရတော့မှာပါခင်ဗျာ”
“ကျွန်တော် တက္ကသိုလ်တက်တုန်းက ဝါသနာပါတာ ဖီလော်ဆော်ဖီဗျ။ ဒါပေမဲ့ သူငယ်ချင်းက ဖီလော်ဆော်ဖီ ဘာလုပ်မှာလဲ … စက်မှုတက္ကသိုလ်ကို အတင်းတက်ခိုင်းခဲ့တာ။ အမှတ်ကလည်း မီတာကိုး။ သူငယ်ချင်းနဲ့အတူတူ စက်မှုတက္ကသိုလ်ကိုသာ တက်ရတာ ကျွန်တော် မပျော်ဘူး။ နောက်တော့ ကျွန်တော် တက္ကသိုလ်ဆက်တက်ဖို့ မတတ်နိုင်တာ့ဘူး။ အဲဒီသူငယ်ချင်းကလည်း ကျွန်တော့်ကို ဘာမှ မထောက်ပံ့နိုင် ဘူးလေ။ တတိယနှစ်ရောက်တော့ အခြေအနေကပိုဆိုးလာတယ်။ အဆောင်ကြေးတောင် မပေးနိုင်တော့ဘူး။ ပိုဆိုးတာက စာမေးပွဲကျတာပဲ။ ဒီတော့ သူငယ်ချင်းက ဘာပြောသလဲသိလား”
“ဘာပြောသလဲ”
“မင်း အစကတည်းက ဝါသနာပါတဲ့ဘာသာကိုပဲ ယူသင့်တာတဲ့”
“ဟုတ်လား”
“ကျွန်တော် အသက် ၂၈ နှစ်ရောက်လာတော့ လူတိုင်းက ကျွန်တော့်ကို တိုက်တွန်းတယ်။ မိန်းမယူတော့တဲ့။ သူတို့ပြောတာ နားယောင်ပြီး ကျွန်တော် မိန်းမတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်။ ၆ နှစ်ပဲပေါင်းလိုက် ရတယ်။ တစ်ည အလုပ်က နောက်ကျမှပြန်အလာ ကျွန်တော့်မိန်းမက ယောကျ်ားတစ်ယောက်နဲ့အတူ အိပ်နေတာ တန်းတိုးတယ်။ ကျွန်တော် ဒေါသထွက်လိုက်တာဗျာ။ ဒါပေမဲ့ ကျွန်တော် ဘာမှ မလုပ်ပါဘူး။ ကျွန်တော်အိမ်က ထွက်သွားလိုက်တယ်။ နောက်တစ်နေ့ ကျွန်တော် ပြန်လာတော့ မိန်းမက မရှိတော့ဘူး။ ရှိတာတွေ အကုန်ယူပြီး အိမ်ပေါ်ကဆင်းသွားတယ်။ ကျွန်တော့် သားလေးကိုလည်း ခေါ်သွားတယ်။ သူ့ကိုလည်း ကနေ့အထိ မတွေ့ရတော့ဘူး။ သားလည်း သေသလား၊ ရှင်သလား မသိတော့ဘူး။ အဲဒီအချိန် ကတည်းက ကျွန်တော် တစ်ယောက်တည်း အထီးကျန်ခဲ့တာပါ”
“ဖြစ်ရလေ အဘိုးရယ်”
“ကျွန်တော် အသက် ၄၀ ရောက်တော့ ကျွန်တော့်အလုပ်က အဆင်ပြေလာတယ်။ ကျွန်တော့် ကန်ထရိုက် လုပ်ငန်းက နာမည်ကောင်းရုံသာမက လူတွေက ယုံကြည်တော့ စီးပွားအလွန်တက်လာတယ်။ အဲဒီအချိန်မှာမှ ရောက်လာလိုက်ကြတဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေဗျာ။ အိမ်ပေါ်မှာ ဘုရားပွဲကျနေတာပဲ။ ချေးလိုက်ကြတဲ့ ပိုက်ဆံ။ တက္ကသိုလ်တုန်းက အတူတူတက်ခဲ့တဲ့ သူငယ်ချင်းကလည်း ရောက်လာတယ်။ သူက အင်ဂျင်နီယာဆိုတော့ သူ့ကိုယုံပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ လက်ခံလိုက်တာ။ အဲဒီကောင် ကျွန်တော့် ငွေတွေအားလုံး အလွဲသုံးစားလုပ်ရုံမက ကျွန်တော့်ကို ချောက်ချပြီး ထွက်ပြေးသွားတယ်။ ကျွန်တော် အဖမ်းခံ လိုက်ရပြီး ထောင် ၆ နှစ်ကျသွာတယ်”
“အဘိုးရယ် စိတ်မကောင်းလိုက်တာဗျာ”
“ကျွန်တော့ဘဝမှာ ကျွန်တော် လုပ်လိုက်သမျှဟာ အမှားတွေချည်းပဲဗျ။ ဘာကြောင့်လဲသိလား”
“မသိပါဘူးခင်ဗျာ”
“ကျွန်တော် သူများပြောတာတွေချည်း နားထောင်ခဲ့ … နားယောင်ခဲ့တာပဲဗျ။ သူများတွေပေးတဲ့အကြံ၊ ပြောတဲ့ စကားတွေကို နားထောင်သင့်တယ်လို့ လူတိုင်းက ပြောကြတယ်။ သူများပြောတာနားထောင်၊ သူများပေးတဲ့ အကြံအတိုင်း လိုက်လုပ်၊ အဲဒါဟာ လူတစ်ယောက်ရဲ့ ဘဝအတွက် အန္တရာယ်အရှိဆုံးပဲ”
“အဘိုးတွေ့ခဲ့တဲ့လူတွေက လူကောင်းတွေမှာ မဟုတ်တာ”
“ကိုယ်ကလွဲရင် ဘယ်သူမှ မကောင်းဘူးဆရာလေး … တကယ်ပြောတာ။ ကျွန်တော့် အတွေ့အကြုံအရ ပြောတာ။ ဟိုလူပြော … သည်လူပြောတာတွေကို နားကနားထောင်သင့်ပေမယ့် ဆရာ့ နှလုံးသားက ငြင်းပယ် တတ်အောင် ဆရာလေ့ကျင့်ထားသင့်တယ်။ ဒါက သေခါနီးအဘိုကြီးတစ်ယောက် ပြောတဲ့ စကားလို့ မှတ်ထား ပေးပါဆရာ”
“ကျွန်တော် နားလည်ပါတယ်”
“ဆရာ့ကို တစ်ခုမှာခဲ့ချင်သေးတယ်”
“မောနေမယ် … နားလိုက်ပါဦး”
“ဆရာ ဂျူတီချိန်ကုန်ရင် အိမ်ပြန်မယ်မဟုတ်လား”
“ပြန်မှာပေါ့ခင်ဗျာ”
“မပြန်ခင်လေ ရေတစ်ခွက်သောက်လိုက်။ နောက်ဆုံးရေတစ်ငုံကို မျိုမချနဲ့။ ပါးစပ်ထဲမှာပဲထည့်ပြီး ဆရာ အိမ်ပြန်လိုက်။ ဘယ်သူပြောတာမှ ပြန်မပြောနဲ့။ ပါးစပ်ထဲက ရေကိုလည်း မျိုမချလိုက်နဲ့။ အဲဒီအတိုင်း ဆရာ အိမ်ပြန်ကြည့်လိုက်။ ဒါပေမဲ့ စိတ်ထဲမှာ ဆရာ့ကိုယ်ဆရာပဲ ပြန်ပြောကြည့်။ ဆရာသိချင်တာတွေ ပြန်မေးကြည့် လိုက်။ အဲဒီအချိန်မှာ ဆရာ့အသံကို ဆရာပြန်ကြားရလိမ့်မယ်။ သူက ဘာလုပ်သင့်တယ်၊ ဘာဖြစ်သင့်တယ် ဆိုတာ ပြန်ပြောလိမ့်မယ်။ သူများပြောတာ လိုက်မလုပ်နဲ့ဆရာ။ ကိုယ်ပြောတာပဲ ကိုယ်လုပ်”
“ကျွန်တော် စမ်းသပ်ကြည့်ပါ့မယ်”
“နောက်ဆုံးတော့ ဆရာ့အပေါ်လွှမ်းမိုးတာ တစ်ဦးတည်းကိုပဲခံဆရာ”
“ဘယ်သူများလဲဗျာ”
“ဘုရားသခင်ပေါ့။ ဘုရားစကားနားထောင်ဖို့က ပထမ၊ နောက်မှ ကိုယ့်စကား ကိုယ်ပြန်နားထောင်တဲ့ အဆင့်ကို ထားလိုက်။ ဘုရားစကားအတိုင်း နားထောင်ပြီးတော့သာ လုပ်ခဲ့ရင် ဘယ်တော့မှ မမှားဘူး။ ကိုယ်တွေ့ ပြောတာ။ ဒါ သေခါနီးအဘိုးကြီးတစ်ယောက်ရဲ့ ရင်ဖွင့်ချင်တာတွေပဲ။ နားထောင်ပေးလို့ ကျေးဇူးပါဆရာ”
ဆရာဝန်လေးသည် ထိုညတွင် ဂျူတီအပြီး၌ ရေငုံနှုတ်ပိတ်ပြီး အိမ်ပြန်သည်။
နောက်တစ်နေ့ သူဆေးရုံလာသောအခါ အဘိုးအို ကွယ်လွန်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
(Ref: Learn to Listen to Yourself)
တင်ညွန့်
၆.၃.၂၀၂၅
Keep Reading