တင်ညွန့်
၁၆၁၈ ခုနှစ် အောက်တိုဘာလကဖြစ်သည်။
စုဝေးရာ ကွင်းပြင်ကြီးတစ်ခုတွင် လူတွေ ရောက်နေကြသည်။ ကွင်းလယ် စင်မြင့်ပေါ်တွင် ကွပ်မျက် စီရင်မှု တစ်ခုကို ပြုလုပ်မည်ဖြစ်သောကြောင့် လူတွေက ထိုမြင်ကွင်းကိုကြည့်ရန် ရောက်နေကြခြင်းဖြစ်သည်။ ထိုနေရာကား ဝက်စ်မင်စတာ နန်းတော်အတွင်းကွင်းပြင်ဖြစ်သည်။
အချိန်တန်သော် လူတစ်ယောက်ကို မျက်နှာဖုံးစွပ်ပြီး ခေါ်ထုတ်လာသည်။
သူ့ကို လူသတ်စင်ပေါ် တွဲတင်လိုက်သည်။ မျက်နှာကို စွပ်ထားသော အစွပ်ကို ဖွင့်လိုက်သည်။ ထိုသူကား ဆာ ဝေါ်လ်တာ ရယ်လေးဖြစ်သည်။ သူသည် နိုင်ငံရေး သမား၊ စစ်သား၊ စာရေးဆရာ၊ နယ်မြေသစ်ရှာဖွေသူစသည့် ဂုဏ်များနှင့် ပြည့်စုံသူဖြစ်သည်။
သူ့ကို ပထမမြောက် ဂျိမ်းဘုရင်က ခေါင်းဖြတ်သတ်ရန် အမိန့်ချထားသည်။ အဘယ်ကြောင့်နည်း။
သူက ဘုရင်ကို ဆန့်ကျင်သူဖြစ်သည်။ ပထမမြောက် အဲလိဇဘက်ဘုရင်မကြီး လက်ထက်က သူ့ကို မြှောက်စား ခဲ့သော်လည်း ဂျိမ်းနန်းတက်လာသည့်အခါ သူ့ဘဝအပြောင်းအလဲဖြစ်ကုန်သည်။ ဘုရင်ကို လုပ်ကြံနန်းချရန် ပူးပေါင်းကြံစည်သည်ဆိုကာ နှစ်ပေါင်းများစွာ ဖမ်းဆီးထောင်ချထားခြင်း ခံရပြီးနောက် ခေါင်းဖြတ်သတ်ရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။
ရယ်လေးသည် အလွန်သတ္တိရှိသူဖြစ်သည်။ သူ့ကို ခေါင်းဖြတ်သတ်မည့်သူက သူ့ဘေးနားကို ရောက်လာပြီး ပုဆိန်ကြီးကိုကိုင်ကာ အသင့်ဖြစ်နေသည်။ သူသည် ရှေ့တွင်ရှိသော တုံးပေါ်ကို လည်စင်းပေးလိုက်သည်နှင့် ခေါင်းနှင့်ကိုယ် အိုးစားကွဲရတော့မည်ဖြစ်သည်။
ရယ်လေးက သူ့ကို ခေါင်းဖြတ်မည်သူအား
“ဟေ့ မင်းပုဆိန်ကြီးကို ကြည့်ပါရစေဦးကွ” ဟု တောင်းဆိုလိုက်သည်။
သူက ဆက်ပြောသည်မှာ
“ငါ့ရန်သူတွေက ငါ့ကို ကြောက်လွန်းလို့ တုန်လှုပ်နေလိမ့်မယ် ထင်နေကြတာကွ” ဟု ဆက်ပြောသည်။
ထိုအကြောင်းအရာများကို ပရိသတ်ထဲက မှတ်တမ်းတင်နေသူက ပြန်ရေးပြခြင်းဖြစ်သည်။
ထို့နောက် ရယ်လေးက သူ့လည်ပင်းကို ခုတ်ဖြတ်မည့် ပုဆိန်ကိုကြည့်ပြီး
“ဟာ သိပ်ထက်တဲ့ ဆေးပဲကွ။ ဒီဆေးက မသိတဲ့ရောဂါတိုင်းကိုကုနေတဲ့ ဆေးကြီးပဲ” ဟုပြောလိုက်သည်။
သူ့အပြောကြောင့် သူ့ကို စီရင်မည့်သူက ကြောင်သွားသည်။ သူက
“ဟေ့ ကြောက်နေသလား ... ခုတ်လိုက်လေ ... ခုတ်လိုက်” ဟု ပြောရသည်အထိ ဖြစ်သွားခဲ့သည်။
သေခြင်းတရားကို တည်ငြိမ်စွာဖြင့် သူ့လိုရင်ဆိုင်နိုင်သူကား ရှားမည်။
မည်သို့ဆိုစေ ကိုယ့်ရန်သူက ကိုယ့်ကို နောက်ဆုံးအချိန်အထိ ဒူးထောက်ခိုင်းထားသော်လည်း ကြောက်နေသူ တစ်ယောက် မဟုတ်ကြောင်းကို ရဲဝံ့စွာ ရင်ဆိုင်သွားပုံကတော့ သမိုင်းတွင်ခဲ့ပါသည်။
တင်ညွန့်
၁၇.၃.၂၀၂၅
Keep Reading