KhatSit
တိုးတက်ပြောင်းလဲလာတဲ့ ခေတ်နှင့်အညီ သိပ္ပံပညာရှင်တွေဟာ လူနေမှုဘဝများ လွယ်ကူမြန်ဆန်ဖို့ ၊ အချိန်ကုန်သတ်သာဖို့ဆိုတဲ့ ရည်ရွယ်ချက်နှင့် နည်းပညာအသစ်အဆန်းတွေကို အချိန်နှင့်အမျှ တီထွင်ကြံဆ ဖန်တီးလာကြပါတယ် ။ တီထွင်ဖန်တီးလိုက်တဲ့ နည်းပညာတစ်ခုကို ရာနှုန်းပြည့်အသုံးပြုနိုင်ဖို့အတွက်ကိုတော့ မလွယ်ကူတဲ့အတွက် သင်တန်းတွေတက်ကြရပါတယ် ။
တကယ်လိုများ ကျွန်တော်တို့ လူငယ်တွေဟာ အသစ်ထွက်ရှိလာတဲ့ နည်းပညာတွေကို မလေ့လာထားဘူး ၊
မသင်ကြားထားဘူးဆိုရင်တော့ နောင်လာမယ့် အနာဂတ်မှာ ရပ်တည်နိုင်ဖို့အတွက် ခက်ခဲလာပါလိမ့်မယ်။ ဘာလို့ဆို နည်းပညာကို ကိုယ်ကမပတ်သတ်ရင်တောင် နည်းပညာက ကိုယ့်ကိုလာပတ်သတ်နေလို့ပဲဖြစ်ပါတယ်။ ဥပမာ အရင်နှစ်များစွာမှာ စာအုပ်စာပေတွေဖတ်ချင်တယ်ဆိုရင် စာအုပ်တိုက်တွေကထွက်ရှိမှ ဖတ်ရတာပါ ။ အခုခေတ်မှာတော့ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်နှင့်အညီ နည်းပညာတွေပေါ်ပေါက်လာတဲ့အတွက် စာပေတွေဖတ်ဖို့အတွက်ဆို SarPhat ၊ Shwe Mee Eain ၊ Wun Zinn တို့လို့ App တွေပေါ်ပေါက်လာပါပြီ။ ဒီနည်းပညာတွေကို အသုံးလည်းမပြုချင်ဘူး ၊ မသုံးတတ်ရင်တော့ စာဖတ်သူရော စာရေးသူတွေအတွက်ပါ များစွာနစ်နာရမယ်ဆိုတာ အသေအချာပါ ။
ဟိုအရင်နှစ်တွေတုန်းက ဗီဒီရိုတွေရိုက်ကူးတဲ့အခါ အပေါ်မြင်ကွင်းကနေမြင်ရဖို့အတွက်ဆို လေယာဉ်နဲ့လိုက်ပြီး ရိုက်ကူးကြရပါတယ်။မောင်းတဲ့သူကလည်း မောင်းတယ် ၊ ရိုက်ကူးတဲ့သူက ရိုက်တယ် ။ အခုခေတ်မှာတော့ ဒရုန်းဆိုတဲ့ နည်းပညာတစ်ခုကြောင့် ရိုက်ကူးရေးမှာ ပိုပြီးထိရောက်တယ် ဆိုပေမယ့် လေယာဉ်မောင်းသမားနှင့် ရိုက်ကူးရေးသမားကတော့ သေချာတယ် အလုပ်တစ်ခုကနေ အနားယူလိုက်ရပါပြီ ။ ဒါကြောင့် ကျွန်တော်တို့လို လူငယ်တွေဟာ ကိုယ့်ကိုကိုယ် အမြဲတမ်း Upgrade ပြုလုပ်ထားဖို့လိုပါလိမ့်မယ် ။ အရင်ခေတ်က ရေဒီရို ၊ တီဗီ ပြုပြင်သူတွေကလည်း ဖုန်းပြုပြင်နည်း ၊ ကွန်ပျူတာ ပြုပြင်နည်းတွေကို သင်ကြားထားနိုင်မှ အခုခေတ်မှာ အဆင်ပြေပြေနဲ့ ရှင်သန်နိုင်ပါလိမ့်မယ်။ မလေ့လာထား ၊ မသင်ယူထားဘူးဆို နောက်နှစ်ပေါင်းများစွာကြာရင် စက်ရုံတစ်ခုမှာ အလုပ်ရဖို့ဆိုတာ လွယ်ကူနေမှာမဟုတ်ပါဘူး ။
အခုဆို Chat GPT ၊ AI အစရှိတဲ့ နည်းပညာတွေက ကျွန်တော်တို့ စာရေးသူတွေရဲ့ ကြားထဲမှာ တော်တော်လေးကို ခေတ်စားနေတဲ့ နည်းပညာတွေပါ ။ သူတို့ကို ခိုင်းစေတတ်ရင် ၊ အသုံးပြုတတ်ရင်တော့ သူများထက် ခေါင်းတစ်လုံးသာနေမှာတော့ မလွဲမသွေပါပဲ ။ နောက်နှစ်များစွားမှာ ပညာရှင်တွေ ခန့်မှန်းချက်အရ စက်ရုံ ၊ အလုပ်ရုံတွေဟာ လူသားတွေနေရာမှာ စက်ရုပ်တွေကို အစားထိုးအသုံးပြုလာကြမည်ဖြစ်သည် ။ သေချာတယ် အဲ့အချိန်ဆို အလုပ်ရှားပါးရေးပြဿနာတွေ ကြုံတွေ့လာနိုင်ပါတယ် ။ ဒါကြောင့် ကျွန်တော်တို့လို လူငယ်တွေဟာ နည်းပညာဆိုင်ရာများရဲ့ အခြေခံသဘောတရားတွေ ၊ အသုံးပြုနည်းတွေ ၊ အခေါ်အဝေါ်တွေကို တတ်သိနားလည်ထားဖို့လိုပါလိမ့်မည် ။
နည်းပညာတွေရဲ့ တိုးတက်ပြောင်းလဲနေပုံတွေက လိုက်မမှီနိုင်အောင် တိုးတက်မြန်ဆန်လွန်းလှပါတယ် ။ ဖုန်း ၊ ကွန်ပျူတာ ၊ အင်တာနက်တွေကို အခုခေတ်မှာ မသုံးတတ်တဲ့သူဆိုတာမရှိပေမယ့် အကျိုးရှိရှိ သုံးတတ်တဲ့ သူကတော့ ရှားပါတယ် ။ နည်းပညာတွေကို အခြေခံထားတဲ့ Game , Social Media တွေကို အပျော်သဘောနဲ့သာအသုံးပြုပြီး ပျက်နေတဲ့ လူငယ်တွေများစွာရှိသလို ၊ အပြုသဘောနဲ့အသုံးပြုပြီး တိုးတက်အောင်မြင်နေတဲ့ လူတွေလည်းများစွာရှိနေပါတယ် ။ ထိုလူငယ်တွေက Game , Social Media တွေကိုအသုံးပြုတာချင်းအတူတူ ဘာလို့ ကွာခြားသွာလည်းဆို ထိုနည်းပညာတွေကို ဘာရည်ရွယ်ချက်နဲ့ အသုံးပြုတယ်ဆိုတဲ့ ရည်ရွယ်ကလေးပဲ ကွာခြားသွားတာပါ ။
ယခုလက်ရှိကနေ ကုန်လွန်ခဲ့တဲ့ နှစ်တွေကို ပြန်ကြည့်မယ်ဆို ပြောင်းလဲမှုအကြီးကြီးတွေ ဖြစ်ပွားခဲ့တယ်ဆိုတာ အသေအချာပါ ။ သတင်းစာ ၊ ဂျာနယ်လောကကို လှုပ်ခတ်ခဲ့တဲ့ Facebook နှင့် Tiktok တို့လိုနည်းပညာတွေ ၊ ရိုက်ကူးရေးလောကကို အပြောင်းအလဲဖြစ်စေတဲ့ Drone တွေ ၊ မောင်းသူမဲ့ နည်းပညာတွေ ၊ လောင်စာအသုံး ပြုတဲ့ ယဉ်တွေနေရာမှာ အစားထိုးနိုင်မယ့် EV နည်းပညာတွေ ၊ နောက်ဆုံး ယခုလက်ရှိမှာ ခေတ်အစားဆုံးဖြစ်တဲ့ Digital Marketing အထိပါပဲ ။ နောင်အနာဂတ်မှာ နည်းပညာကို အသုံးပြုတတ်တဲ့ သူတွေရဲ့ စီးပွားရေးနဲ့ အလုပ်အကိုင်တွေဟာ လွယ်ကူမြန်ဆန် တိုးတက်ပြီးတော့ အသုံးမပြုတတ်သူတွေကတော့ နောက်ကျကျန်ခဲ့မှာ အသေအချာပါပဲ ။ အနာဂတ်မှာ တိုးတက်ပြောင်းလဲချင်တဲ့ လူငယ်တိုင်းရဲ့ လက်ထဲမှာ နည်းပညာကျွမ်းကျင်မှု ရှိဖို့လိုအပ်ပါသည် ။ ကိုယ်ကလက်ရှိမှာ အသုံးပြုဖို့မလိုရင်တောင် သုံးတတ်နေဖို့လိုပါလိမ့်မယ်။
တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာဆို လူငယ်တွေရဲ့လက်ထဲမှာလည်း နည်းပညာကျွမ်းကျင်မှု ရှိဖို့ လိုကိုလိုအပ်ပါတယ် ။ ဒါကြောင့် လူငယ်တွေအနေဖြင့် နည်းပညာတွေရဲ့ သဘောတရားနှင့် အသုံးပြုပုံတွေကို အမြဲ လေ့လာပြီး ကိုယ့်ရဲ့ Skills တွေကို အမြဲတမ်း Upgrade ပြုလုပ်ထားဖို့ ၊ အခုခေတ်စားနေတဲ့ နည်းပညာတွေကို အသုံးပြုပြီး တိုးတက်ရာတိုးတက်ကြောင်းကို ပြုလုပ်သင့်တယ်ဆိုတာကို တိုက်တွန်းပြောဆို လိုက်ရပါသည် ။
#ခက်ဆစ်
Keep Reading