KhatSit
လူမျိုးအသီးသီး ၊ ဘာသာစကားအသီးသီးတို့တွင် စာနှင့်စာပေများရှိသည် ။ စာနှင့်စာပေမရှိသော လူမျိုးဟူ၍ ကမ္ဘာပေါ်တွင် မရှိသလောက်ရှားပါးနေပြီဖြစ်သည် ။
စာဟူသည် စကား၏သင်္ကေတဖြစ်သော အက္ခရာများကို စုပေါင်းဖွဲ့စည်းပြီး စနစ်တကျရေးဖွဲ့ထားသော အမှတ်သားဖြစ်သည် ။ စာတွင် အခုကျွန်တော်တို့အသုံးပြုနေသည့် ဗျည်း ၊ သရ များသာမက ရှေးခေတ် တရုတ်နှင့် အီဂျစ်လူမျိုးတို့သုံးသော ရုပ်ပုံသင်္ကေတများ ၊ မျက်မမြင်တို့လက်ဖြင့်စမ်း၍ဖတ်ရသော အဖုကလေးများကိုပင်
စာဟုခေါ်ဆိုရပါမည်။ စာကို အနုပညာသက်ဝင်အောင် (ဝါ) သုခမအရာမြောက်အောင် ရေးဖွဲ့သည့်အခါ စာပေဟူ၍ဖြစ်လာပါသည် ။
တိုင်းပြည်တစ်ခု စည်ပင်ဝပြောထွန်းကားဖို့ရန်မှာ စာပေသည်လည်း အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ပါဝင်လျက်ရှိပေသည်။ စာပေဖြင့်လည်းနိုင်ငံ့ဂုဏ်ရည်ကိုမြင်မားစေပါသည်။ စာပေလောက တည်တံ့ခိုင်မြဲရေး အတွက် စာပေပညာရှင်များက ခေတ်အဆက်ဆက် လက်ဆင့် ကမ်း ထိန်းသိမ်းလာခဲ့သည်မှာ ပုဂံခေတ်မှစ၍ ယနေ့အချိန်ထိဖြစ်သည်။
“နှုတ်တစ်ရာ စာတစ်လုံး” ဆိုသည့်အတိုင်း ပြောဆိုလိုသည့် စကားလုံးပေါင်းများစွာကို စာတစ်ကြောင်း ၊ စာတစ်ပုဒ်ဖြင့် ဖန်တီးခဲ့ကြလေသည်။ “ သူတည်းတစ်ယောက် ၊ ကောင်းဘို့ရောက်မူ ၊ သူတစ်ယောက်မှာ ၊ ပျက်လင့်ကာသာ ၊ ဓမ္မတာတည်း” ဟုအစရှိသော မျက်ဖြေလင်္ကာကို ရေးစပ်ခဲ့သောကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သော အနန္တသူရိယအမတ်ကြီးရဲ့ ဖြစ်စဉ်ကိုကြည့်ပြီး စာပေချစ်သူတစ်ယောက်အနေဖြင့် အားရကျေနပ်မှုဖြစ်ပေါ်မိပါသည်။ ပုဂံခေတ်မှစပြီး စာပေပညာရှင်များကို ရှင်ဘုရင် အဆက်ဆက် ချီးမြှောက်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် စာပေပညာရှင်များကို လေးစားတန်ဖိုးထားကြောင်းကို တွေ့ရှိရပါသည်။
နောက်ပြီး တချို့ရှင်ဘုရင်များကိုယ်တိုင်က စာပေမှာ ထူးချွန်ပြီး စာပေကိုချစ်မြတ်နိုးသူများဖြစ်ကြောင်းကို မြင်စိုင်းရွှေပြည်ကာချင်းကို ဖွဲ့ဆိုခဲ့သည် ပင်းယမင်း ငါးစီးရှင်ကျော်စွာ ၊ ရတုအရာမှာ အတုမရှိလို့ကျော်ကြားသည့် တောင်ငူဘုရင် နတ်သျှင်နောင်တို့ကိုကြည့်လျှင်သိနိုင်ပါသည် ။ သူတို့ရေးဖွဲ့ခဲ့သည့် စာများကိုကြည့်ခြင်း အားဖြင့်လည်း စာပေအဆင့်အတန်းမြင့်မားကြောင်းကို တွေနိုင်ပါသည် ။
ခေတ်အလိုက်ဖြစ်ပေါ်နေသော အကြောင်းအရာများကို စာပေပညာရှင်များက နောင်လာနောင်သားများ သိရှိစေရန်အတွက် စာပေဖြင့် မှတ်တမ်းတင်ကြရသည် ။ ထိုကဲ့သို့ မှတ်တမ်းတင်ခဲ့သောကြောင့်သာ ရှေးခေတ်အဆက်ဆက်ဖြစ်ပျက်ခဲ့ပုံများကို ယနေ့အချိန်အထိ ကျွန်တော်တို့တွေ သိရှိနေခြင်းဖြစ်ပေသည်။ အနန္တသူရိယအမတ်ကြီး ၊ ရှင်မဟာရဋ္ဌသာရ ၊ နတ်သျှင်နောင် ၊ တောင်တွင်းရှင်ငြိမ်းမယ် ၊ ဆရာဇော်ဂျီ ၊ ငွေတာရီ အစရှိသည့် စာပေပညာရှင်များအကြောင်းကိုလည်း စာပေပညာရှင်များက မှတ်တမ်းတင်ထားသောကြောင့်သာလျှင် ကျွန်တော်တို့တွေ့ သိရှိခြင်းဖြစ်ပေသည်။
မြန်မာ့နိုင်ငံဆိုင်သော သမိုင်းကြောင်းဆိုင်ရာစာပေများ ၊ ခေတ်အဆက်ဆက်မြန်မာဘုရင်အကြောင်းများ ၊ ခေတ်အသီးသီးတွင်ပေါ်ထွန်းခဲ့သည့် စာပေပညာရှင်များ၏ အတ္ထုပ္ပတ္တိများ ၊ တိုင်းပြည်နှင့်လူမျိုး အကျိုးကို ကိုယ်ကျိုးစွန်းထမ်းဆောင်ခဲ့သော လူပုဂ္ဂိုလ်များအကြောင်းကို မှတ်တမ်းတင်ရေးဖွဲ့ထားလေးရှိကြပါသည် ။
ပုဂံခေတ်ကနေ ယနေ့ခေတ်အချိန်ထိ ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့ကြသည့် စာပေပညာရှင်များသည်ကား ခေတ်အဆက်ဆက်၌ စာပေလောက
ကြီးထွားရန်အတွက် အထောက်အကူပြုခဲ့ကြသည့် စာပေ၏ဖခင်ကြီးများ ၊ စာပေ၏ မိခင်ကြီးများပင် ဖြစ်ကြပေသည် ။ ထိုစာပေပညာရှင်များ ပြုစုရေးသားခဲ့သော စာပေများသည် ကျွန်တော်တို့နိုင်ငံနှင့် ပြည့်သူပြည်သားများအတွက် အကျိုးပြုသော စာကောင်းပေမွန်များပင်ဖြစ်သည် ။ ထိုစာပေ ပညာရှင်တို့၏ ကြိုးစားအားထုတ်မှုတွေကြောင့် ခေတ်အသီးအသီးမှာ ဖြစ်ပွားခဲ့တဲ့ သမိုင်းကြောင်းဆိုင်ရာများ ၊ ယဥ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည် ။ ထို့ကြောင့် စာပေ ပညာရှင်များသည် ကျေးဇူးရှိသူ ကျေးဇူးတင်ထိုက်သူများပင်ဖြစ်ပေသည် ။
ထိုစာပေပညာရှင်များကို လေးစားဂုဏ်ပြုသည့်အနေဖြင့် နတ်တော်လဆန်း (၁) ရက်နေ့ကို စာဆိုတော်နေ့အဖြင့် သတ်မှတ်ခဲ့ကြသည်။ တစ်နှစ်မှာ (၁၂ ) လ ရှိပြီး လစဉ်တိုင်းလိုလို နေ့ထူးနေ့မြတ်ကိုယ်စီရှိပေသည်။ ထိုနေ့များထဲမှာမှ စာဆိုတော်နေ့သည် ထူးမြတ်လှပေသည်။ ထို့နေရောက်ပြီဆိုတာနှင့် စာတော်နေ့နှင့် သက်ကြီးစာပေပညာရှင်ပူဇော်ကန်တော့်ပွဲအခမ်းအနားကို အမြို့မြို့အနယ်နယ်တွင်ပြုလုပ်ပြီး သက်ကြီးစာပေပညာရှင်များအား ကန်တော့ခြင်း ၊ စာပေရေးရာများ ဟောပြောခြင်း ၊ စာပေပြိုင်ပွဲများ ပြုလုပ်ချင်းများကို နှစ်စဉ်ကျင်းပ ဆောင်ရွက်ခဲ့ကြပါသည်။
စာပေသည် စိတ်အစဉ်ကို လွှမ်းမိုးနိုင်သောကြောင့် စိတ်၏ပဲ့ကိုင်ရှင်ဟုဆိုလျှင် မှားမည်မထင်ပါ။ ခေတ်အဆက်စာပေပညာရှင်များက တိုင်းပြည်အကျိုး ၊ လူထုအကျိုးကို ရွက်ဆောင်သကဲ့သို့ ယနေ့ခေတ်ကျွန်တော်တို့လို လူငယ်စာပေဝါသနာရှင်များသည်လည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်သည် ။ ရှေးခေတ်အဆက်ဆက်က စာပေပညာရှင်များက မြန်မာ့စာပေလောက မယိမ်းယိုင်အောင် ပခုံးထက်၌ဆောင်ရွက်ထားသည်ကို ကျွန်တော်တို့လို လူငယ်စာပေဝါသနာရှင်များကနေ ပညာရှင်အထိကြိုးစား အားထုတ်ပြီး ပုခုံးလွှဲယူပြီး ထမ်းဆောင်ရမည်ဖြစ်ပေသည်။
စာဆိုတော်များ၏ စာပေများ နှင့် စာပေဆိုင်ရာ ဟောပြောပွဲများသည် ကမ္ဘာတည်သ၍ တည်ရှိနေမည် ဖြစ်သကဲ့သို့ တည်ရှိအောင်လည်း ကျွန်တော်တို့လို စာပေဝါသနာရှင်များက ကြိုးစားအားထုတ်သင့်ပေသည် ။
#ခက်ဆစ်
Keep Reading